မကွေးတိုင်းဒေသကြီးအတွင်း တစ်နိုင်တစ်ပိုင် ပုဂ္ဂလိကပျားမွေးမြူရေးလုပ်ငန်းများကို စီးပွားဖြစ်လုပ် ကိုင်လာကြပြီး အကျိုးဖြစ်ထွန်းမှုလည်းရှိသောကြောင့် ယခုနှစ်တွင် ယခင်နှစ်ထက် ပျားမွေးမြူရေး လုပ်ကိုင်သူ ပိုမိုများပြားလာကြောင်း မကွေးတိုင်းဒေသကြီး ပျားမွေးမြူရေးလုပ်ငန်းမှ သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း စလင်း၊ ပွင့်ဖြူ၊ အောင်လံမြို့များတွင် ပျားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသူ အများအပြားရှိနေပြီး ပျားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသူများအနေဖြင့် လုပ်ငန်းလုပ်ပိုင်ခွင့် လိုင်စင်ကို တစ်နှစ်တစ်ကြိမ် လျှောက်ထားရကြောင်း သိရသည်။ စိုက်ပျိုးသီးနှံများကို အရည်အသွေး ကောင်းမွန်အောင် စွမ်းဆောင်နိုင်ပြီး ပျားထွက်ပစ္စည်းများဖြစ်သည့် ပျားရည်၊ ပျားဖယောင်း၊ ပျားဝတ် မှုန်၊ ပျားအဆိပ်၊ ပျားကော်တို့ကို ဆေးဝါးနှင့် လူသုံးကုန်ပစ္စည်းများအဖြစ် အသုံးပြုလာသောကြောင့် ဈေးကွက်တွင်ကျယ်ကာပျားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ များပြားလာခြင်းဖြစ်ကြောင်း ပျားလုပ်ငန်း ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကြူကြူဝင်းထံမှ သိရသည်။
စီးပွားဖြစ် ပျားမွေးမြူရာတွင် အခြေစိုက်ပျားမွေးမြူခြင်းနှင့် ရွှေ့ပြောင်းပျားမွေးမြူခြင်းဟု နှစ်မျိုးရှိရာ အခြေစိုက်ပျားမွေးမြူခြင်းမှာ ရာသီအလိုက် ပျားစာပင်စိုက်ခင်းကိုပါ တွဲ၍လုပ်ဆောင်ရသဖြင့် ပျားမွေး မြူသူများအနေဖြင့် ပျားစာပင်စိုက်ပျိုးရန်မလိုသည့် ရွှေ့ပြောင်းပျားမွေးမြူခြင်းနည်းကိုသာ အသုံးပြုကြကြောင်း။ စလင်း၊ ပွင့်ဖြူနယ်ဘက်မှ ရေသွင်းနှမ်းစိုက်ပျိူးသည့် နှမ်းခင်းများနှင့် နေပြည်တော် အမြန်လမ်းတစ်လျောက်ရှိ စိုက်ခင်းများ၊ ဆီးခြံများ၊ မကွေးမြို့နယ် ကံပြားရွာမှ ပန်းနှမ်းပေါ်ချိန်များတွင် အဓိကထား ရွှေ့ပြောင်းမွေးမြူကြပြီး ပန်းခင်း စိုက်ခင်းများမရှိတော့ပါက ပိဿနိုးမြို့ဟောင်းရှိ သျှားပင်၊ ကန္တာရပင်များကိုအားထား၍ ရွှေ့ပြောင်းမွေးမြူကြကြောင်း ပျားမွေးမြူရေးလုပ်ကိုင်သူတစ်ဦးထံမှ သိရ သည်။
စီးပွားဖြစ်ပျားမွေးမြူရန်အတွက် ဖယောင်းနှင့်ပြုလုပ်ထားသည့် အောက်ခံ (Foundation) ပါဝင်သည့် မျိုးပျားအုံ နှင့် သေတ္တာတစ်လုံးသည် ကျပ် ၂၅၀၀၀ ဈေးရှိပြီး ၎င်းသေတ္တာထဲတွင် တစ်ချပ်လျှင် ကျပ် ၉၀၀၀ ပေးရသည့် ပျားသ လက်ပေါင် ငါးပေါင်နှင့် စတင်လုပ်ကိုင်ရကြောင်း၊ ပျားသလက်ပေါင် တစ်ပေါင်လျှင် ပျားဘုရင်မတစ်ကောင်နှင့် အသက်ငယ်သော လုပ်သားပျား ၂၀၀၀ ခန့်ဖြင့် စတင်မွေး မြူရကြောင်း သိရသည်။ ပျားဘုရင်မက မျိုးဆက်ပွား၍ ဥအုရန်နှင့် ဦးဆောင်တာဝန်များကို ထမ်းဆောင်ပြီး ပျားထီးများမှာ မျိုးပွားတာဝန်ထမ်းဆောင်ကာ သေဆုံးသွားကြောင်းနှင့် လုပ်သားပျားများမှာ ဝတ်ရည်စုဆောင်းခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ဝတ်မှုန်ကူးခြင်းတာဝန်များကို ထမ်းဆောင်ကြောင်း သိရသည်။
ပျားရည်ထွက်နှုန်းမှာ တစ်သမတ်တည်းမရှိပဲ ပျားဘုရင်မ၏ ဥနှုန်း၊ ပျားစာရရှိမှုနှင့် ရာသီဥတုအခြေ အနေတို့အပေါ် မူတည်ကြောင်း ပျားသလက်အုံ ၁၀၀ မွေးမြူထားပါက ၁၀ ရက် လျှင်တစ်ကြိမ် ပျားရည် တစ်ပီပါ (ပိဿာ ၁၀၀ )ခန့် ထွက်ရှိကြောင်းနှင့် ပျားရည် တစ်ပိဿာလျှင် ကျပ် ၂၅၀၀ ရောင်းချရကြောင်း သိရသည်။
“ကျွန်တော် အရင်က တောင်သူလည်းလုပ်ဘူးတယ်၊ မွေးမြူရေးလည်းလုပ်ဘူးပါတယ်။ စိုက်ပျိုးမွေး မြူရေးက ရာသီဥတုအပေါ်မူတည်တော့ သိပ်အဆင်မပြေဘူး။ စိတ်လည်းပင်ပန်းတယ်။ ပျားမွေးမြူရေးလုပ်ငန်းကို အချပ်ရေ ၂၅၀ နဲ့ စမွေးခဲ့တာ အခု အချပ် ၁၀၀၀ အထိ မွေးမြူနိုင်ပြီး စီးပွားရေးလည်း တော်တော်အဆင်ပြေလာပါတယ်” ဟု ရေနံချောင်းမြို့နယ် ဝက်မစွတ်ကျေးရွာမှ ပျားမွေးမြူရေးလုပ်ကိုင်သူ ဦးဇော်မင်းကပြောသည်။
မကွေးတိုင်းဒေသကြီးအတွင်း ပျားမွေးမြူရေးလုပ်ငန်းအနေဖြင့် တိုင်းဒေသကြီးအတွင်းမှ ပျားမွေးမြူသူများအား နည်းပညာအကူအညီပေးခြင်း၊ သင်တန်းပို့ချပေးခြင်း၊ ပညာပေးခြင်းများ ပြုလုပ်ပေးလျက်ရှိပြီး ယခင်က ပျားဘုရင် မကို နိုင်ငံခြားမှ ဝယ်ယူရသော်လည်း ယခုအခါ မြန်မာနိုင်ငံတွင် (AI) နည်းပညာဖြင့် မေထုန်မဲ့သားစပ်၍ စတင်မွေးမြူနိုင်ပြီဖြစ်ကြောင်းလည်းသိရသည်။
မြန်မာ့အလင်း နိုဝင်ဘာ ၂၃၊ ၂၀၁၈