ပြောလည်းပြောချင်တယ်၊ ပြောရင်လည်း ရမှာမဟုတ်ပါဘူး (၁)

11/12/2019 13:45 PM တွင် ဒေါက်တာကိုကို ဒေါက်တာကိုကို မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   “မျိုးစေ့မမှန်ပင်မသန်၊ ဖူးတံငုံကင်းအသီးဖျင်း၏” ဆိုတဲ့စကား ကျွန်တော်ငယ်ငယ်ကတည်းက အဖိုး၊ အဖွားတွေဆီက ကြားဖူးတာပါ။ ဆိုလိုရင်းအဓိပ္ပါယ်က သီးနှံတစ်ခုကိုစိုက်တဲ့အခါမှာ မမှန်ကန်တဲ့မျိုးစေ့ကိုစိုက်ရင် အထွက်ညံ့တယ်လို့ ဆိုလိုတာပါ။ “မွေးသန္ဓေ သေမှပျောက်” ဆိုတဲ့ စကားနဲ့လည်း ခပ်ဆင်ဆင် တူတာပေါ့ဗျာ။ တစ်ချို့မျိုးစေ့တွေမှာ မျိုးစေ့ဆောင်ရောဂါပါလာရင် ပိုဆိုးတာပေါ့ဗျာ။ 

   တောင်သူတွေအနေနဲ့ သီးနှံတစ်ခုခုကိုစိုက်တဲ့အခါ မျိုးစေ့မှန်ကန်မှသာ အရည်အသွေးကောင်းပြီး အထွက်နှုန်းကောင်းတဲ့ သီးနှံကို ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံမှာ မျိုးစေ့ဥပဒေကို ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈) ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်ပြဌာန်းခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃) ရက်နေ့မှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကနေ မျိုးစေ့ဥပဒေနှင့် ပတ်သက်သော နည်းဥပဒေကို ကြေညာချက်အမိန့် ၆/၂၀၁၆ နဲ့ ကြေညာခဲ့ပါတယ်။ 

   အဓိကက မျိုးစေ့တွေကို တရားဝင်မှတ်ပုံတင်ပြီး ဖြန့်ချီဖို့ဖြစ်ပါတယ်။ ဒါပေမယ့် စျေးကွက်ထဲမှာ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိတဲ့ မျိုးစေ့တွေရှိနေတာ မျက်မြင်ကိုယ်တွေ့ပါ။ အဲလိုဆိုရင် မှတ်ပုံတင်မထားတဲ့ မျိုးစေ့တွေကို အရေးယူမှာလားလို့ မေးစရာရှိမှာပါ။ အရေးယူလိုက်ပါပြီတဲ့။ လိုအပ်တဲ့မျိုးစေ့ကို ဌာနက ဘယ်လိုဖြည့်ဆည်းပေးမလဲ။ တောင်သူတွေလိုချင်တဲ့ စစ်မှန်တဲ့မျိုးစေ့ကို အလုံအလောက်ထုတ်ပေးနိုင်ပြီလား ဆိုတာပါပဲ။ 

   စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့လည်း တောင်သူတွေအတွက် အရည်အသွေးကောင်းမျိုးစေ့ကို အလုံအလောက် ထုတ်ပေးနိုင်ပြီလားဆိုတာ မိမိကိုယ်မိမိ မေးခွန်းပြန်ထုတ်ရမှာဖြစ်ပါတယ်။ တခြားမျိုစေ့များ မဆိုထားနဲ့။ တောင်သူတွေလိုတဲ့ စပါးမျိုးစေ့ကိုတောင် လုံလောက်အောင် ထုတ်ပေးနိုင်ပြီလား။ ဥပမာ ထိုင်းနှံကောက်စပါးမျိုး၊ ဗီယက်နမ်စပါး စတာတွေပေါ့။ ဒေသမျိုးတွေက မကောင်းလို့လား? မေးစရာမေးခွန်းတစ်ခုပါ။ မိမိကိုယ်မိမိ မညှာတမ်း၊ မညာတမ်း ဝေဖန်ဆန်းစစ်ဖို့လိုပါပြီ။ သိရသလောက် စိုက်ပျိုးရေးဦးစီးဌာနအောက်မှာ မျိုးစေ့ခြံပေါင်း (၄၀) ခန့်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဥယျာဉ်ခြံ၊ ကော်ဖီခြံ၊ နှစ်ရှည်ခြံ စတာတွေလည်း ရှိပါတယ်။ အဲဒီခြံတွေကနေ တောင်သူတွေအတွက် စပါးမျိုးစေ့၊ ဂျုံမျိုးစေ့၊ ပြောင်းဖူးမျိုးစေ့၊ ကုလားပဲမျိုးစေ့၊ ပဲတီစိမ်းမျိုးစေ့၊ ဝါမျိုးစေ့၊ ငရုတ်မျိုးစေ့ စတာတွေကို အလွယ်တကူရအောင် လုပ်ပေးနိုင်ပြီလား။ 

   အခုအခါမှာ ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ထိုင်ဝမ်ကန်စွန်းရွက်၊ ငရုတ်သီး၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုတ် စတာတွေ အစ၊ ပဲမျိုးစုံတွေဖြစ်တဲ့ ဗီတူးကုလားပဲ၊ ဗီဆဲဗင်းကုလားပဲ စတာတွေအလယ် သစ်သီးဝလံမျိုးသစ်တွေဖြစ်တဲ့ ထိုင်းအုန်းသီး၊ ထိုင်းကျွဲကောသီး၊ တရုတ်ဖရဲ၊ တရုတ်သခွားတွေအဆုံး အိမ်နီးချင်း ထိုင်း၊ တရုတ်ဘက်ကနေ ဝင်လာမဆဲ တသဲသဲ ဖြစ်နေတာကို စိတ်မကောင်းဖွယ်တွေ့မြင်နေရပါတယ်။ 

   အခုလို ဘာလို့ဖြစ်ရတာလဲလို့ လေ့လာကြည့်တော့ ခြံများကို “အရှုံးမရှိစေရ” ဆိုတဲ့ မူဝါဒ မှားယွင်းမှုက တစ်ချက်အပါအဝင်ဖြစ်ပါတယ်။ မျိုးစေ့တစ်မျိုး၏အရည်အသွေးကို ထိန်းသိမ်းရာမှာ သုတေသနလိုအပ်ပါတယ်။ သုတေသနတစ်ခုလုပ်ရာမှာ အချိန်၊ ငွေ၊ စွမ်းအား စတာတွေလိုအပ်ပါတယ်။ သုတေသနတစ်ခုကို ရေရှည်လုပ်မှသာ အောင်မြင်နိုင်မည်ဖြစ်ပြီး သုတေသနကို ငွေဖြုန်းတီးတဲ့ဌာနလို့ မြင်နေသောလူအချို့ကြောင့် မျိုးစေ့အလုံအလောက် မထုတ်လုပ်နိုင်ခြင်းဖြစ်သည်ဟု ကောက်ချက်ချရင် လွန်မယ်မထင်ပါဘူး။ 

   ဆိုတော့ကာ မျိုးစေ့ကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ မူဝါဒရေးဆွဲသူများ၊ မျိုးစေ့ကဏ္ဍနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုင်၍ဖြစ်စေ ပါဝင်ပတ်သက်သူများအနေဖြင့် တွေးတော ငေးမောမနေဘဲ မိမိနိုင်ငံအတွင်းက သက်ဆိုင်ရာဒေသနဲ့ကိုက်ညီတဲ့ မျိုးစေ့မျိုးကွဲများကို  အရည်အသွေးကော အထွက်နှုန်းကောင်းအောင် ဘယ်လိုဆောင်ရွက်ရင်ကောင်းမလဲဆိုတာကို “ကျေးဇူးရှင်တောင်သူ ဦးကြီးများခင်ဗျာ” ဆိုတဲ့ အပြောတွေကိုလျှော့ပြီး လက်တွေ့ကျကျနဲ့ အခုချက်ချင်း အကောင်အထည်ဖော် ဆောင်ရွက်ကြရအောင်လားဗျာ။

ဒေါက်တာကိုကို (စိုက်ပျိုးရေး)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်