စပါးခင်းများအတွင်း ငါးမွေးမြူခြင်း

08/06/2021 11:00 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

    “ စပါးကရွှေ ငါးကငွေ၊ လယ်ယာသားငါး ပြည့်စီးပွား" ဟူသော ဆောင်ပုဒ်အတိုင်း စပါးစိုက်ခင်းများအတွင်း ငါးသားပေါက်များ ထည့်သွင်းမွေးမြူကြခြင်းကို လွန်ခဲ့သောနှစ်ပေါင်း ၁၅၀၀ ခန့်က အိန္ဒိယနိုင်ငံမှ စတင်ခဲ့ကြောင်း သိရပါသည်။

    စပါးစိုက်ပျိုးသည့်လယ်ကွင်းများ ရေလျော့ချိန်တွင် လယ်ကန်သင်းပေါက်၌ မြှုံးများခံ၍ ငါးဖမ်းယူခြင်းသည် မိရိုးဖလာငါးဖမ်းနည်းတစ်ခု ဖြစ်ပါသည်။ ဤနည်းဖြင့် လယ် ၁ ဧကလျှင် ငါးရံ့၊ ငါးခူ၊ ငါးပြေမ၊ ပုစွန် အစရှိသည့် ဟင်းစားငါး၊ ပုစွန် (၅) ပိဿာခန့် ရတတ်ပါသည်။

    ဤနည်းကို အခြေခံ၍ စပါးစိုက်ခင်းများအတွင်း စနစ်တကျ ငါးသားပေါက်များ ထည့်သွင်းမွေးမြူလျှင် လယ်စိုက်သိမ်းချိန်မတိုင်မီအတွင်း ငါးပိဿာချိန် (၂၅-၅၀) ပိဿာအထိ ရရှိနိုင်မည်ဖြစ်ပါသည်။

    စပါးစိုက်ခင်းများအတွင်း ငါးမွေးမြူခြင်းသည် အစာပို၊ လူပိုမလိုပဲ လယ်ကွင်းတစ်နေရာတည်းမှာပင် ရိက္ခာစပါးနှင့် ဟင်းလျာငါးပါ တစ်ထိုင်တည်း၊ တစ်ပြိုင်တည်းရရှိနိုင်သည့်အတွက် ကျေးလက်ဒေသစီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူပြုရာလည်း ရောက်ပါသည်။

    မြန်မာနိုင်ငံနှင့် အလားတူဆန်စားသုံးသော နိုင်ငံများဖြစ်ကြသည့် တရုတ်ပြည့်သူသမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် အာဆီယံနိုင်ငံများဖြစ်ကြသော ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ လာအို၊ ဖိလစ်ပိုင်စသည့်နိုင်ငံများတွင် စပါးခင်းများအတွင်း ငါးထည့်သွင်းမွေးမြူခြင်းကို လယ်သမားများ တွင်တွင်ကျယ်ကျယ် ဆောင်ရွက်လျက်ရှိနေကြပြီး ဖြစ်ပါသည်။

စပါးစိုက်ခင်းအတွင်း ငါးထည့်သွင်းမွေးမြူနည်း

၁။ မြေပြန့်လယ်ကွင်းများကို ရွေးချယ်ပါ။

၂။ လယ်ကွင်းအတွင်း ရေအနက် (၁.၅) ပေထားနိုင်ရန် ကန်သင်းဘောင်ကို မြှင့်ပေးပါ။

၃။ ငါးခိုအောင်းရန် အနက် (၁) ပေ၊ အကျယ် (၁.၅) ပေရှိ ကန်သင်းပတ်လည် မြောင်းတူးပါ။ ထွက်လာသည့်မြေဖြင့် ဘောင်ဖို့ပါ။ 

၄။ ကန်သင်းတွင် ရေသွင်း၊ ရေထုတ်နိုင်ရန် မြောင်း (သို့မဟုတ်) ပိုက် တပ်ဆင်ထားပါ။ 

၅။ စပါးစိုက်ခင်း (၁) ဧကလျှင် (၂-၃) လက်မအရွယ် (ရွေဝါငါးကြင်း၊ တီလားပီးယား၊ ငါးခုံးမကြီး၊ ငါးခူ) သားပေါက်ကောင်ရေ (၁၀၀၀-၁၂၀၀) နှုန်း ထည့်သွင်းမွေးမြူနိုင်သည်။ 

၆။ မွေးမြူရေးသက်တမ်း ရက် (၆၀-၉၀) အတွင်း သဘာဝအစာဖြင့် ငါးများ (၆) ကျပ်သားခန့် ကြီးထွားလာမည်။ 

၇။ အထက်ပါအတိုင်းဆောင်ရွက်ပါက စပါးစိုက်ခင်း(၁)ဧကလျှင် မွေးမြူရေးငါး အချိန် (၂၅-၅၀) ပိဿာအထိ ထွက်ရှိနိင်ပါသည်။

၈။ သို့ပါ၍ မိုးရာသီစပါးစိုက်ချိန်တွင် စပါးခင်းအတွင်း ငါးများထည့်သွင်းမွေးမြူနိုင်ပါသည်။ သို့မှသာ "စပါးလည်းသီး ငါးလည်းကြီး" ဆိုသလို ဖြစ်ပေမည်။

အကျိုးကျေးဇူးများ

၁။ စိုက်ပျိုးရေးကိုအခြေခံ၍ ဝင်ငွေတိုးတက်စေသော လုပ်ငန်းဖြစ်သည်။ 

၂။ စပါးဖျက်ပိုးများကို ငါးများစားသုံးခြင်းကြောင့် ပိုးသတ်ဆေးသုံးစွဲရမှု လျော့နည်းလာစေသည်။ 

၃။ စပါးခင်းအတွင်း ရေညှိ၊ ရေမှော်များကို ငါးများ စားသုံးခြင်းကြောင့် ဩဇာဓါတ်ပိုမိုရရှိသဖြင့် စပါးပင်ရှင်သန်မှုနှုန်း ပိုကောင်းသည်။ 

၄။ အစာကျွေးရန်မလို၍ ငါးအစာဖိုး ကုန်ကျမှုမရှိပါ။

၅။ ငါးများစွန့်ထုတ်သည့်အညစ်အကြေးမှ ဩဇာဓာတ်များရရှိပြီး စပါးအထွက်နှုန်းတိုးရန် အထောက်အကူပြုပါသည်။

၆။  လယ် (၁) ဧကလျှင် ငါးအချိန် (၂၅-၅၀) ပိဿာ ထွက်ရှိနိုင်သည်။ 

၇။ စပါးခင်းမှ စပါးသာမက ငါးပါ အတူတကွ တစ်ချိန်တည်း၊ တစ်နေရာတည်းထုတ်လုပ်လာနိုင်၍ လယ်သမားများ အသားဓါတ်ပိုမို စားသုံးနိုင်ကြမည်၊

၈။ ကျေးလက်ဒေသ လူမှုစီးပွားရေဖွံ့ဖြိုးမှုကို မလွဲမသွေ အထောက်အကူဖြစ်စေသည်။ 

ကူညီပံ့ပိုးမှုများ

၁။ စပါးစိုက်ခင်းများအတွင်း ထည့်သွင်းမွေးမြူမည့် (ရွေဝါငါးကြင်း၊ တီလားပီးယား၊ ငါးခုံးမကြီးနှင့် ငါးခူ) သားပေါက်များကို ပြည်နယ်/ တိုင်းဒေသအသီးသီးရှိ ငါးလုပ်ငန်းစခန်းများမှ ဖြန့်ဖြူးပေးပါသည်။ 

၂။ စပါးစိုက်ခင်းများအတွင်း ငါးထည့်သွင်းမွေးမြူထားသည့် ပညာပေးသရုပ်ပြစပါးစိုက်ခင်း (Rice-Fish Culture Demostration Farm) ကို လေ့လာနိုင်ရန် အောက်ပါစခန်းများ၌ ဆောင်ရွက်ထားပါသည်။ 

ရန်ကုန်တိုင်း - လေးဒေါင့်ကန်ငါးလုပ်ငန်းစခန်း

ပဲခူးတိုင်း - အုတ်ဖိုငါးလုပ်ငန်းစခန်း

ဧရာဝတီတိုင်း- တလုပ်လှ/ပသွယ်ငါးလုပ်ငန်းစခန်း

မွန်ပြည်နယ် - သထုံငါးလုပ်ငန်းစခန်း

မန္တလေးတိုင်း - ရေဆင်း/ကူမဲငါးလုပ်ငန်းစခန်း

စစ်ကိုင်းတိုင်း - ရေဦးငါးလုပ်ငန်းစခန်း တို့ဖြစ်ကြသည်။ 

၃။ စပါးခင်းများအတွင်း ငါးမွေးမြူခြင်းနှင့်ပတ်သက်သည့် နည်းပညာရပ်များ၊ ကျွမ်းကျင်မှုဆိုင်ရာ ပံ့ပိုးမှုများကို ငါးလုပ်ငန်းဦးစီးဌာန (ရုံးချုပ်) မွေးမြူရေးဌာနခွဲနှင့် ပြည်နယ်/တိုင်း ငါးလုပ်ငန်းဦးစီးဌာနများမှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ 

၄။ လုပ်ငန်းဆောင်ရွက်မည့် မြေနှင့် ရေတို့၏ ရူပ၊ ဓာတုဆိုင်ရာအခြေအနေများကို စမ်းသပ်စစ်ဆေးပေးမည်ဖြစ်ပါသည်။ 

Ref;ငါးလုပ်ငန်းဦးစီးဌာန

ပင်လယ်ပြာ(ငါးဦးစီး)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်