အကျိုးများသည့် မိုးစပါးအပြီး ပဲမျိုးစုံသီးနှံ

08/11/2021 13:30 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

    မြန်မာနိုင်ငံသည် စပါးကို အားထားစိုက်ပျိုးသည့်နိုင်ငံဖြစ်ရာ စပါးစိုက်ဧရိယာသည် လယ်ယာသီးနှံများတွင် စိုက်ပျိုးဧရိယာ အများဆုံးဖြစ်သည်။ ယခုအခါ တစ်ဧက စပါးအထွက်နှုန်းမြင့်မားရေးကို ဦးတည်ဆောင်ရွက်သကဲ့သို့ မိုးစပါးကိုအခြေခံ၍ နှစ်သီးစား၊ သုံးသီးစား စိုက်ပျိုးရန်လည်း လိုအပ်ပါသည်။ 

မိုးစပါး

    ယခုအခါ နည်းပညာဖွံ့ဖြိုးတိုးတက်မှုကြောင့် အလင်းရောင်တုန့်ပြန်မှုမရှိသော သက်လျင်နှင့် သက်လတ်အထွက်ကောင်းစပါးမျိုးများ ပေါ်ထွန်းလာပြီး  အကျိုးဆက်အားဖြင့် စပါးရိတ်သိမ်းအပြီး လယ်မြေများတွင် သီးထပ်သီးနှံစိုက်ပျိုးရန် အခြေအနေကောင်းများ ရရှိလာသည်။ 

    မြန်မာနိုင်ငံတွင် မိုးရွာသွန်းမှုကို အားကိုးစိုက်ပျိုးရသည့် မိုးရေသောက်ဒေသနှင့် သွင်းရေရရှိသည့် ဆည်ရေသောက်ဒေသဟူ၍ရှိရာ ဒေသနှစ်မျိုးလုံး၌ နှစ်သီးစား၊ သုံးသီးစား လယ်ယာစနစ်သို့ ပြောင်းလဲဆောင်ရွက်နိုင်ပြီ ဖြစ်ပါသည်။ 

မြေတွင်းအစိုဓာတ်နှင့် အချိန်ကိုအသုံးချနိုင်မှု

    တစ်နှစ်တွင် ၁၂ လရှိသည်။ မိုးစပါးရိတ်သိမ်းပြီးချိန်တွင် မြေတွင်း၌ လယ်မြေအမျိုးအစားနှင့် သဘာဝအပေါ်မူတည်ပြီး အနည်းဆုံး ရက် ၉၀ ခန့် အစိုဓါတ်ကျန်ရှိနေသည်။ ၎င်းမြေတွင်းအစိုဓါတ်ကို အလေအလွင့် အလဟဿမထားဘဲ အသုံးချနိုင်သည်။ စပါးအခြေခံ သီးထပ်သီးနှံပုံစံချမှတ်သည့်အနေဖြင့် စပါးအပြီး သင့်တော်ရာသီးနှံများကို ရွေးချယ်စိုက်ပျိုးနိုင်ပါသည်။

    ဆည်ရေ၊ မြစ်ရေ၊ ကန်ရေ၊ ချောင်းရေစသည့် သွင်းရေတစ်မျိုးမျိုးရရှိသည့်ဒေသတွင် တတိယသီးနှံတစ်မျိုးမျိုးကို ဆက်လက်စိုက်ပျိုးနိုင်သေးသည်။

    လယ်မြေကို မြေလပ်မထားဘဲ အချိန်ကို အကျိုးရှိစွာအသုံးချခြင်း မည်ပါသည်။ ပဲမျိုးစုံကဲ့သို့ သီးနှံများကို စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာကို ဖွံ့ဖြိုးစေခြင်းလည်း မည်ပါသည်။ 

အရေးပါသည့်ပဲမျိုးစုံသီးနှံ  

    ပဲမျိုးစုံသီးနှံသည် ပြည်တွင်းစားသုံးရန်သာမက လယ်ယာထွက်သီးနှံများတွင် ပြည်ပပို့ကုန်အဖြစ် အားထားရသည့် သီးနှံဖြစ်သည်။ အရှေ့တောင်အာရှတွင် မြန်မာနိုင်ငံသည် ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှု၌ ၁၉၉၉ ခုနှစ်မှစတင်၍ ဦးဆောင်နိုင်ငံအဖြစ် ရပ်တည်လျှက်ရှိသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မိုးစပါးရိတ်သိမ်းအပြီး ရေမြေအခြေအနေပေးသော စပါးစိုက်လယ်‌မြေများတွင် ပဲမျိုးစုံသီးနှံများကို စိုက်ပျိုးနိုင်ပါသည်။

    ပဲမျိုးစုံသီးနှံသည် စိုက်ပျိုးရန်လွယ်ကူသည်။ စိုက်ပျိုးကုန်ကျစရိတ် သက်သာသည်။ အကျိုးအမြတ်ရလွယ်သည်။ သီးထပ်သီးညှပ်စိုက်ပျိုးနိုင်သည်။ ဒေသအနှံ့အပြားတွင် စိုက်ပျိုးဖြစ်ထွန်းသည့် သီးနှံဖြစ်သည်။ သီးနှံပုံစံ ချမှတ်ဆောင်ရွက်ရေးအတွက် အထူးသင့်တော်သည့်သီးနှံအမျိုးအစားဖြစ်သည်။  

    သီးနှံပုံစံ ချမှတ်ဆောင်ရွက်ခြင်းဖြင့် မြေဧရိယာတစ်ခုအတွင်း၌ တစ်နှစ်အတွင်း တစ်သီးပြီးတစ်သီး စိုက်ပျိုးရိတ်သိမ်းခြင်းကြောင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားကာ စိုက်ပျိုးဝင်ငွေလည်း တိုးပွားစေပါသည်။

​မြေဆီလွှာဖွံ့ဖြိုးစေခြင်း

    ပဲမျိုးစုံသီးနှံများသည် အခြားသီးနှံများနှင့်မတူ တစ်မူထူးခြားသည်။ ပဲမျိုးနွယ်ဝင်အပင်များ၏ အမြစ်တွင် မြစ်ဖုများရှိသည်။ ပဲမြစ်ဖုဖြစ်ပေါ်စေမှုကို အား‌ပေးရန် ပဲမြစ်ဖူဇီဝမြေသြဇာကို အသုံးပြုနိုင်သည်။ မြစ်ဖုများတွင် မြစ်ဖုဘက်တီးရီးယား (Rhizobia)များ နေထိုင်ကာ လေထဲမှ နိုက်ထရိုဂျင်ကို ဖမ်းယူသည်။ ဤသို့ဖြင့် ဖမ်းယူရရှိသည့် နိုက်ထရိုဂျင်ကို ပဲပင်အတွက် ရရှိစေပါသည်။ 

     လေထဲမှ နိုက်ထရိုဂျင် ဖမ်းယူပေးနိုင်မှုသည် ပဲမျိုးစုံသီးနှံအလိုက် ကွာခြားသည်။ အပင်ဖြစ်ထွန်းမှုအလိုက် မတူညီနိုင်ပါ။ ယေဘူယျအားဖြင့် တစ်ဧကလျှင် ဖမ်းယူပေးနိုင်သည့် နိုက်ထရိုဂျင်ပမာဏမှာ ကုလားပဲတွင်် ၅၀ ကီလိုဂရမ်၊ ပဲပုပ်တွင် ၆၀ ကီလိုဂရမ်၊ ပဲလွမ်း၊ မတ်ပဲနှင့် ပဲတီစိမ်းတို့တွင် ၈၀ ကီလိုဂရမ် ခန့်ရှိသည်ဟု မှတ်သားဘူးသည်။ ပဲမျိုးအလိုက် ၂၇ မှ ၄၈ ရာခိုင်နှုန်းအထိ အထွက်တိုးစေသည်ဟု သိရပါသည်။

    ပဲမျိုးစုံသီးနှံပင်၏အမြစ်သည် မြေဆီလွှာအတွင်းသို့ နက်စွာထိုးဝင်ဆင်းခြင်းကြောင့် မြေဆီလွှာထက်အောက်၌ အပင်အဟာရဓါတ် မျှတစေကာ ဆက်လက်စိုက်ပျိုးသည့် အခြားသီးနှံများအတွက် အဟာရကို လွယ်ကူစွာရယူနိုင်စေသည်။ ထိုမျှမက စပါးရိတ်သိမ်းအပြီး ပဲမျိုစုံစိုက်ပျိုးခြင်းသည် ‌ ပေါင်းမြက်၊ ပိုးမွှားရောဂါနှင့် မြေဆီလွှာတိုက်စားခြင်းကို ကာကွယ်ပေးနိုင်ပါသည်။

    ပဲမျိုးစုံပင်များရိတ်သိမ်းပြီး ‌မြေပေါ်၌ ကြွင်းကျန်သော ပဲပင်၏ အကိုင်းအခက်၊ အရွက်များနှင့် ‌မြေအောက်ရှိ အမြစ်များ၊ မြစ်ဖုများ ဆွေးမြေ့သည့်အခါတွင် ဆက်လက်စိုက်ပျိုးမည့်သီးနှံအတွက် နိုက်ထရိုဂျင်ကို ရရှိစေသည်။

    မြေတွင် သြဂဲနစ်ပစ္စည်းကို ကြွယ်ဝစေသည်။ မြေဆီလွှာ၏ ရုပ်သတ္တိကို တိုးမြှင့်ပေးသည်။ ဓာတ်သတ္တိကိုလည်း ကြွယ်ဝစေသည်။ ထို့ကြောင့် ပဲမျိုးစုံသီးနှံများကို စိုက်ပျိုးရာတွင် စျေးနှုန်းမြင့်မားသော ဓာတ်မြေသြဇာများကို များစွာကျွေးပေးရန် လိုအပ်ခြင်းမရှိပါ။ စိုက်ပျိုးချိန်၌ မျိုးစေ့ကို ပဲမြစ်ဖုဇီဝမြေသြဇာနှင့် လူးနယ်စိုက်ပျိုးပြီး အပင်ဖြစ်ထွန်းချိန်၌ သင့်တော်သည့် မြေသြဇာအရည်များကို အပင်ပေါ် ပက်ဖျန်းရုံဖြင့် လုံလောက်နိုင်ပါသည်။

    စပါးရိတ်သိမ်းအပြီး လယ်မြေတွင် မိမိ‌ဒေသနှင့်သင့်တော်သည့် ပဲမျိုးစုံသီးနှံတစ်မျိုးမျိုးကို စိုက်ပျိုးပြီး မိုးစပါး-ပဲမျိုးစုံသီးနှံပုံစံကို ချမှတ်ဆောင်ရွက်ခြင်းဖြင့် သီးနှံစိုက်စွမ်းအားကို မြင့်မားစေရေး ဆောင်ရွက်ရန် နှိုးဆော်လိုပါသည်။

    နှစ်သီး၊ သုံးသီးစိုက်ပျိုးခြင်းဖြင့် တောင်သူလယ်သမားတစ်ဦးချင်းတွင်လည်း အကျိုးအမြတ်ဝင်ငွေ ပိုမိုတိုးတက်ရရှိကြစေလိုပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်