ကြက်မွေးက လျှပ်စစ်ဓာတ်အားထုတ်တော့မလား

13/11/2023 18:00 PM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

လျှပ်စစ်ဓာတ်အားရရှိနိုင်မယ့် အရင်းအမြစ်အသစ်တွေကို သိပ္ပံပညာရှင်တွေ ထပ်မံရှာဖွေတွေ့ရှိတဲ့ သတင်းတွေဖတ်ရတိုင်း လျှပ်စစ်ဓာတ်အား မလုံလောက်လို့ စိတ်ညစ်နေကြရတဲ့ မြန်မာနိုင်ငံက စာဖတ်သူတွေအတွက် အားဆေးတစ်ခွက်သောက်ရသလိုပါပဲ။ 

အသစ်ရှာတွေ့တဲ့ နည်းလမ်းတွေက ခေတ်ကာလနဲ့ ကိုက်ညီပြီး၊ ရေရှည်တည်တံ့မယ်၊ လူ့အဖွဲ့အစည်းထဲက လက်ရှိကြုံတွေ့နေရဆဲ အခက်အခဲတွေကိုပါ ဖြေရှင်းပြီးသားဖြစ်မယ်ဆိုရင် ဒါကို "သားရွှေအိုးထမ်းလာတာကို မြင်တဲ့ကိန်း" လို့ ဆိုရမှာပါ။ ဒီကနေ့မှာလည်း ကမ္ဘာ့လူသားထုအတွက် သားရွှေအိုးထမ်းလာတာကို မြင်ရသလို အကျိုးထူးနိုင်တဲ့ ရှာဖွေတွေ့ရှိမှု အသစ်တစ်ခုကို တင်ပြလိုပါတယ်။ 

ဆွစ်ဇာလန်နိုင်ငံ ETH Zurich တက္ကသိုလ်နဲ့ စင်ကာပူနိုင်ငံ NTU တက္ကသိုလ်တွေက သုတေသီတွေ‌ ပူးပေါင်းပြီး ဆောင်ရွက်တဲ့ သုတေသန တစ်ခုက "ကြက်‌မွေးကနေ သန့်စင်တဲ့ လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်မယ့် နည်းပညာ" တစ်ရပ်ကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ပါတယ်။ 

ကမ္ဘာပေါ်မှာ နှစ်စဉ်ကြက်မွှေးတန်ချိန် သန်း ၆၀၀၀ လောက် ထွက်ရှိနေပြီး အဲဒီထဲက သန်း ၄၀ လောက်ကို အသုံးမပြုနိုင်ဘဲ မီးရှို့ဖျက်စီးပြီး လေလွင့်ဆုံးရှုံးနေရတာပါ။ မီးရှို့ဖျက်စီးတဲ့အခါ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ အခြားသော အဆိပ်သင့်ဓာတ်ငွေ့တွေ အမြောက်အများ ထုတ်လွှတ်နေတာက ပိုကြီးတဲ့ ပြဿနာပါ။ 

အခု သုတေသီတွေရဲ့ ရှာဖွေတွေ့ရှိမှုကတော့ ကြက်မွေးမှာပါဝင်တဲ့ ကရယ်တင် (keratin) ကို ထုတ်ယူပြီး amyloid fibrils တွေအဖြစ် ပြောင်းလဲတာ ဖြစ်ပါတယ်။ အဲဒီ amyloid fibrils တွေကို Fuel cell တွေမှာ ထည့်သွင်း အသုံးပြုမှာ ဖြစ်ပါတယ်။ ကြက်မွေးမှာ keratin ပါဝင်မှုက ၉၁ ရာခိုင်နှုန်း ရှိတာပါ။ 

Fuel cell ဆိုတာကတော့ ဟိုက်ဒြိုဂျင်ရဲ့ ဓာတုစွမ်းအင်ကို အသုံးပြုပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးတဲ့ ပစ္စည်းတွေပါ။ အရိုးရှင်းဆုံး ပြောရရင် ဟိုက်ဒြိုဂျင် ကို လောင်စာအဖြစ် Fuel cell ထဲထည့်အသုံးပြုပြီး လျှပ်စစ်စွမ်းအင် ထုတ်ပေးတာ ဖြစ်ပါတယ်။ ဘေးထွက်ပစ္စည်းအနေနဲ့ ရေ၊ အောက်ဆီဂျင်နဲ့ အပူဓာတ်တွေ ရရှိပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထုတ်လွှတ်မှုမရှိပါဘူး။ 

ပြဿနာက ကမ္ဘာမြေပေါ်မှာ ဟိုက်ဒြိုဂျင်ချည်းပဲ သန့်သန့်ရနိုင်တဲ့ အရင်းအမြစ်က နည်းပါးပါတယ်။ ဟိုက်ဒြိုဂျင်ရအောင် လုပ်ဆောင်တဲ့ လုပ်ငန်းတွေကိုယ်တိုင်က စွမ်းအင်သုံးစွဲမှု မြင့်မားတဲ့ ပြဿနာပါ။ ဒါကြောင့်ရှိနေတဲ့ ဟိုက်ဒြိုဂျင်ကို ထိထိရောက်ရောက် အသုံးချနိုင်ရေးဟာ အရေးကြီးတဲ့ ကိစ္စတစ်ခုပါ။ ဒီအတွက် ပညာရှင်တွေဟာ Fuel cell တွေရဲ့ အဓိက အစိတ်အပိုင်းဖြစ်တဲ့ Polymer electrolyte membrane (PEM) နဲ့ ပတ်သက်ပြီး သုတေသနတွေ အများအပြား ဆောင်ရွက်နေတာပါ။ သုတေသီတွေက PEM တွေအစား amyloid fibrils နဲ့ အခြေခံထုတ်လုပ်ထားတဲ့ keratin membrane နဲ့ အစားထိုးနိုင်ဖို့ မျှော်လင့်နေတာပါ။

ကြက်မွေးကရရှိတဲ့ keratin membrane တွေဟာ ဟိုက်ဒရိုဂျင်ကနေ လျှပ်စစ်ဓာတ်အားထုတ်တဲ့ လုပ်ငန်းကို ညဘက်မှာ ပိုမိုထိရောက်စေတယ်လို့ အခုသုတေသနကို ဦးဆောင် ဆောင်ရွက်ခဲ့တဲ့ ပညာရှင်တွေက ဆိုပါတယ်။ 

အခြားတစ်ဖက်မှာလည်း လက်ရှိသုံးနေတဲ့ PEM တွေကို အဆိပ်သင့်စေနိုင်တဲ့ ပစ္စည်းတွေနဲ့ ထုတ်လုပ်ထားရတာပါ။ ဒါ့အပြင် PEM တွေကို အသုံးပြုပြီးတဲ့အခါ စွန့်ပစ်ဖို့ ခက်ပါတယ်။ အလွယ်တကူ ဆွေးမြည့်ပျက်စီးတာမျိုးမဖြစ်ဘဲ ပတ်ဝန်းကျင်ကို ညစ်နွမ်းစေလို့ပါ။ ကြက်မွေးကထုတ်တဲ့ keratin membrane တွေကတော့ ဇီဝပစ္စည်းကို အခြေခံတာမို့ အသုံးမလိုတော့လို့ စွန့်ပစ်ရင် အလွယ်တကူ ဆွေးမြည့်သွားပြီး အန္တရာယ်ကင်းပါတယ်။ 

ပိုပြီးစိတ်ဝင်စားစရာကောင်းတာကတော့ ကုန်ကျစရိတ်ပါ။ keratin membrane တွေဟာ ပုံမှန် membrane တွေရဲ့ ကုန်ကျစရိတ်အောက် ထက်ဝက်လောက် လျော့နည်း သက်သာပါသေးတယ်။ 

အခုတွေ့ရှိချက်ကနေ သုတေသနတွေ ဆက်လက်ဆင့်ပွားပြီး keratin membrane တွေကို အကျယ်အပြန့် အသုံးချလာနိုင်ဖို့ ပညာရှင်တွေက ယုံကြည်နေကြပါတယ်။ စီးပွားဖြစ်ထုတ်လုပ်နိုင်တဲ့ အဆင့်ရောက်လာရင် ကြက်မွေးကြောင့်ဖြစ်ရတဲ့ ပြဿနာတွေကို လျှော့ချနိုင်မှာ ဖြစ်သလို ပိုမိုသန့်ရှင်းပြီး ရေရှည်တည်တံ့တဲ့ လျှပ်စစ်စွမ်းအင်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ 

ဒီအကြောင်းကို သိပ္ပံပညာရှင် Raffaele Mezzenga ဦးဆောင်တဲ့ သုတေသီတွေက Renewable Energy from Livestock Waste Valorization: Amyloid- Based Feather Keratin Fuel Cells ခေါင်းစဉ်နဲ့ အမေရိကန်ဓာတုဗေဒအသင်း (American Chemistry Society) ရဲ့ Applied Materials & Interfaces မှာ စက်တင်ဘာ ၂၆ ရက်က စာတမ်းတင်ပြခဲ့တာ ဖြစ်ပါတယ်။ 

အခုသယ်ဆောင်လာတဲ့ သတင်းဟာ အမှောင်ထဲက ပြည်မြန်မာအတွက် မျှော်လင့်ချက် အလင်းရောင်မဖြစ်ခဲ့ရင်တောင် ကြုံနေရတဲ့ အခက်အခဲအပေါ် "လူကြံရင်ဘယ်ခံနိုင်မလဲ" လို့ အားတင်းနိုင်ဖို့ အထောက်အကူဖြစ်နိုင်လိမ့်မယ်လို့ ယူဆရင်း မျှဝေလိုက်ရပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်