သစ်စိမ်းမြေဩဇာအပင်များ

19/06/2023 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (77) Green Manure Crops

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၇၇) သစ်စိမ်းမြေဩဇာအပင်များ  

ဒီတစ်ခါ အစိမ်းရောင်လမ်း စာဖတ်ပရိတ်သတ်တောင်သူဦးကြီးများအတွက် အကျိုးရှိနိုင်မည့် ဆောင်းပါးလေးကို ဆွေးနွေးလိုပါသည်။ ကျွန်တော်သည် ဆောင်းပါးရေးရန် အပတ်စဉ်နီးပါး ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် စာကြည့်တိုက်သို့ရောက်ရှိပြီး ကုန်ကြမ်းရှာဖြစ်ပါသည်။ စာကြည့်တိုက်မှူး ဒေါ်လှလှရီကို စာဖတ်ပရိတ်သတ် ရှိ/မရှိမေးကြည့်ရာ “ဆရာ၊ ဆရာမအသစ်များနှင့် ကျောင်းသား၊ ကျောင်းသူအငယ်များသာ အများစုလာရောက်ကြပြီး ကျန်သူများမှာ အင်တာနက်ကိုသာ အသုံးပြုသည်” ဟုပြန်ပြောပါသည်။ နိုင်ငံတကာရှိ စာကြည့်တိုက်များတွင် စာဖတ်ပရိတ်သတ်များစွာ ပြည့်ကြပ်နေပါသည်။ နေရာတိုင်း၊ တက္ကသိုလ်၊ သိပ္ပံ၊ ကျောင်းစာကြည့်တိုက်များ ပိုမိုအသုံးချနိုင်အောင် အဖြေရှာရပါဦးမည်။ 

သစ်စိမ်းမြေဩဇာဆိုသည်မှာ အပင်များ အထူးသဖြင့် ပဲမျိုးနွယ်ပင်များကိုစိုက်ပျိုးပြီး မြေဆီလွှာအတွင်းထယ်ထိုး၊ မြေမြုပ်ကာ ဆွေးမြည့်စေခြင်းဖြင့် မြေဆီလွှာအာဟာရဓာတ် တိုးတက်စေနိုင်သော ဩဂဲနစ်စိုက်ပျိုးနည်းစနစ်တစ်ခု ဖြစ်ပါသည်။ 

(Green Manuring means the practice of enriching the soil fertility by ploughing under or soil incorporation of any green manure crops while they are green or soon after they start flowering.)

ပုံ - ၁ သစ်စိမ်းမြေဩဇာအပင်များ (ပိုက်ဆံလျှော်၊ ညံပင် ၂ မျိုး၊ ပဲလွမ်း၊ ပဲပုစွန်)

တစ်ချို့အပင်များကအရွက်ကို သစ်စိမ်းမြေဩဇာအဖြစ် ဆောင်ရွက်ကြပါသည်။ နမူနာအပင်တစ်ချို့နှင့် ရရှိသော အာဟာရဓာတ်များမှာ 

ဇယား ၁ - အရွက်ကိုအသုံးပြုသော သစ်စိမ်းမြေဩဇာအပင်များ (အပင်အခြောက်အလေးချိန်ပေါ် အာဟာရပါဝင်မှု %)

တစ်ချို့အပင်များ၏ အပင်၊ အရွက်၊ ပန်းပွင့်အားလုံးကို သစ်စိမ်းမြေဩဇာအဖြစ် ဆောင်ရွက်ကြပါသည်။ နမူနာအပင်တစ်ချို့နှင့် ရရှိသောအာဟာရဓာတ်များမှာ 

ဇယား ၂ - အပင်အားလုံး အသုံးပြုသော သစ်စိမ်းမြေဩဇာအပင်များ (အပင်အခြောက် အလေးချိန်အပေါ် အာဟာရပါဝင်မှု %)

ပုံ - ၂ သစ်စိမ်းမြေဩဇာပင်များ - ပိုက်ဆံလျှော် (လက်ဝဲ) နှင့် ပဲလွမ်း (လက်ယာ)

တစ်ချို့ဒေသများတွင် သစ်ပင်များစိုက်ပျိုးပြီး မြေဖုံးအပင် (Cover Crops) အနေနှင့်လည်း အသုံးပြုကြပါသည်။ ဤစနစ်သည် မြေဆီလွှာအပူချိန်ထိန်းညှိပေးခြင်း၊ တိုက်စားမှုလျော့နည်းခြင်း၊ ပေါင်းပင်ပေါက်ရောက်မှုလျော့နည်းခြင်း၊ ပိုးမွှား၊ ရောဂါကျရောက်မှုလျော့နည်းခြင်းစသည့် ကောင်းကျိုးများစွာ ရရှိစေနိုင်ပါသည်။ 

ပုံ - ၃ မြေဖုံးထားခြင်းဖြင့် ပေါင်းပင်ပေါက်ရောက်မှု လျော့နည်းသွားပုံ

သစ်စိမ်းမြေဩဇာပြုလုပ်မည့် အပင်၏ကောင်းသောအချက်များမှာ -

(က) အချိန်တိုအတွင်းအစိမ်းရောင်ဖြစ်စေသောပစ္စည်းများ ဥပမာ - အရွက်၊ ပင်စည်စသည်တို့ များပြားစွာ ကြီးထွားဖွံ့ဖြိုးနိုင်ရမည်။ (Yield a large quantity of green material within a short period)

(ခ) အထူးသဖြင့် အပင်ငယ်စဉ်မှာကြီးထွားမှု ပိုမိုလျင်မြန်ခြင်းဖြင့် ပေါင်းပင်များပေါက်ရောက်မှုကို ဟန့်တားနိုင်ပါသည်။ (Be quick growing especially in the beginning so as to suppress weeds)

(ဂ) အရည်ရွှမ်းပြီး အရွက်ထွက်ရှိခြင်းက အပင်ထွက်ခြင်းထက် ပိုမိုအားကောင်းနေခြင်းဖြင့် မြေကြီးအတွင်း ထယ်ထိုး၊ ထွန်မွှေသမပါက အလွယ်တစ်ကူဆွေးမြည့်နိုင်ပါသည်။ (Be succulent and have more leafy growth than woody growth so that its decomposition will be rapid)

(ဃ) ပဲမျိုးနွယ်ဝင်ဖြစ်ပါက လေထဲမှနိုက်ထရိုဂျင်ပါ ဖမ်းယူပေးနိုင်သဖြင့် ပိုမိုကောင်းမွန်ပါသည်။ (Preferably is a legume)

(င) အမြစ်နက်နက်ထိုးဆင်းနိုင်ပြီး အမြစ်ဖွာနေသောမျိုးဆိုလျှင် ပိုကောင်းမွန်ပါသည်။ (Have deep and fibrous root systems)

(စ) မြေညံ့များတွင်ပင် ပေါက်ရောက်နိုင်စွမ်းရှိရပါမည်။ (Be able to grow even on poor soil)

ပုံ - ၄ သစ်စိမ်းမြေဩဇာများကို ထယ်ထိုးမြေမြုပ်နေပုံ

သစ်စိမ်းမြေဩဇာစိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများ (Benefits of Green Manuring)

(၁) သစ်စိမ်းမြေဩဇာသည် မြေဆီလွှာအတွင်း ဩဂဲနစ်ပစ္စည်းကို ထပ်မံဖြည့်တင်းပေးပြီး မြေတွင်းအဏုဇီဝများရှင်သန်နိုင်မှုကိုလည်း အားပေးသည်။ (Green manures add soil organic matter to the soil and stimulates activity of soil microorganisms)

(၂) မြေဆီလွှာဖွဲ့စည်းမှုတိုးတက်စေပြီး ရေပိုထိန်းနိုင်၍ မြေဆီလွှာတိုက်စားမှုကာကွယ်ပေးသည်။ (Green manures improve structure of soil thereby improving water holding capacity, decreasing runoff and erosion.)

(၃) မြေဆီလွှာအောက်ပိုင်းရှိ အာဟာရဓာတ်များကို မြေဆီလွှာအပေါ်ပိုင်းသို့ ပို့ပေးသည်။ (Green manures take nutrient from lower layer of the soil and add to upper layer of the soil)

(၄) မြေဆီလွှာအတွင်းရှိ နိုက်ထရိုဂျင်၊ ဖော့စပရပ်၊ ပိုတက်ဆီယမ်အစရှိသည့် အာဟာရဓာတ်များ ပိုမိုပျော်ဝင်နိုင်ကာ အပင်များလွယ်ကူစွာ စုပ်ယူစားသုံးနိုင်သည်။ (Green manure increases the availability of certain plant nutrients like NPK).

သစ်စိမ်းမြေဩဇာစိုက်ပျိုးရာတွင် သတိထားရမည့်အချက်များ

(၁) မိုးစိုက်ဒေသများ၌ မိုးနည်းပါက နောက်ဝင်ငွေရသီးနှံများ (Cash Crops) စိုက်ပျိုးရာတွင် အစိုဓာတ် လျော့နည်းသွားနိုင်ပါသည်။ (Under rainfed condition, the germination and growth of succeeding crops may be affected due to depletion of moisture for the growth and decomposition of green manuring)

(၂) မြေဩဇာစိမ်းအပင်များ ပုပ်သိုးဆွေးမြည့်စေရန် ၇၅-၈၀ ရက်ခန့် ကြာနိုင်သဖြင့် သီးနှံတစ်ရာသီ ဆုံးရှုံးနစ်နာနိုင်ပါသည်။ (Green manuring crops inclusive of decomposition period occupies the filed at least 75-80 days, which means a loss of one crop)

(၃) ပိုးမွှားရောဂါများကို မနှိမ်နင်းပါကလည်း နောက်သီးနှံတွင် ပိုးမွှားရောဂါပိုမိုကျရောက်နိုင်ပါသည်။ (Incidences of pest and diseases may increase if the green manuring is kept free from them).

စိုက်ပျိုးသီးနှံများအတွက် မြေဩဇာစိမ်းအပင်များမှ တုံ့ပြန်ချက် (သို့) မြေဆီဩဇာ အကောင်းဆုံး ရနိုင်ရန်အတွက် ပန်းပွင့်ချိန် (Flowering Time)၊ စိုက်ပြီး ၇-၈ ပတ်အကြာမှာ ထယ်ထိုးပြီးမြေမြုပ်ပစ်ရန် လိုအပ်ပါသည်။ သိပ်စောလွန်းသွားလျှင်လည်း အာဟာရဓာတ်ပြန်ရချက်နည်းသွားနိုင်ပါသည်။  သုတေသနပြုလုပ်ချက်များအရ တစ်ဟက်တာ (၂.၅ ဧကခန့်) တွင် သစ်စိမ်းမြေဩဇာမှ နိုက်ထရိုဂျင် ၄၀-၈၀ ကီလိုဂရမ် (ယူရီးဓာတ်မြေဩဇာ ၁၀၀ ကီလို အိတ်ကြီးနှစ်အိတ်နှင့်ညီမျှသော) ခန့်ရရှိနိုင်ပါသည်။ လက်ရှိပေါက်ဈေးတစ်အိတ် တစ်သိန်းခန့် ကုန်ကျမှုမှ သစ်စိမ်းမြေဩဇာစိုက်၍ ကုန်ကျစရိတ်၊ ပြန်ရချက် များကို နှိုင်းယှဉ်တွက်ချက်နိုင်ပါသည်။ 

နိုင်ငံတကာရှိ သုတေသနပြုလုပ်ချက်များအရ မြေဩဇာစိမ်းပင်များကို ရွေးချယ်ရာတွင် 

(က) မြေဆီလွှာအခြေအနေ၊ ရာသီဥတုနှင့် အကိုက်ညီဆုံး အပင်ကိုရွေးချယ်ရပါမည်။

(ခ) နောက်သီးနှံနှင့်ချိန်ညှိနိုင်ရန် အကောင်းဆုံးစိုက်ချိန် (Best Time of Sowing) ကို စိုက်ပျိုးနိုင်ရပါမည်။

(ဂ) ဘယ်အချိန်သည် ထယ်ထိုး၊ မြေမြုပ်ရန် အကောင်းဆုံးဖြစ်သည်ဆိုတာကို သိရပါမည်။

(ဃ) ထယ်ထိုး၊ မြေမြုပ်ပြီးပါက ဘယ်အချိန်ဆွေးမြည့်ပြီး နောက်သီးနှံ စိုက်ပျိုးနိုင်သည်ကို တောင်သူကြီးများ သိရှိရပါမည်။

တစ်ချို့နွေစပါးစိုက်ပျိုးသောနေရာများတွင် နွေစပါးအစား ပဲတီစိမ်းစိုက်ပျိုးပြီး သစ်စိမ်းမြေဩဇာ ပြုလုပ်နေကြပါသည်။ တစ်ချို့တောင်သူများကလည်း ပဲတီစိမ်းကို ဝင်ငွေရရန် အပင်ပေါ်တွင် ရင့်မှည့်အောင်ထားကာ ဆွတ်ခူးပြီးမှ သီးနှံအကြွင်းအကျန် (Crop Residue) များကို ထယ်ထိုး မြေမြှုပ်ပစ်ကြပါသည်။ သစ်စိမ်းမြေဩဇာလုပ်သလောက်တော့ နောက်သီးနှံ (မိုးစပါး) အတွက် အဟာရဓာတ် အပြည့်အဝမရရှိနိုင်တော့ပါ။

(စာကြွင်း - လက်တွေ့တွင် ပဲတီစိမ်း၊ မတ်ပဲကို သစ်စိမ်းမြေဩဇာအနေဖြင့် အသုံးပြုမှု မရှိသလောက် ဖြစ်ပြီး ပိုက်ဆံလျှော်နှင့် ညံပင် မျိုးစေ့များမှာလည်း တောင်သူအားလုံးအတွက်ရရှိရန် ခက်ခဲနေသေး သည်ဟူ၍ မိတ်ဆွေတစ်ဦးက ပြောပါသည်။ ကိုယ့်မျိုးကိုယ်ထားလုပ်သည့် စနစ်ကောလက်တွေ့ လုပ်ကြရင်ကောင်းမလား မပြောတတ်ပါ။)

(ဒေါက်တာမျိုးကြွယ်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်