တောင်သူလယ်သမားကြီးများအတွက်နှိုးဆော်ချက် (ဒီဇင်ဘာလ)

03/12/2018 15:21 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဒီဇင်ဘာလဆိုလျှင် ဆောင်းရာသီလို့ပြောနိုင်သည်။ မုတ်သုန်မိုးဆုတ်ခွာတာ ကြာသည်နှင့်အမျှ မြေအမျိုးအစားပေါ်မူတည်ပြီး မြေတွင်းအစိုဓာတ် တဖြည်းဖြည်းလျော့နည်းသွားတော့မည်။ စိုက်ပျိုးခြင်း မပြုရသေးသည့် ဆောင်းသီးနှံများကို လျင်မြန်စွာစိုက်ပျိုးသင့်သည့်လ ဖြစ်သည်။ သီးနှံအထွက်မြင့်မားဖို့ဆိုတာ သီးနှံစိုက်ပျိုးသင့်သည့်အချိန်မှန်ဖို့လိုပါသည်။

၁။ ဆောင်းသီးနှံ

ပဲတီစိမ်း၊ မတ်ပဲ 

နိုဝင်ဘာလအတွင်းက အများစု စိုက်ပျိုးခဲ့ကြသော ပဲတီစိမ်းနှင့် မတ်ပဲသီးနှံများအား ပိုးမွှားရောဂါ မကျရောက်စေရန်၊ ကျရောက်ပါကထိရောက်စွာ နှိမ်နှင်းရန်လိုသည်။ အထူးဂရုပြုရမှာက အဝါရောင် မိုစေ့ရောဂါဖြစ်သည်။ အဝါရောင်မိုစေ့ရောဂါက မတ်ပဲနှင့် ပဲတီစိမ်းသီးနှံ နှစ်မျိုးလုံးမှာ ကျရောက်နိုင်တာ ဖြစ်သည်။   

စိုက်ခင်းကို မျက်ချေမပြတ်ကြည့်ရှုသင့်သည်။ အရွက်အနုပေါ်မှာ အဝါရောင်အစက်အပြောက်တွေပေါ်နေသလား။ အရွက်တွေသည် အဝါရောင်နှင့် အစိမ်းရောင် ပုံမမှန်ကွက်ကြားတွေဖြစ်ပေါ်လာ နိုင်သည်။ အပင်တွေ ကြီးထွားမှု နည်းလာနိုင်သည်။ ဒါတွေသတိထားကြည့်ရှုဖို့လိုပါသည်။

ရောဂါကျရောက်နေသော အပင်တွေတွေ့လျင် ချက်ချင်းနှုတ်ယူမီးရှို့ပစ်ရမည်။ အဝါရောင်မိုစေ့ ရောဂါသည် ရောဂါဖြစ်စေသောသက်ရှိဗိုင်းရပ်စ်ကြောင့်ဖြစ်ရသည်။ ရောဂါပြန့်နှံ့ရခြင်းသည် ယင်ဖြူ (White Fly) မှတစ်ဆင့် ကူးစက်ခြင်းဖြစ်သည်လို့သိရသည်။ ထို့ကြောင့်ချက်ချင်းပိုးသတ်ဆေးဖျန်းဖို့ လိုပါသည်။

ကုလားပဲ၊ ပဲပုပ်

ကုလားပဲသီးနှံကို နိုဝင်ဘာလအတွင်း မစိုက်ပျိုးရသေးလျှင် ဒီဇင်ဘာပထမပတ်အတွင်းအပြီး စိုက်သင့်သည်။ မြေတွင်းအစိုဓာတ်လုံလောက်စေဖို့နှင့် အပူဒဏ်ကင်းလွတ်စေရေးဖြစ်သည်။
လေဝင်လေထွက်ကောင်းဖို့ ထွန်းရေနက်နက်ထွန်ရေးညက်ညက်ဖြစ်ဖို့လိုသည်။ မြေကြပ်ပါက ကြီးထွားမှုနှောင့်နှေးနိုင်ပါသည်။  

ပဲပုပ်သီးနှံကို ဒီဇင်ဘာလအတွင်းအလျှင်အမြန်စိုက်ပျိုးစေလိုသည်။ စိုက်ချိန်တွင်မြေ၌ အစိုဓာတ်ပြည့်ဝစွာရှိနေရန်လိုအပ်သည်။ စိုက်ချိန်နောက်ကျပါက အပင်ကြီးထွားမှုနှေးပြီး အထွက်နှုန်းကိုပါ ထိခိုက်စေမည်ဖြစ်သည်။

မျိုးစေ့ကို ပဲမြစ်ဖုဇီဝမြေသြဇာနှင့် လူးနယ်စိုက်ပျိုးသင့်သည်။ အပင်ငယ်စဉ်တွင် ကျရောက် တတ်သည့်မှိုရောဂါ၊ အပင်ပေါက်ပြီး တစ်ပတ်သားတွင် ကျရောက်တတ်သည့် ပင်စည်ထိုးပိုး (Stem Fly)တို့အတွက် ကြိုတင်ကာကွယ်သင့်ပါသည်။

၂။ နွေစပါးသီးနှံ

မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် နွေစပါးစိုက်ပျိုးသင့်သည့် စိုက်ချိန်မှန်ဖြစ်သည်။၊ အပင်ပေါက် (၈၀) ရာခိုင်နှုန်း အထက်ရှိသည့် မျိုးသန့်စပါးတစ်မျိုးမျိုးကို အသုံးပြုရန်ဖြစ်သည်။ ရေမြေဒေသ ကိုက်ညီဖြစ်ထွန်းဈေးကွက်ရှိသည့် သက်လျှင် အထွက်ကောင်းစပါးမျိုး(HYV)ဖြစ်သင့်ပါသည်။

စိုက်နည်းစနစ်အနေဖြင့် စိုက်ပျိုးရေကိုချွေတာရာရောက်ပြီး ကုန်ကျစရိတ်သက်သာလွယ်ကူကာ လျင်မြန်စွာပြီးစီးနိုင်သော စိုက်ပျိုးနည်းစနစ် ဖြစ်သင့်သည်။

တိုက်ရိုက်မျိုးစေ့ချကြဲပက်စိုက်ပျိုးမည်လား၊ အတန်းလိုက်မျိုးစေ့ချမည်လား၊ မျိုးစေ့ချကရိယာ အသုံးပြုမည်လား၊ ပျိုးထောင်ကောက်စိုက်မည်လား၊ သင့်တော်ရာကို ရွေးချယ်နိုင်သည်။ မည်သည့်စနစ်က မိမိလယ်မြေအတွက် ကောင်းသည်၊ မကောင်းသည်ကို လယ်သမားကိုယ်တိုင် သုံးသပ် ရွေးချယ်ရန်ဖြစ်သည်။ စိုက်ပျိုးနည်းစနစ်တိုင်းမှာ အားသာချက်နှင့် အားနည်းချက်များရှိသည်ကိုတော့ သိထားသင့်ပါသည်။

တစ်ဧကစပါးထွက်နိုင်စွမ်းမှာ သုတေသနရလဒ်တွေအရ စနစ်အလိုက် မှန်ကန်စွာ လိုက်နာ လုပ်ကိုင်ပါက ကွာခြားမှုမရှိပါ။ မည်သည့်စနစ်ကို အသုံးပြုစိုက်ပျိုးသည်ဖြစ်စေ အားနည်းချက်များကို ကြိုတင်သိရှိပြီး လိုအပ်သည်ကို မူလကပင် စီစဉ်ဆောင်ရွက်ဖို့သာလိုပါသည်။ ဥပမာ စပါးတိုက်ရိုက် မျိုးစေ့ချစနစ်တွင် ပေါင်းမြက်ပြဿနာရှိသည်။ ထိုစနစ်၏အားနည်းချက်ဟုမှတ်ယူရမည်။ အားသာချက် မှာ စိုက်ပျိုးကုန်ကျစရိတ်သက်သာသည်။ ပေါင်းမြက်ကြောင့်

စပါးအထွက်လျော့နည်းမှု မဖြစ်စေရန်

ပေါင်းမြက်ကာကွယ်နှိမ်းနင်းမှုလုပ်ငန်းများကို အလေးထား လုပ်ကိုင်ရပါသည်။ မည်သည့်ဒေသရေမြေသဘာဝတွင်စိုက်ခြင်းဖြစ်သည်။ ရာသီဥတုပြောင်းလဲမှုမည်သို့ဖြစ်ပေါ်နိုင်သည်။ လူမှုစီးပွားရေးအခြေအနေ အရပ်ရပ်မည်သို့ရှိသည်။ လုပ်သားလုပ်အားခက်ခဲမှု၊ လွယ်ကူမှု မည်သို့ရှိသည်။ထိုအမျိုးမျိုးသောအခြေအနေတို့အပေါ်မူတည်ပြီး လယ်သမားတစ်ဦးချင်း၊ လယ်ကွက် တစ်ကွက်ချင်းအတွက် သင့်တော်ကိုက်ညီသည့် စိုက်ပျိုးနည်းစနစ်ကို ရွေးချယ်အသုံးပြုရန်သာ ဖြစ်ပါ သည်။

ကျရောက်နိုင်သည့်ပေါင်းမြက်များကို၊ထွန်ရေးတမန်းကောင်းခြင်းဖြင့်ကာကွယ်နိုင်သည်။ ပေါင်းသတ်ဆေးသုံးစွဲခြင်း(Pre-emergence Herbicides(သို့)Post-emergence Herbicides)တို့ဖြင့် နည်းစနစ်မှန်စွာ သုံးစွဲကာကွယ်နိုင်သည်။ ရေထိန်းသိမ်းမှုဖြင့်ကာကွယ်နိုင်သည်။ နည်းမျိုးစုံဖြင့် ပေါင်းမြက်ကို ကာကွယ်နှိမ်နင်းဖို့ အသိပေးနှိုးဆော်လိုပါသည်။

ဆင်းသီဟ



မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်