အမှန်တော့ ရွှေဆိုတာအဝါရောင်ဆိုတာ လူတိုင်းသိပြီးသားပါ။ ကမ္ဘာ့သတ်မှတ်ချက်အရ အဖိုးတန်ပစ္စည်း အနေနဲ့ လူအများနှစ်ခြိုက်သုံးစွဲနေကြတယ်ဆိုတာ လည်းငြင်းလို့မရပြန်ဘူး။ ဟုတ်တယ်လေ။ ဆင်းရဲချမ်းသာ ရွှေရှိရင်ငွေဖြစ်တယ် မဟုတ်ပါလား။ ဒီတော့ ရွှေကိုမှတ်ကျောက်တင်ပြီး တိုင်းပြည်နဲ့လူမျိုးကို ရွှေနိုင်ငံ ၊ရွှေမြန်မာရယ်လို့ ကမ္ဘာ့အလယ်မှာသိနေကြတာပေါ့။ မြန်မာအတော်များများ မသိသေးတဲ့ကမ္ဘာ့စျေးကွက်မှာ အစိမ်းရောင်ရွှေလို့စျေးကွက်ဝင်နေတဲ့ ဝါးအကြောင်းပဲ။ ကမ္ဘာကတန်ဖိုးထားနေလို့ ရေနံကို ရွှေမဲလို့တင်စားသလို ဝါးကိုလည်း ရွှေစိမ်းလို့သတ်မှတ်နေကြပြီ။ ဒီတော့ရွှေမြန်မာတိုအတွက် အစိမ်းရောင်ရွှေဖြစ်နေတဲ့ ဝါးကိုမိတ်ဆက်ပေးချင်ပါတယ်။
မြန်မာနိုင်ငံရဲ့ သယံဇာတကြွယ်ဝမှုကြောင့် ကမ္ဘာ့စီးပွားရေးစျေးကွက် လိုအပ်ချက်အရ ပြင်ပနိုင်ငံတကာက စိတ်ဝင်စားခြင်းကိုခံနေရတယ်။ ဟိုးတုန်းက ကမ္ဘာမှာနံပါတ်တစ်လူသိများတဲ့ နာမည်တစ်လုံးနဲ့သစ်ကလည်း ကျွန်းရွှေဝါပဲလေ။ အခုရာစုအတွက် အစိမ်းရောင်ရွှေလို့ တင်စားခံထားရတာ ဝါးပင်ပါဆိုရင် အံ့သြများသွားကြမလားပဲနော်။ ကျွန်းရွှေဝါခေတ်က ဝါးကိုဆင်းရဲသားများအတွက်သစ် (Poor man’s timber) လို့သတ်မှတ်ခဲ့ကြတာပါ။ ကမ္ဘာမှာ ကျွန်းရှားလာသလို အထူးပြုခံခဲ့ရတဲ့ မြန်မာကျွန်းရွှေဝါတွေလည်း ကုန်သလောက်ရှိနေပါပြီ။ ဒီတော့ စျေးကွက်လိုအပ်ချက်အတွက် အစားထိုးဖို့ နည်းပညာနဲ့ အဆင်မြင့်ပေါင်းစပ် ရှာဖွေကြတော့ဝါးကိုသွားတွေ့ကြတယ်။ ဒီတော့ တစ်ပင်လုံးအသုံးဝင်နေတဲ့ ဝါးဟာရွှေဖြစ်လာတာ အဆန်းမဟုတ်ပေမဲ့ ကျေးလက်ပြည်သူတွေအဖို့တော့ ဆန်းနေပါလိမ့်မယ်။ ကျေးလက်နေသူကတော့ ဝါးကို အိမ်ဆောက်၊ တိုင်ထောင်၊ ဖေါင်ဖွဲ့၊ ငြမ်းဆင်၊ စကောဆန်ခါကလွဲလို့ ဝါးတန်ဖိုးကို မသိကြရိုးအမှန်ပါ။ ပြည်တွင်းစက်မှုလက်မှု လုပ်ငန်းရှင်အချို့ကတော့ ယွန်းထည်ပစ္စည်း၊ ဝါးပါကေးကြမ်းခင်း အသုံးအဆောင်ပစ္စည်းမျိုးစုံကို ထုတ်လုပ်နေကြတာတွေ့ရပါတယ်။ ဒါပေမဲ့ အဓိကကုန်ကြမ်းဖြစ်တဲ့ ဝါးကို စနစ်တကျပြုစုပျိုးထောင် စိုက်ပျိုးကြဖို့ မေ့နေကြဟန်တူရဲ့။ ကမ္ဘာ့စျေးကွက်ကို သိထားကြတဲ့ အိမ်နီးချင်းနိုင်ငံတွေက ဝါးစျေးကွက်ကိုသိထားကြတော့ မြန်မာနိုင်ငံမှာ ဝါးစေ့တွေလာဝယ်စုဆောင်းနေကြပါပြီ။
မြန်မာနိုင်ငံအနေနဲ့ ဝါးထက်အဖိုးတန်တဲ့ သယံဇာတတွေရှိနေတော့ ဆင်းရဲသားရဲ့သစ်ကို စိတ်မဝင်စားတာ မထူးဆန်းပါဘူး။ ဒါပေမဲ့ ဆင်းရဲနွမ်းပါးမှုလျော့ချပေးချင်တယ်ဆိုရင်တော့ စိတ်ဝင်စားမှဖြစ်တော့မယ်။ ဒါကြောင့် စာရေးသူ ဝါးချစ်သူအသင်းဖွဲ့ပေးဖြစ်ခဲ့တာပါ။ ပညာရှင်တွေရဲ့ဝိုင်းဝန်းကူညီမှုတွေနဲ့ ဝါးတောတွေကို နည်းပညာအရ ထိန်းသိမ်းခြင်း၊ သုတေသနပြုလုပ်ခြင်း၊ စနစ်တကျစိုက်ပျိုးထုတ်လုပ်ခြင်းတွေကို သင်တန်းပို့ချမှုတွေ၊ ဆွေးနွေးဖလှယ်မှုတွေနဲ့ ခရီးဆက်ဖို့ ရည်ရွယ်ထားပါတယ်။
မြန်မာမြေပုံရဲ့ ပဲခူးရိုးမ၊ ရခိုင်ရိုးမ၊ တနင်္သာရီတိုင်း ဆိုတဲ့နေရာဒေသတွေဟာ တစ်ချိန်က ဝါးတောကြီးတွေစိုးမိုးခဲ့ကြတာပါ။ ဒါကြောင့်လည်း ကမ္ဘာ့တတိယမြောက် ဝါးတောဧရိယာ ပိုင်ဆိုင်မှုအများဆုံးနိုင်ငံ ဖြစ်ခဲ့ဖူးတယ်။ အခုတော့ ဒေသခံတွေပြောပြချက်အရ ဝါးလှည်းတစ်စီးရဖို့ တောင်ပေါ်မှာ ၃ ညအိပ်ရင်းခုတ်နေရပြီတဲ့။ ဝါးပေါခဲ့တဲ့ပေါက်ခေါင်း၊ သာယာဝတီက လူတွေတောင် ဝါးလိုချင်ရင် တခြားကဝယ်သုံးနေရတယ်လို့ သိရပါတယ်။ ဟုတ်မှာပါ။ မြန်မာလူမျိုးရဲ့ အသိမှာ ခုတ်ဖို့ပဲသိခဲ့တာလေ။ ဝါးစိုက်ဖို့ဆိုတာ မြန်မာနိုင်ငံအတွက် ရယ်စရာပေါ့။ ဘယ်နေရာမှာကြည့်ကြည့် ဝါးတောတွေမြင်နေကြရတော့ ဝါးကိုစိုက်စရာလားဆိုတဲ့ မေးခွန်းတွေအတွက် စိတ်မကောင်းဖြစ်မိခဲ့တာအမှန်ပါ။ ကမ္ဘာ့စျေးကွက်ဆိုတဲ့ ဗဟုသုတနဲ့ အလှမ်းဝေးလေတော့ ဝါးဟာ ရွှေစိမ်းဖြစ်နေပြီဆိုတာရော ယုံနိုင်ကြပါ့မလား။ သိတဲ့လူတွေကတော့ စျေးကွက်အတွက်ဖေါ်စားကုန်ကြပါပြီ။ ဝါးတန်ဖိုးမသိတော့ ဝါးပေါတဲ့နိုင်ငံမှာနေပေမဲ့လည်း ဝါးတောတွေကို အစိမ်းသက်သက်သုံးရုံကလွဲလို့ ကျော်သွားမိနေငြကတယ်။ ဝါးတော စနစ်တကျစိုက်တတ်ဖိုလိုတယ်။ ဝါးတောတွေပေါနေပေမဲ့အရည်အသွေးမီတဲ့ဝါးတွေဖြစ်မှ အဆင့်မြင့်ပစ္စည်းတွေ ထုတ်လုပ်နိုင်မှာပါ။ ဝါးဟာ ကရိကထများတဲ့ ယုယရတဲ့အပင်မျိုးမဟုတ်ပါဘူး။ အကြမ်းခံနိုင်တဲ့သတ္တိရှိတယ်။ မိုးဒဏ်လေဒဏ်ကို ပျော့ပြောင်းညွှတ်ကွေးနိုင်တဲ့အစွမ်းသတ္တိကြောင့် ခိုင်ခန့်တဲ့ ပင်စည်ကြီးများထက်ပိုခံနိုင်ရည်ရှိပါတယ်။ ၁၉၄၅ ခုနှစ် ဂျပန်ဟီရိုရှီးမားအဏုမြူဗုံးဒဏ်နောက်ပိုင်း ပထမဆုံးပြန်လည်ရှင်သန်ပေါ်ပေါက်ရောက်နိုင်တဲ့အပင်ဟာ ဝါးပင်ပဲဖြစ်ပါတယ်။ တကယ်တော့ ဝါးဟာမြန်မာလူမျိုးအတွက် ရင်းနှီးပြီးသားပါ။ စနစ်တကျ စိုက်ပျိုးထိန်းသိမ်းတတ်မယ်၊ အဆင့်မြင့်နည်းပညာပေါင်းစပ်မှုတွေရမယ်ဆို ကမ္ဘာ့စျေးကွက် မရောက်နိုင်စရာမရှိပါဘူး။ ကိုယ့်ရဲ့ ဝါးကုန်ကြမ်းကို တန်ဖိုးထားတတ်ကြဖို့တော့ လိုပါတယ်။
တစ်ခြားနိုင်ငံကနည်းပညာတွေနဲ့ငွေရှိသူတွေ ဘယ်လောက်များများ အဓိကဝါးကုန်ကြမ်းမရရင် ဘယ်ပစ္စည်းမျိုးကိုမှ ထုတ်လုပ်ရောင်းချနိုင်ကြမှာမဟုတ်ပါဘူး။ ကမ္ဘာမှာ ဝါးကုန်ကြမ်းတွေရှားလာပြီးစျေးကြီးလျက်ရှိတာကိုလည်း အသိပေးပါရစေ။ ဒါကြောင့်အခြေခံအရေးကြီးဆုံးဖြစ်တဲ့ အဓိကဝါးကုန်ကြမ်းကို ခိုင်မာတဲ့စျေကွက်တည်ဆောက်ဖို့လိုပါတယ်။ ရွှေစိမ်းဖြစ်နေတဲ့ဝါးကို မြန်မာတစ်နိုင်ငံလုံး တူညီတဲ့ ဝါးစျေးကွက်နဲ့ ထိန်းချူပ်ထားနိုင်မှသာ ရေရှည်စီးပွားရေးလုပ်ငန်းအဖြစ်ဆောင်ရွက်သွားနိုင်ပါလိမ့်မယ်။ မဟုတ်ရင်တော့ ဝါးခြံပိုင်ရှင်တွေ၊ ဝါးစိုက်ပျိုးရောင်းသူတွေ တန်ဖိုးရှိတဲ့ ရွှေစိမ်းဖြစ်တဲ့ ဝါးကို ပိုင်ဆိုင်ထားကြပေမဲ့ အလုပ်သမားဘဝတွေက လွတ်မြောက်နိုင်မယ်မထင်ပါဘူး။ သူများပေးငွေနဲ့ စိုက်ခိုင်း၊ သူများဖြတ်တဲ့စျေးနဲ့ရောင်းတဲ့ စနစ်တွေ ကုန်ဆုံးစေချင်ပါပြီ။
စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့ မြန်မာပြည်ဟာ ကိုယ့်မြေ၊ကိုယ့်ရေ၊ ကိုယ့်ဘဝတွေကို အရင်းတည်ပြီး တခြားနိုင်ငံတွေ ကြီးပွားချမ်းသာဖို့ စိုက်ပျိုးပေးနေရတယ်ဆိုတာ မဖြစ်သင့်ပါဘူး။ ကျွန်းနဲ့ အဖိုးတန်သစ်တောကြီးတွေကုန်သွားပါပြီ။ ဒီသစ်တောကြီးတွေပြန်ဖြစ်လာအောင် ပြန်စိုက်ရင်တောင် နှစ်ပေါင်း ၂၀ လောက် အချိန်ယူရပါလိမ့်မယ်။ ဝါးက ၂ နှစ်ကနေ မျိူးရင်းကိုလိုက်ဖို့ ၈ နှစ်အကြာဆုံးပါ။ အများအားဖြင့် ၂ နှစ်ကနေ ၅ နှစ်ဆို အလုပ်ဖြစ်နေပါပြီ။ အကြမ်းခံနိုင်တဲ့သတ္တိ၊ သဘာဝပတ်ဝန်းကျင်အတွက် မြေပြိုမှုကို ထိန်းနိုင်ခြင်း လေမိုးဒဏ်ကို ကာကွယ်ပေးနိုင်ခြင်း၊ O2 ပိုမိုထုတ်နိုင်ခြင်း၊ အေးမြတဲ့အရသာနဲ့ အတူချိုလွင်တဲ့လေတိုးသံကို ပေးဆောင်နိုင်ခြင်းတွေဟာလည်း ဝါးရဲ့ သဘာဝတန်ဖိုးတွေပဲမဟုတ်ပါလား။ ဆင်းရဲသားတွေ ဘဝငြိမ်းချမ်းအောင်လုပ်ပေးနိုင်တာ ဝါးပင်ဝါးတောဆိုတာ မမေ့သင့်ပါဘူး။
ကမ္ဘာရဲ့ ထောင်စုရည်မှန်းချက်တွေမှာလည်း ဆင်းရဲနွမ်းပါးမှုနဲ့ ငတ်မှုခေါင်းပါးလျော့ချရေးဟာ ပန်းတိုင်တစ်ခုအနေနဲ့ရှိပါတယ်။ ဒါပေမဲ့ ရည်ရွယ်ချက်သက်တမ်းဟာ ၂၀၁၅ ခုနှစ်ဆိုပြည်ပါတော့မယ်။ ကမ္ဘာမှာရော မြန်မာနိုင်ငံမှာပါ ဒီပန်းတိုင်ကိုဖြည့်ဆည်းပေးနိုင်ကြပါတော့။ ဝါးချစ်သူများအသင်းကတော့ မြန်မာကျေးလက် ပြည်သူတွေအတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ် ကွက်လပ်ဖြည့်နိုင်ဖို့ သန္နိဌာန်ချထားပါတယ်။ မြန်မာတစ်နိုင်ငံလုံး ဝါးတောတွေကို ရွှေအဖြစ် တန်ဖိုးထားတတ်ကြပါစေလို့ ဆန္ဒပြုရင်း……
---------------------------------------------------------------------------------------------
ဒေဝီသန့်စင်