အဖွား ထိန်းသိမ်းခဲ့တဲ့ အစိမ်းရောင်လမ်းစဉ်

Photo - google

ကျွန်မအဖွားနာမည်ကဒေါ်မိုးသူ။ အဖိုးကပြည်သူ့ကျန်းမာရေးဆရာဝန်ကြီးဖြစ်ခဲ့ပြီး၊ ကျွန်မမမွေးခင်ထဲကဆုံးသွားခဲ့ပါပြီ။ အဖွားဆုံးခဲ့တာတော့ ၁၈ နှစ်လောက်ရှိပါပြီ။ အဖွားက ၄ တန်းသာအောင်ခဲ့တယ်လို့ ကျွန်မ သိထားပါတယ်။ ကျွန်မကတော့ စိုက်ပျိုးရေးဘွဲ့ရ တစ်ယောက်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး တက်ကြွသူ တစ်ဦးလည်းဖြစ်ပါတယ်။ ကျွန်မငယ်ငယ် အသက် ၄ နှစ်အရွယ်ထဲက အမေရဲ့ မိခင် အဖွားနေတဲ့ ရန်ကင်း၊ ကျောက်ကုန်းက သစ်ပင်တွေအများကြီးရှိတဲ့ ဒီခြံကြီးမှာပြောင်းရွှေ့နေခဲ့ပါတယ်။

မှတ်မိသလောက် ကျွန်မအပင်စိုက်ဖို့ ဘယ်လောက်ဝါသနာပါခဲ့သလဲဆိုရင် ကလေးဘဝ ၆ နှစ် အရွယ်လောက်ကတည်းက ထမင်းစားနေရင်း သွားကြားထဲ ခရမ်းချဉ်သီးစေ့ တစ်စေ့လောက်ညပ်သွားရင်တောင် ထမင်းဆက်မစားပဲ အစေ့ကို သွားကြားထဲက ရအောင်ထုတ်ပြီး၊ ခြံထဲဆင်း မြေကြီးဆွပြီး၊ အစေ့ကိုသေချာမြှုပ်၊ ရေလောင်းပြီးမှ ထမင်းဆက်စားတယ်လို့ အမေကပြန်ပြောပြခဲ့ပါတယ်။ အမေစျေးက ဝယ်လာတဲ့ ၊ ပဲစေ့တွေကိုတွေ့ရင် နဲနဲတောင်းပြီး၊ ခြံထဲဆင်း စိုက်တော့တာပဲတဲ့၊ ငယ်ငယ်ကတဲက ကျွန်မစိုက်တဲ့ အပင်တွေကသီးတဲ့ ခရမ်းသီး၊ ပြောင်းဖူး၊ ငြုပ်သီး၊ ခရမ်းချဉ်သီး၊ ပဲတောင့်ရှည်၊ ပူတီနံရွက်၊ မြင်းခွာရွက်တွေ အိမ်မှာစားရပါတယ်။ ကျွန်မရဲ့ အဖွား ကတော့ ကျွန်မလို သက်တမ်းတိုဟင်းသီးဟင်းရွက်တွေ စိုက်ဖို့ သိပ်ဝါသနာ မပါလှပေမဲ့ သရက်ပင်၊ အုန်းပင်၊ကွမ်းသီးပင်၊ မရမ်းပင်၊ မာလကာပင်၊ ရှောက်ပင်၊ ဒန့်သလွန်၊ ခရေ၊ ကံ့ကော်၊ ပိတောက်၊ သော်က တို့လို နှစ်ရှည်ပင်တွေ နဲ့ ပန်းပင်တွေဖြစ်တဲ့ စပါယ်၊ လေးကျွန်းကြာခိုင်၊ ဇလပ်၊ စကြာ၊ ပိန်းပန်း၊ ခွါညို၊ ပုဏ္ဏရိပ်၊ ဇော်မျိုးစုံ ၊ ရွက်လှ၊ တိုင်းရင်းသစ်ခွ အစုံစိုက်ပါတယ်။ ခုချိန်ထိ ရာသီတိုင်းမှာ ခြံထွက် ဘုရားပန်း ပြတ်လေ့မရှိပါဘူး။ ဒါတင်မကသေးဘူး စပါးလင်၊ ပတဲကော၊ ပူတီနံ၊ ပင်စိမ်း၊ ပျဉ်းတော်သိမ်၊ ကရဝေးရွက်၊ ငြုတ်ကောင်း၊ ငြုပ်သီးစိမ်း ဘာလိုချင်သလဲ။ မုန့်ဟင်းခါးလေးများချက်လို့ ငှက်ပျောပင်နုနု လိုချင်ရင်လဲ အိမ်ဘေးလမ်းကြားမှာ အချိန်မရွေးရပါတယ်။

ကျွန်မတို့မြေးအဖွားနှစ်ယောက်ပေါင်းတော့၊ ဒီလောက်တော့ ရှိတာပေါ့နော်။ ဒါလောက် အပင်တွေစိုက်ထားတော့ ခြံက တစ်ဧကလောက်ကျယ်တယ် မထင်ပါနဲ့၊ ပေ ၆၀ x ပေ ၈၀ ပဲရှိတာပါ။ လမ်းဒေါင့်ခြံဖြစ်တဲ့တွက် ခြံပြင်မှာပါ အပင်တွေစိုက်နိုင်လို့ပါ။ အထူးသဖြင့် ခြံပြင်က တနှစ်ပါတ်လုံး ပွင့်လေ့ရှိတဲ့ဇလပ်ပွင့် တွေကတော့ အိမ်နားက မိုးကောင်းဘုရား ပန်းသယ်တွေအတွက် အဖွားရဲ့ ထါ၀ရအလှုပေ့ါ။ ဒါ့အပြင် နာဂစ်မုန်တိုင်းကြောင့် လဲကျသွား ရရှာတဲ့ ခြံပြင်က ခရေပင်ကြီးကလဲ သူရှိစဉ်က တနေ့ကို ပန်းလာကေါက်တဲ့ ခလေး ၁၀ ယောက်လောက်ကို မုန့်ဖိုး ၃၀၀ ကျပ်လောက်စီ ရစေတယ်တဲ့လေ။ အိမ်ဘေးက ရွက်နုအမြဲရတဲ့ မန်ကျည်းပင် ပုတန်းလေး ကတော့ ဖြတ်သန်း သွားသူတွေ ကြုံသလိုခူးကြရပါတယ်။ ကွမ်းသီးရင့်တွေကတော့ သံဃာ၊ သီလရှင်တွေကို လှုတါပါ။

အဖွားက သစ်ပင်တွေစိုက်တာ ဝါသနာပါသလို၊ အပင်ခုတ်တာ၊ ဖြတ်တာလဲ ကိုယ်တိုင်ပဲ။ နှစ်တိုင်းနွေရာသီကျောင်းပိတ်ရက်မှာ အဖွားကို မဖြစ်မနေ ကူညီပေးရတဲ့ အလုပ်ကတော့ အုန်းတံ တံပျက်စည်း ၊ မြေဆွေးပုံ နဲ့ ထင်းချောင်းခွဲတာတွေပေါ့၊ အုန်းပင်ကြီးတွေကကျွေကျသမျှ အုန်းလက်ရဲ့ အဖျားပိုင်း အဆံတွေက တံပျက်စည်းဖြစ်၊ သပ်ချလိုက်တဲ့ အရွက်ဖတ်တွေကို ခြံဒေါင့်မှာကျင်းတူးပြီးထဲ့၊ အုန်းလက် အလယ်နဲ့ အရင်းပိုင်း တွေကို၊ ညီညီညာညာခုတ်ပြီး အိမ်အောက်မှာထင်းအဖြစ်ပုံပေးရပါတယ်။ အဖွားက သစ်ပင်ကြီးတွေကိုလဲ နွေဦးမှာ ကိုင်းကြီးတွေခုတ်ချပါတယ်။ မိုးတွင်းမှာ ဓါတ်ကြိုးနဲ့လွတ်အောင်လို့ပါတဲ့။ ဒီလိုပဲ သစ်ကိုင်းကြီးတွေ ကိုလဲ အဖျား၊ အလယ်၊ အရင်း ထပ်ခွဲခြားရပါတယ်။ အဖျားပိုင်းအရွက်တွေကို မြေဆွေးကျင်းထဲထည့်၊ အရင်းပိုင်း ကိုင်းကြီးတွေကို တိုရှည်ညီအောင်ခုတ်ပြီး ခြံထဲမှာထင်းပုံပါတယ်။ ကိုင်းဖျားတွေနဲ့ အလယ်ပိုင်းကိုင်းသေးတွေကိုတော့ ခြံပြင်ဖက်မှာ သပ်သပ်ရပ်ရပ်စီထားပြီး ထင်းရှာထွက်တဲ့ ဆင်းရဲသားတွေ အတွက်အလှူပါတဲ့။ တခါတလေ သစ်တပင်လုံး ခုတ်ရင်တော့ ပင်စည်ပိုင်း နဲ့ ကိုင်းကြီးတွေကို လမ်းထိပ်ဘုန်းကြီးကျောင်းအတွက် ဆွမ်းချက်ဖို့ထင်းလှုပါတယ်။

သစ်ပင် တွေများတော့ သစ်ရွက်ခြောက်တွေကလဲ ခြံထဲမှာပေါပါတယ်။ အဖွားက နေ့စဉ် သစ်ရွက်ခြောက် လှဲကျင်းပြီး စုပုံထားကါ၊ တပါတ် ၃ ခါလောက်ခြံပြင်မှာ မနက်အစောကြီး မီးရှို့ပါတယ်။ တစ်ခါ သစ်ရွက်ပြာတွေကို သယ်ပြီး အပင်ရင်းတွေမှာပုံပါတယ်။ အဖွားက အလွန်အသန့်ကြိုက်သူဆိုတော့ တံပျက်လှဲ၊ သစ်ရွက် အမှိုက်မီးရှို့ မကြာခဏလုပ်ပါတယ်။ သူရေနွေးချိုးဖို့နဲ့ တစ်အိမ်လုံး အတွက်ရေကျက်အေး သောက်ရေရဖို့ အတွက်လဲ ရေနွေးအိုးကြီး ၂ အိုးကို ခြံထဲမှာနေ့တိုင်း ကြိုချက်ပါတယ်။သူ့အဝတ်တွေ ကိုလည်းနေ့တိုင်းကိုယ်တိုင်လျှှော်ပါတယ်။ သူနေ့စဉ်ထင်းမီးမွှေးရင် အဆင်သင့်လွယ်ကူအောင် တစ်ထွာလေါက်ဝါးခြမ်း တုတ်ချောင်းလေးတွေထိပ်မှာ အဝတ်စ အဟောင်းတွေကို သေးသေးရှည်ရှည် ဖြတ်ပြီး စည်းထားကါ၊ မီးမွှေးတံတွေလဲ လုပ်ထား ပါတယ်။

ငယ်ငယ်တုံးက အဖွားကို ကြောက်ရပါတယ်။ စည်းကမ်းလဲ အရမ်းတင်းကြပ်ခံရပါတယ်။ အိမ်ပေါက်ဝမှာဖြစ်ဖြစ် ၊ အိမ်နောက်ဖေးမှာဖြစ်ဖြစ် ဖိနပ်ချွတ်ထားတာ ၂ဖက် မညီရင် အရိုက်ခံရတယ်။ ခြံထဲမှာ စက္ကူစ၊ ပလပ်စတစ်စတွေ့ရင် လဲအရိုက်ခံရပါတယ်။ ဒါက အဖွားရဲ့စည်းကမ်းတွေထဲက အကင်းလောက်မျှဝေတာပါ။ အဖွားက အလုပ်ကို အဆက်မပြတ်လုပ်ပြီး၊ အရမ်းလဲတိကျပါတယ်။ ခြံထဲက ဘယ်အပင်မှာအသီး ဘယ်လောက်ရှိတယ်ဆိုတာတောင် မှတ်ထားတာပါ။ မာလကာသီးမှည့်ရင် ကျွှန်မတို့ က ခလေးပီပီ တလုံးလုံးစားချင်တယ်၊ အဖွားရဲ့ ပေါ်လစီ ကတော့ “နည်းရင်မျှစား၊ များရင်တဝစား” ဆိုပြီး မာလကာသီး တလုံးကို ၅ စိတ်ခွဲပြီး ကျွန်မတို့ မောင်နှမ ၄ ယေါက်ကို တစိတ်စီ နဲ့ သူက တစိတ်စားပါတယ်။ လူလယ်ကျတဲ့ အမလတ်က မာလကာသီးမှည့်ခါနီးရင် ခုံနဲ့ လှမ်းတက်ပြီး အပင်ပေါ်မှာတင်ပါးစပ်နဲ့ တစ်ကိုက်လောက် ကိုက်ထားပါတယ်။ နောက်နေ့ကျရင် မာလကာသီးရှဉ့်ကိုက်သွားတယ် လို့ အဖွားကိုပြောရင်၊ အသန့်ကြိုက်တဲ့အဖွားက စိတ်မဝင်စားတော့တဲ့အတွက် သူကခူးစား ခွင့်ရသွားပါတယ်။

ကျွန်မမှတ်မိသမျှ အဖွားက တော်ယုံနဲ့ ဘယ်ပစ္စည်းမှ လွှင့်ပစ်တာမရှိဘူး။ သုံးပြီးသား ပလပ်စတစ်အိတ်ခွံတွေဆို သေချာဆေးကြောပြီး၊ အရွယ်ညီညာအောင်စီထားပြီးသိမ်းရပါတယ်။ ပြန်သုံးပါတယ်။ အိမ်မှာများလာရင်၊ အိမ်ရှေ့ဖြတ်တဲ့ စျေးသယ်တွေကို ပေးပါတယ်။ အဝတ်စဟောင်းတွေကတော့၊ မီးဇာချောင်းဖြစ်သွားလေ့ရှိပါတယ်။ ပြောပြခဲ့တဲ့ သူ့ရဲ့နေ့စဉ်လုပ်ငန်း တွေမှာလဲ၊ မြေးတွေကို၊ တာဝန်ခွဲဝေ ကူလုပ်ခိုင်းပါတယ်။ ငယ်တုံးက ဆော့ချင်စိတ်ကများတော့ အဖွားခိုင်းတာတွေ မလွှဲသာလို့ လုပ်ရပေမဲ့ ၊ မပျော်ခဲ့ဘူး။ နောက်ပြီး ကျွန်မစိုက်ထားတဲ့ တချို့အပင်က အရွက်တွေကို မပြောမဆိုနဲ့ ညှပ်ပစ်ရင် ကျွန်မအရမ်းစိတ်ထိခိုက်တယ်။ အဆိုးဆုံးက အမှိုက်မီးရှို့တာကို မလုပ်ချင်တော့၊ ဆင်ခြေတွေပေးပြီး ရှောင်နေရင် အဖွားက မီးရှို့လို့ ပါတ်ဝန်းကျင်နဲ့ သစ်ပင်တွေက ပိုးမွှားတွေကင်းစင်ကြောင်း ချော့မော့ပြောပြလေ့ရှိပါတယ်။ ပြီးရင် ဒိန်ချဉ် တစ်ခွက်တိုက်ပြီး၊ ဒါကလဲ အူထဲက မကေါင်းတဲ့ ပိုးတွေမနေစေပဲ၊ ကေါင်းတဲ့ ပိုးလေးတွေဖြစ်လို့ အသက်ရှည်စေတယ်လို့ပြောပြလေ့ရှိပါတယ်။ အဖွားကနေ့စဉ် ဒိန်ချဉ်ကို နံနက်၊ ညနေ တစ်ခွက်စီစားပါတယ်။ ဒိန်ချဉ်က အသက်ရှည်ဆေးလို့ အမြဲပြောလေ့ရှိလို့ ဘာကြောင့်မှန်းသေချာ မသိသော်လည်း ငယ်စဉ်ကတည်းက မှတ်သားမိခဲ့ပါတယ်။

အခုတော့ အဖွားလည်း မရှိတော့ပါဘူး။ အဖွားဆုံးချိန်မှာ အသက် ၉၅ နှစ်ရှိခဲ့ပြီး၊ ဘာရောဂါ ကြီးငယ်မှ မဖြစ်ခဲ့ပါဘူး။ စဉ်းစားကြည့်ရင် ကျွန်မ စိုက်ပျိုးရေးတက္ကသိုလ်တက်၊ ဘွဲ့ရပြီး၊ စိုက်ပျိုးရေး ပညာရှင်အဖြစ် အစိုးရအလုပ် တာဝန်ကျရာ နယ်တကာသွားလာ ရပ်တည်နေပေမဲ့၊ ကျွန်မမှာ အခုခေတ်အခေါ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာတွေ နည်းလမ်း တွေကို နှစ်အတော်ကြာကြာ မသိခဲ့ပါဘူး။ ဖွံ့ဖြိုးရေးသမားတယောက်ဖြစ်လာခဲ့ပြီး မကြာသေးခင် ၁၀ နှစ်ကျော်လောက်ကမှ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အရေးကြီးမှုတွေကိုသိရှိနားလည်လာပြီး၊ တရေးနိုးထကာ တက်ကြွလှုပ်ရှားသူ တစ်ယောက် ဖြစ်လာခဲ့တာပါ။ ဒီတော့လည်း စိုက်ပျိုးရေးသမားပီပီ စိုက်ပျိုးရေးကဏ္ဍကနေ တာဝန်ယူလုပ်ဆောင်လို့ရတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၊ မပျက်စီးစေရေးအတွက် လိုက်နာသင့်တာတွေ၊ ဟောဖို့ပြောဖို့ ပြင်ဆင်ရတာတွေရှိလာ ပါတယ်။

ဒီတော့မှ ကျွန်မငယ်စဉ်ကတဲက အဖွားရဲ့နေ့စဉ်ပုံစံပေး ဆောင်ရွက်စေခဲ့တာတွေ၊ တကယ့်ပတ်ဝန်းကျင် ထိန်းသိမ်းရေး တန်ဖိုးမဖြတ် နိုင်တဲ့ အလုပ်တွေပါလားဆိုတာ စဉ်းစားနားလည် လာပါတော့တယ်။ ဘာမှန်းမသိပဲ လိုက်လုပ်ခဲ့ရတဲ့ အဖွားရဲ့ သြဝါဒ ဖြစ်တဲ့ Re-do, Re-use, Re-cycle တွေဟာ လွမ်းစရာကောင်းပါတယ်။ ကျွန်မ တပည့် စိုက်ပျိုးရေးဘွဲ့ရလေးတွေ သစ်ရွက်သစ်ခက်တစ်ပုံကို သေချာ ဆွေးအောင်လုပ်ဖို့ အခက်အခဲ တွေ့ကြ တာတွေ့ရင်လဲ မြေဆွေးဖို့ ထမင်းကြမ်းဆုပ်နဲ့ ဒိန်ချဉ်၊ ထန်းလျှက် နဲနဲကူတဲ့ အဖွားကို သတိရမိပြီး၊ ထင်းချွေတာရေးမီးဖို သင်တန်းလုပ်တော့လဲ၊ အဝတ်ဟောင်းတစ်စ၊ သစ်တို တစ်ချောင်းတောင် အလဟသ လေလွင့်မှုမရှိအောင်၊ အဖွားရဲ့ စံနစ်ကျတဲ့ ထင်းစီမံခန့်ခွဲမှုကို လေးစားလို့ မဆုံးဘူး။ ကြွပ်ကြွပ်အိပ် campaign ကလဲ အဖွားကို သတိရစေပြီး။ စျေးကဝယ်သုံးရတဲ့ အုန်းဆံ တံပျက်စည်းကြဲကြဲကြောင့် ခြံထဲ အမှိုက်လှဲရတာ စိတ်တိုင်းမကျရင်လဲ အဖွားရဲ့ home made အုန်းဆံ တံပျက်စည်းထူထူပျော့ပျော့လေးကို အမှတ်တရ ရှိလှပါတယ်။

တကယ်တော့ ကျွန်မအဖွားရှိသေးမယ်ဆိုရင်လဲ၊ ကျွန်မတို့ပြောပြောနေတဲ့ သဘာဝပါတ်ဝန်းကျင်ထိန်သိမ်းရေး၊ အစိမ်းရောင် နည်းလမ်း၊ စားနပ်ရိက္ခာဖူလုံရေး နဲ့ အစားအစာဘေးကင်းရေး စတဲ့ ဘာညာသာဓကာ စကားလုံးကြီးတွေ သူနားလည်မှာ မဟုတ်ပါဘူး။ သေချာတာကတော့ နေ့တိုင်း အပင်တွေကိုပြုစုမယ်၊ လေဝင်လေထွက်ကေါင်းအောင် အရွက်၊ အကိုင်းတွေ ဖြတ်ပေးမယ်၊ သစ်ရွက်စိမ်းတွေကို ဆွေးအောင်လုပ်ပြီး၊ ၃ လတစ်ခါ ကျင်းဖေါ်မြေဆွေးယူပြီး အပင်ငယ်တွေထဲထဲ့မယ်၊ သစ်ရွက်ခြောက်တွေမီးရှို့ပြီး သစ်ပင်ကြီးတွေကိုပြာပုံပေးမယ်၊ အပင်ကြီးတွေပေါ်က ပိုးမွှားတွေသေစေအောင် မှိုင်းတိုက်မယ်၊ သောက်ရေသန့်ကို ကိုယ်တိုင်အိမ်မှာကြိုချက်မယ်၊ ခြံထွက်သီးနှံတွေ သန့်သန့်ရှင်းရှင်း စနစ်တကျ ခွဲဝေစားမယ်၊ ပိုလျှံတာ ပေးကမ်းလှူဒါန်းမယ်၊ အခြောက်ခံသိမ်းဆည်းမယ်၊ ကျေးငှက်တွေအစာကျွေးမယ်၊ အစရှိတာတွေသာ နေ့စဉ်ဝတ်မပျက် လုပ်နေရင်း သူ့ပတ်ဝန်းကျင်ကို ဒီလို ထိမ်းသိမ်းနေမှာ သေချာပါတယ်။ ကျွန်မကတော့ ဒီအချိန်မှာ၊ အာဘောင်အာရင်း သန်သန်နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်း၊ စားနပ်ရိက္ခာဖူလုံရေး နဲ့ ဘေးကင်းရေး အကြောင်းတွေ၊ အစိမ်းရောင်နည်းလမ်း အကြောင်းတွေ ဟောပြောပို့ချနေရလို့၊ ခြံထဲက မြက်နဲ့ သစ်ရွက်တွေလဲ မြေဆွေးမပုံဖြစ်၊ သစ်ရွက်ခြောက်တွေလဲ မီးမရှို့ဖြစ်၊ ဟင်းသီးဟင်းရွက် တွေလဲ မစိုက်ဖြစ်တော့တာ နှစ်အတော်တောင်ကြာပါပေ့ါလား။

သိန်းသိန်းအောင်

၁၇-၄-၂၀၁၄



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  စကားပုံ  

"တမာတစ်ခက် သွားတစ်သက်"