ဓါတုမြေသြဇာများအသုံးပြုခြင်းသည် မြေသြဇာရောင်းချသူတွေက တောင်သူတွေရဲ့ ငွေကြေးအကုန်ကျခံနိုင်မှုနှင့် ၄င်းတို့ရဲ့ဝယ်လိုအားကိုကြည့်ပြီး ပိုမိုသုံးစွဲချင်လာအောင် ဘယ်လိုဆွဲဆောင်ရမယ်ဆိုတာကို မြေသြဇာရဲ့အရည်အသွေးအပြင် ငွေကြေးတန်ဖိုးနှုန်းနဲ့လည်း သတ်မှတ်ကြပါတယ်။ ဓါတုမြေသြဇာအသုံးပြုသီးနှံတွေရဲ့တုန့်ပြန်ချက်တွေကို သိရှိစေရန် လိုအပ်တဲ့အချက်အလက်တွေနဲ့ စမ်းသပ်ကွက်များစိုက်ပြကြပြီး တောင်သူများ သိသာမြင်သာအောင်လုပ်ဆောင်သော ၄င်းလုပ်ငန်းအစီအစဥ်များလည်း ပြုလုပ်ကြပါတယ်။ ထိုသို့လုပ်ဆောင်ချက်နှစ်ခုစလုံးသည် တောင်သူတွေကို ၄င်းမြေသြဇာများရဲ့အကျိုးဆက်တွေအပြင် ပိုမိုသတိထားမိလာစေရန် မြေသြဇာရဲ့ဝယ်လိုအားကိုပိုကောင်းလာအောင် ဖန်တီးပေးတဲ့အချက်တွေလို့ ဆိုလိုနိုင်ပါတယ်။
ဒီအပြင် လက်ရှိမှာ အများဆုံးရောင်းချနေတဲ့ပုံစံကတော့ သီးနှံပေါ်သွင်း၊ အတိုးပေါင်းအကြွေးပေးတဲ့စနစ်မျိုးပဲဖြစ်ပါတယ်။ မြေသြဇာတန်ဖိုးကို အတိုးနှုန်းပါထပ်ပေါင်းထားပြီး စျေးနှုန်းသတ်မှတ်ကာ အကြွေးချပေးကြပါတယ်။ ကုမ္ပဏီတိုက်ရိုက်ဆိုရင် သီးနှံရောင်းချပြီး ၄င်းမြေသြဇာအကြွေးကို ဆပ်ကြရပါတယ်။ ဒါမှမဟုတ် သီးနှံပွဲစားပွဲရုံကတစ်ဆင့်ဆိုရင် သီးနှံနှင့်ပြန်သွင်းပေးရကာ စျေးနှိမ်ခံပြီး ၄င်းမြေသြဇာအကြွေးကို ဆပ်ကြရပါတယ်။
၄င်းနည်းလမ်းသည် ရာသီဥတုကောင်းလို့ အဆင်ပြေရင် သီးနှံအထွက်ပါကောင်းရင် တောင်သူတွေအတွက် မခက်ခဲပါဘူး။ ဒါပေမယ့် လက်ရှိအခြေအနေသည် ရုတ်တရက် မိုးများမယ်၊ ရေကြီးမယ်၊ မိုးခေါင်ကာရေရှားမယ်၊ ရာသီဥတုမမှန်ဘဲ အချိန်အခါမဟုတ် မိုးရွာမယ်၊ ရောဂါဝင်မယ်၊ ပိုးကျမယ်ဆိုရင် ဒီလိုမျိုးကြိုတင်မျှော်လင့်ထားလို့ အရင်လိုမဖြစ်နိုင်တဲ့အခါ ရာသီသီးနှံပေါ်ချိန်မှာ ၄င်းအကြွေးများအတွက် တောင်သူတွေအခက်အခဲဖြစ်ကြရပါတယ်။ သို့သော်လည်း ကောင်းတဲ့တစ်ချက်က အကုန်အကျစရိတ်သက်သာတဲ့ အော်ဂဲနစ်စိုက်ပျိုးရေးဘက် လှည့်လာကြတာပါပဲ။
ဒါပေမယ့် အော်ဂဲနစ်စိုက်ပျိုးရေးသည် တောင်သူတွေအတွက် စိန်ခေါ်မှုတစ်ရပ်လည်း ဖြစ်နေပါတော့တယ်။ လွယ်လွယ်ဝယ်လို့ အသုံးပြုလို့ရတဲ့ ဓါတုမြေသြဇာတွေလိုမဟုတ်ဘဲ နည်းပညာအရရော သွင်းအားစုပြုလုပ်နည်းနဲ့ အသုံးပြုပုံအရရော အားနည်းနေတဲ့အခါမှာ တောင်သူတွေအတွက် အခက်အခဲဆိုတာ ဖြစ်လာပါတော့တယ်။ နောက်တစ်ခုက အော်ဂဲနစ်စျေးကွက်ပဲဖြစ်ပါတယ်။ ၄င်းစျေးကွက်သည် လက်ရှိစျေးကွက်ထဲမှာ နေရာမရသေးတဲ့အတွက် တောင်သူတွေကိုယ်တိုင် ဒါမှမဟုတ် ကြားခံမီဒီယာတွေက မဖော်ဆောင်ပေးနိုင်ရင် စျေးကွက်ထိုးဖောက်ဖို့ လမ်းလိုအပ်နေပါသေးတယ်။ ဝမ်းသာစရာက ခုလက်ရှိမှာဆိုရင် လူတိုင်းလိုလိုက အော်ဂဲနစ်ဆိုတဲ့စကားလုံးနှင့် ရင်းနှီးလာကြပါပြီ၊ သုံးစွဲလာကြပါပြီ။ အော်ဂဲနစ်စျေးကွက်တစ်ခုကလည်း အခိုင်အမာရပ်တည်လာနိုင်ပါပြီ။
မြေသြဇာအကြောင်းကိုပဲ ထပ်ဆက်ကြစို့ ...... တောင်သူတွေရဲ့မြေသြဇာဝယ်လိုအားသည် အချက် ၂ ချက်ပေါ်မူတည်ပါတယ်။
( ၁ ) တောင်သူများရဲ့တတ်နိုင်သော ငွေကြေးပမာဏ
( ၂ ) လုပ်ငန်းငွေပမာဏနှင့် ငွေပေါ်လွယ်မှုတို့ဖြစ်ပါတယ်။
ဝင်ငွေနှင့် ထွက်ငွေ အချိုးပေါ်မူတည်ပြီး တောင်သူတွေက မြေသြဇာသုံးစွဲမှုနှုန်းထားကို သတ်မှတ်ဆုံးဖြတ်ကာ ချိန်တွက်ကြပါတယ်။ မျိုးစေ့ကောင်းပြီး သီးနှံအထွက်များလေလေ မြေသြဇာအသုံးပြုမှုများလေ ဖြစ်တယ်။ ၄င်းမြေသြဇာကမ္ပဏီတွေကလည်း သီးနှံအထွက်ကောင်းမှုနှင့် မြေသြဇာရဲ့အရည်အသွေး၊ တုန့်ပြန်ချက်တွေကိုကြည့်ပြီး ထုတ်လုပ်ဖြန့်ချီရောင်းချခြင်းများ လုပ်ဆောင်ကြပါတယ်။
တောင်သူတွေက သူတို့အမှန်တကယ်လိုအပ်မှသာ ၄င်းမြေသြဇာတွေကို ဝယ်ယူအသုံးပြုကြတာကြောင့် မြေသြဇာဝယ်လိုအားကို ကြိုတင်မှန်းဆလို့တော့ မရနိုင်ဘူး။ အတွေ့အကြုံအရ ဖွံ့ဖြိုးဆဲနိုင်ငံတော်တော်များများမှာ မြေသြဇာရရှိနိုင်မှုနှင့် သင့်လျော်သောရောင်းချဖြန့်ချီခြင်းများသည် များသောအားဖြင့် အရေအတွက်ကန့်သတ်ထားကြပါတယ်။ ၄င်းဖြစ်စဥ်ကနေ ရနိုင်တာက နှစ်စဥ်မြေသြဇာဝယ်လိုအားသည် ပို၍တိုးတိုးလာတာကို အတိအကျသတိထားမိလာစေပါတယ်။
ရှေ့ရေးကိုမျှော်မှန်းပြီး တောင်သူတွေရဲ့ဆန္ဒအလျောက် မြေသြဇာဝယ်လိုအားသည် အောက်ပါအချက်တွေပေါ် မူတည်နေပါတယ်။
(၁) စိုက်ပျိုးမြေများနှင့် စိုက်ပျိုးနိုင်သောမြေပမာဏ
(၂) အမှန်တကယ်စိုက်ပျိုးခဲ့သော မြေဧရိယာ
(၃) မိုးရေချိန်ပမာဏ သုံးစွဲနိုင်မှုနှင့် ရရှိနိုင်မှု
(၄) သီးနှံများစွာစိုက်ပျိုးနိုင်သော ရေရရှိမှု
(၅) လိုအပ်သော သီးနှံအာဟာရဓါတ်နှင့် စိုက်ပျိုးနည်းစနစ်များ
(၆) မြေအနေအထားနှင့် အာဟာရဓါတ်ပါဝင်မှု
(၇) ပိုင်ဆိုင်သော မြေပမာဏ ( ဦးပိုင်စိုက်ပျိုးမြေနည်းလေ သီးနှံထုတ်လုပ်မှုမှာသတ်မှတ်ချက်တွေဖြစ်ပြီး မြေသြဇာဝယ်လိုအားနှင့် စျေးနှုန်းအတွက်ထိခိုက်မှုများ ဖြစ်နိုင်ပါတယ်) ဆိုတဲ့အချက်တွေသည် မြေသြဇာဝယ်လိုအားကို အဆုံးဖြတ်ပေးနိုင်ပါတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ တောင်သူများသည် မြေယာပိုင်ဆိုင်မှုနှင့် အိမ်သုံးအတွက်သာ အထောက်အပံ့ဖြစ်သော်လည်း မပိုလျှံသော စိုက်ပျိုးရေးလုပ်ငန်းတွေကြောင့် မြေသြဇာဝယ်လိုအားသည် စျေးနှုန်းတွေကြောင့် မြေသြဇာအရောင်းအဝယ်ကို ထိခိုက်စေပါတယ်။ ဘယ်လိုပဲ စျေးနှုန်းတွေသတ်မှတ်ထားထား ၄င်းတောင်သူမျိုးတွေအတွက် ဝယ်ယူသုံးစွဲဖို့ မတတ်နိုင်တဲ့အနေအထား ဖြစ်နေပါတယ်။ (ဥပမာ - အာရှနိုင်ငံတွေမှာ မုတ်သုံရာသီဆိုရင် ကုန်သွယ်မှုအခက်အခဲအရ မြေသြဇာစျေးများ တက်နိုင်ပါတယ်။) သို့သော် မြင်တွေ့နေရသလောက်ကတော့ တောင်သူအများစုသည် မြေသြဇာကို မသုံးမဖြစ်သုံးနေကြရတဲ့ အနေအထားမျိုးဖြစ်နေပါတယ်။ ဓါတုမြေသြဇာတွေသည်လည်း စျေးကွက်ထဲမှာ တံဆိပ်အမျိုးမျိုး၊ စျေးအမျိုးမျိုးနှင့် ရောင်းချပုံအမျိုးမျိုးတွေ့နေရပါတယ်။ ထိုလုပ်ငန်းရှင်များရဲ့ နည်းဗျူဟာဆွဲဆောင်ချက်တွေအောက်မှာ တောင်သူတွေသည် တုံရင်းတုံရင်းလိုက်နေပါတော့တယ်။ စိုက်လိုက် အကြွေးဆပ်လိုက်နဲ့ စိုက်ပျိုးရေးကအမြတ်ဆိုတာ မဖြစ်စလောက်လေးသာ ဖြစ်နေပါတော့တယ်။ စိုက်ပျိုးရေးလောကအတွက် ကြီးမားသောစိန်ခေါ်မှုတစ်ရပ်လည်း ဖြစ်နေပါတော့တယ်။
ခေတ်လူငယ်တွေ ဘာကြောင့်စိုက်ပျိုးရေးမလုပ်ချင်ကြသလဲ။ ဒီလိုမေးခွန်းအတွက် အဖြေမရှိ ဖြစ်နေပါတော့တယ်။ ဒါပေမယ့် ပြောင်းလဲလာတဲ့ ခေတ်အခြေအနေနဲ့ နည်းပညာတွေအရ ခေတ်ပညာတတ်လူငယ်တွေ အများကြီးလိုအပ်ပါတယ်။ ဓါတုမြေသြဇာတွေရဲ့ ကောင်းကျိုး၊ ဆိုးကျိုးများ ဝေဖန်ပိုင်းခြားတတ်ပြီး ဖြစ်ထွန်းအောင်မြင်နိုင်တဲ့ စိုက်ပျိုးနည်း ရှာဖွေတွေ့ရှိကာ ကျန်းမာရေးကိုရှေးရှုသော စိုက်ပျိုးသီးနှံများ ထုတ်လုပ်နိုင်စွမ်းတဲ့ ပညာတတ်တောင်သူများကို ဖိတ်ခေါ်ရင်း .......
မယ်အေး (B.Agr.Sc, 2013)