Basic Agricultural Science – (69) Land Utilization
အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၆၉)
စိုက်ပျိုးရေးတက္ကသိုလ် ၁၉၈၄-ခုနှစ်ကျောင်းဆင်း ဦးလွှမ်းမိုး ရေးသားသော ကလောင်အမည် ဦးမိုဃ်း (လယ်ဝန်) ၏ ‘ကြေးတိုင် ဘယ်လဲ၊ ဘာလဲနှင့်’ ဆောင်းပါးပေါင်းချုပ်ကို ဖတ်ရင်းနှင့် ၁၉၈၇-ခုနှစ်က ကျွန်တော် ကွင်းစလန်တက္ကသိုလ် (UQ – The University of Queensland, Australia) တွင် မဟာ စိုက်ပျိုးရေးပညာဘွဲ့ (Master of Agricultural Studies) တက်ရောက်ခဲ့စဉ်က သင်ယူရန် ဘာသာရပ်များ ရွေးချယ်ရာတွင် မြေအသုံးချရေး (Land Utilization) ကို မယူဖြစ်ဘဲ သီးနှံစိုက်ပျိုးထုတ်လုပ်ရေး (Plant Production) ဘာသာကြီးကို စိတ်ကြိုက်ဘာသာတွဲအဖြစ် ယူခဲ့ရသည်ကို ပြေးမြင်မိပါသည်။ ထိုစဉ်က ဤဘာသာရပ် အရေးကြီးသည်ကို မသိရှိဘဲ ယခု နှစ်ပေါင်းအတော်ကြာတော့မှ တရေးရေး သိရှိလာပါတော့သည်။
ယခင် ‘ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန (Settlement and Land Records Department - SLRD) ယခု ‘လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန’ (Department of Agricultural Land Management and Statistics - DALMS) ၏ လုပ်ငန်းများစွာတို့ကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် သင်ကြားရေး ဘာသာရပ်များတွင် မတွေ့ရှိရသေးပါ။
၁၉၈၇ - ကွင်းစလန်တက္ကသိုလ် ဘွဲ့ကြိုသင်တန်းလက်စွဲစာအုပ် (UQ - Undergraduate Degree Handbook) တွင် မြေအသုံးချရေးဘာသာရပ် (AG334 - Land Utilization) ကို အဓိပ္ပာယ်ဖွင့်ဆိုပြီး သင်ကြားပေးမည့် သင်ရိုးညွှန်းတမ်း မာတိကာများမှာ -
‘မြေအသုံးချနိုင်မှုစွမ်းရည်ကို ရူပ၊ ဇီဝ၊ လူမှုစီးပွားရေး စုပေါင်းလေ့လာ အဆုံးအဖြတ်ပေးခြင်း (Integration of Physical, Biological, Social and Economic factors that determine Land Use Capability and Effect on Land Use Decisions) မြေအသုံးချမှု၏ အကျိုးဆက်ကြောင့် စိုက်ပျိုးထုတ်လုပ်မှုစွမ်းရည်နှင့် ပတ်ဝန်းကျင်အပေါ်အကျိုးသက်ရောက်မှုကို လေ့လာခြင်းပညာ (Study on Consequences of Land Use on Agricultural Productivity and Environment)’ တို့ ဖြစ်ပါသည်။
လူသားများက မြေအသုံးချမှု (Human Use of Land) ကို အတန်းအစား အမျိုးမျိုးခွဲထားပါသည်။
- (က) စိုက်ပျိုး၊ မွေးမြူရေး (Agriculture or Farming)
- (ခ) မြို့ပြနေရာချထားရေး (Urbanization)
- (ဂ) အပန်းဖြေရာနေရာများ (Recreation)
- (ဃ) စက်ရုံ၊ အလုပ်ရုံများ (Industries)
- (င) လမ်းပန်းဆက်သွယ်ရေး (Roads, Transportation and Communication)
- (စ) သစ်တောများ၊ တောရိုင်းတိရစ္ဆာန်များ (Forestry and Wildlife) အတွက် စသည်ဖြင့် ကွဲပြားသွားပါသည်။
တစ်ခါ မြေအသုံးချမှု (Land Use – Defined by Economic Terms) ကို စီးပွားရေးဆိုင်ရာ အဓိပ္ပာယ်သတ်မှတ်မှုနှင့် မြေယာဖုံးလွမ်းမှု ( Land Cover – Visible Features)ကို လက်ရှိမြင်နိုင်သော အင်္ဂါရပ်များနှင့် လေ့လာမှုတို့သည် ကွာခြားနိုင်ပါသည်။ နှစ်မျိုးစလုံး အရေးပါပြီး ခွဲခြား၍မရပါ။ ယခုခေတ် လိုအပ်ချက်အရ ပေါ်ထွက်လာသောဘာသာရပ် ပထဝီသတင်းအချက်အလက်စနစ်ကို အသုံးချသော နည်းပညာ (Geographic Information System - GIS)၊ အဝေးမှအာရုံခံဖော်ထုတ်သောနည်းပညာ (Remote Sensing - RS)၊ ကမ္ဘာ့လတ္တီတွဒ်၊ လောင်ဂျီတွဒ်များဖြင့် တွက်ချက်သောစနစ် (Global Positioning System - GPS) စသည်တို့ဖြင့် မြေအသုံးချမှုကို များစွာ အသုံးပြုနေပါပြီ။
ဦးလွှမ်းမိုး၏ဆောင်းပါးများအရ စိုက်ပျိုးမွေးမြူရေးမြေ (Agricultural Lands) များကို ထပ်မံခွဲခြားခဲ့ရာ
- (က) လယ်မြေ - မိုးကောင်း (Paddy Land/Lowland – Rain-fed)
- (ခ) လယ်မြေ - ဆည်ရေသောက် (Paddy land/Lowland - Irrigated)
- (ဂ) ယာမြေ (Ya Land/Upland)
- (ဃ) ကိုင်းကျွန်းမြေ (River-basin and Island Land)
- (င) ဥယျာဉ်ခြံမြေ (Garden Land)
- (စ) ဓနိမြေ (Nipa Palm Land)
- (ဆ) တောင်ယာ (Hill Side Land) မြေ စသည်ဖြင့် ခွဲခြားထားပါသည်။
ဦးလွှမ်းမိုး အဓိကထောက်ပြသည်မှာ နိုင်ငံတော် ဖွံ့ဖြိုးရေးအတွက် အခွန်အခ (Land Revenue) မှန်ကန်စွာရရှိရေးအတွက် ပညာရှင်တစ်ယောက်၏ ရှုထောင့်မှ တင်ပြသွားခြင်းဖြစ်ပါသည်။ သူတင်ပြသည်များမှ အချို့ကို ပြန်လည်သုံးသပ်ကြည့်လျှင် -
(၁) မြေခွန်ကိုထမ်းဆောင်ရမည့် အခွန်ထမ်းများမှ ထမ်းဆောင်နိုင်သော အခွန်နှုန်းထားဖြစ်သင့်ပါသည်။
(၂) မြေခွန်သည် မနည်းလွန်း (နည်းပါက မြေအပေါ်တန်ဖိုးထားမှုလျော့နည်းပြီး အခြားနိုင်ငံများနှင့်ယှဉ်လျှင် နိုင်ငံတော်ဝင်ငွေလျော့နိုင်) မများလွန်း (ပေးဆောင်နိုင်စွမ်းထက်များခဲ့ပါက စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်သူတောင်သူများ ထိခိုက်နစ်နာပြီး ရင်းနှီးမြှုပ်နှံမှု ကျဆင်းနိုင်) ဖြစ်စေရပါမည်။
(၃) မြေခွန်နှုန်းထားများသည် ကျသင့်ငွေတွက်ချက်ရာ၌ လွယ်ကူစေသော မြှောက်ဖော်ကိန်း - ကိန်းဂဏန်းများ (ဥပမာ - ၅၀၀၀, ၁၀၀၀၀, ၅၀၀၀၀ - ကျပ်) ဖြစ်သင့်ပါသည်။
(၄) မြေလှပ်ထားခြင်းကို သီးခြားစဉ်းစားသင့်ပါသည်။ ဈေးကစားရန် လယ်ယာမြေများစွာ လက်ဝယ်ကိုင်ဆောင်ထားပြီး စိုက်ပျိုးလုပ်ကိုင်မှုမရှိသောမြေများသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို အနှောင့်အယှက်ပြုခြင်းကြောင့် အခွန်နှုန်းတိုးမြှင့်စည်းကြပ်ခြင်းဖြင့် မြေရှင်ကြီးစနစ် ပေါ်ပေါက်မလာရေး ဟန့်တားသင့်ပါသည်။
(၅) ကောက်ခံမှုရာနှုန်းပြည့်၍ အောင်မြင်အောင် ဆုပေး၊ ဒဏ်ပေး စနစ်အပြင် အင်္ဂလိပ်ခေတ်က ကျင့်သုံးခဲ့သော ၁၀ ရာခိုင်နှုန်း ခိုင်ကြေးစနစ်ကို ဆက်လက်ကျင့်သုံးသင့်ပါသည်။
(၆) တရားမျှတသော မြေခွန်တစ်ရပ်ဖြစ်စေနိုင်ရေးအတွက် တစ်နိုင်ငံလုံးပွင့်လင်းမြင်သာအောင် ချပြဝေဖန် ပေါင်းစပ်မှုများဖြင့် အချိန်ယူ ဆောင်ရွက်သင့်ပါသည်။
(၇) ဒေသအလိုက် အစိုးရအဖွဲ့များ၊ တောင်သူများ၊ တောင်သူလယ်သမား ကိုယ်စားလှယ်များ၏ အကြံပြုချက်များ ရယူဆောင်ရွက်သင့်ပါသည်။ ဗဟို၏ သဘောဆန္ဒ အသိအမြင်တစ်ခုတည်းဖြင့် မဆောင်ရွက်သင့်ပါ အစရှိသည်တို့ဖြင့် အကြံပြုချက်များစွာ တင်ပြသွားပါသည်။
အခြားနိုင်ငံများ၏ မြေယာပိုင်ဆိုင်မှုနှင့် အခွန်အခများမှာ -
(က) တရုတ်နိုင်ငံရှိ မြေအားလုံးသည် နိုင်ငံတော်ပိုင်ဖြစ်ပါသည်။ သို့သော် တောင်သူလယ်သမားများသည် နှစ်ရှည်လုပ်ပိုင်ခွင့်ရထားပြီး မြေတစ်ဧက အမေရိကန်ဒေါ်လာ ၃၂-၄၈ (US$ 32-48) အတွင်း နိုင်ငံတော်သို့ ပေးသွင်းရပါသည်၊
(ခ) အိန္ဒိယနိုင်ငံရှိမြေယာများမှာ တောင်သူများ မိသားစုအလိုက်ပိုင်ဆိုင်ခွင့်ရှိပြီး ပြည်နယ်အလိုက် တစ်ဧကလျှင် တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၀.၆ - ၅.၅ (US$ 0.6-5.5) အတွင်း နိုင်ငံတော်သို့ ပေးသွင်းရပါသည်။
(ဂ) ဂျပန်တွင် မြေယာများကိုနိုင်ငံတော်ကပိုင်ပြီး တောင်သူများနှစ်ရှည်လုပ်ပိုင်ခွင့်ရကာ အစိုးရသို့ တစ်နှစ်လျှင် မြေတန်ဖိုး၏ ၀.၃ - ရာခိုင်နှုန်း အခွန်ပေးသွင်းရပါသည်။
(ဃ) အင်ဒိုနီးရှားတွင် တောင်သူများက အစိုးရသို့ မြေခွန်ကို တစ်နှစ်လျှင် မြေတန်ဖိုး၏ ၀.၁ ရာခိုင်နှုန်း ပေးသွင်းရပါသည်။
(င) ဖိလစ်ပိုင်တွင်မူ နေရာအပေါ်ကြည့်၍ တောင်သူများက အစိုးရသို့ မြေတန်ဖိုး၏ ၁-၂ ရာခိုင်နှုန်း ပေးသွင်းရပါသည်။
(နိုင်ငံအများစုမှာ မြေယာများကို အကျိုးရှိစွာ အသုံးပြုခြင်းဖြင့် နိုင်ငံတော်ရန်ပုံငွေများ သင့်တင့်မျှတစွာ ရရှိနေပါသည်)
တစ်ဖန် ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (Food and Agriculture Organization - FAO) က မြေ၏ အဓိပ္ပာယ်ကို ဖွင့်ဆိုသည်မှာ- မြေ (Land) ဆိုသည်မှာ သဘာဝပတ်ဝန်းကျင် (Physical Environment)၊ ရာသီဥတု (Climate)၊ မြေပြင်အနေအထား အနိမ့်အမြင့် (Relief)၊ မြေဆီလွာ (Soil)၊ မြေနှင့် ရေဆက်စပ်ပုံ လေ့လာခြင်း - ဇလဗေဒ (Hydrology)၊ သဘာဝပေါက်ပင်များ (Vegetation) အားလုံးနှင့် ဆက်စပ်မှုများ ဟူ၍ဖြစ်ပါသည်။
မြေ (Land) သည် မြေဆီလွှာ (Soil) နှင့် မတူသေးပါ။ အားလုံး၏ အခြေခံသဘာဝအရင်းအမြစ် (Basic Natural Resource) တစ်ခုဖြစ်ပြီး တိုင်းပြည်၏စီးပွားရေး (Nation’s Economy) ကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုပါသည်။ ဂေဟစနစ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာများ ရေရှည်တည်တံ့ခိုင်မြဲအောင် (Balances the ecological and environmental factors to sustain all life) ထိန်းသိမ်းပေးပါသည်။ မြေနှင့်အတူ သဘာဝအရင်းအမြစ်အားလုံး ဥပမာ -ရေ၊ ကျောက်မျက်ရတနာ တွင်းထွက်ပစ္စည်း၊ ရေနံ၊ အပင်၊ တိရစ္ဆာန် အားလုံး အကျုံးဝင်ပါသည် (Encompass all other natural resources e.g. Water, oil, rocks, plants, animals and minerals)။
မြေအသုံးချရေးဆိုင်ရာ အသိပညာသည် အလွန်အရေးကြီးပါသည်။ စိုက်ပျိုးမွေးမြူရေးအပါအဝင် သဘာဝပေါက်ပင်များ၊ ရေသဘာဝအရင်းအမြစ်၊ ဇီဝမျိုးစုံထိန်းသိမ်းရေး အားလုံး ပါဝင်ဆက်နွှယ်နေပါသည် (Knowledge of current Land Use is essential to support analysis and management of Land including Agriculture, vegetation, water resources and quality, maintenance of biodiversity, etc.)။
ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ ၂၀၂၁ ကိန်းဂဏန်းများအရ ကမ္ဘာ့စုစုပေါင်းမြေဧရိယာ၏ ၃၇ ရာခိုင်နှုန်းက စိုက်ပျိုးမြေ (Agricultural Land) ဖြစ်ပြီး ၃၁ ရာခိုင်နှုန်းသည် သစ်တောမြေ (Forest Land) နှင့် ကျန် ၃၂ ရာခိုင်နှုန်းသည် အခြားမြေ (Other Lands) များ ဖြစ်ကြပါသည်။
မြေအသုံးချရေး စီမံကိန်းပညာ (Land Use Planning) သည် သီးသန့်ဘာသာရပ်တစ်ခုဖြစ်သည်။ မြေနေရာတစ်ခုတွင် အားလုံးအတွက် အကျိုးအရှိဆုံးဖြစ်စေမဲ့ မြေအသုံးချနည်းကို ဆုံးဖြတ်ချက်ချခြင်းဖြစ်သည်။ နေထိုင်ကြသော အစုအဖွဲ့ (Community) တို့၏ လက်ရှိနှင့် အနာဂတ်ကာလ အကောင်းဆုံးဖြစ်အောင် ဆုံးဖြတ်ချက်ချခြင်း၊ မူဝါဒ (Policy) ချမှတ်ခြင်း စသည်တို့ဖြစ်ပါသည်။
မြေအသုံးချရေးနှင့် ပတ်သက်၍ တက္ကသိုလ်များသည် ဘွဲ့ကြို၊ ဘွဲ့လွန်ဒီဂရီ များ သင်ကြားပေးနေရာ..
- (က) မြေအသုံးချရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာစီမံကိန်း (Land Use and Environmental Planning, Cornell University, US)
- (ခ) မြေယာအလှဆင်ခြင်းနှင့် စီမံကိန်းများ (Land Scape Architecture and Planning, Wageningen U&R, The Netherlands)
- (ဂ) အိမ်နှင့်မြေယာရောင်းဝယ်ရေးနှင့် မြေယာစီမံခန့်ခွဲရေးပညာ (Real Estate and Land Management, Royal Agricultural University, UK)
- (ဃ) မြေယာစီးပွားရေးပညာ (Land Economy, University of Cambridge, UK)
- (င) မြေသိပ္ပံပညာ (Earth Science, Massey University, New Zealand)
- (စ) ပထဝီပညာ (Geography, Any University)
- (ဆ) ဘူမိဗေဒ (Geology, Any University)
- (ဇ) ကျေးလက်ဒေသမြေနှင့် စီးပွားရေးစီမံခန့်ခွဲခြင်းပညာ (Rural Lands and Business Management, The University of Reading, UK)
- (ဈ) စိုက်ပျိုးမြေလေ့လာခြင်းပညာ (Agricultural Land, The University of Queensland, Australia) စသည်တို့ဖြစ်ပါသည်။
အမေရိကန်နိုင်ငံ ပြည်နယ်တိုင်းတွင် ၁၈၆၂ ခုနှစ်ကစခဲ့သော မော်ရေးလ်ဥပဒေ (Morrill Act) အရ ဗဟိုအစိုးရ (Federal Government)သည် ပြည်နယ် အစိုးရတိုင်း (State Governments) ကို မြေဧရိယာ ဧကသောင်းကျော်အထိ မြေငှားခွင့်ပေးထားကာ ပြည်နယ်အတွက် လိုအပ်ချက်ရှိနေသော စိုက်ပျိုး၊ မွေးမြူရေး (Agriculture) နှင့် အင်ဂျင်နီယာ နည်းပညာ (Engineering and Technology) ကျောင်းများ ဖွင့်လှစ်စေပါသည်။ ပြည်နယ်သူ၊ ပြည်နယ်သားများသည် ထိုကျောင်းများသို့ တက်ရောက်မည်ဆိုပါက ကျောင်းလခ (Tuition Fees) အလွန်သက်သာပြီး ဘွဲ့ရလာပြန်ပါကလည်း ပြည်နယ်အတွင်း လိုအပ်လျက်ရှိသော အလုပ်အကိုင်ရရှိနိုင်သည့် အခွင့်အရေးများ (Employability – Employment Opportunity) ဦးစားပေးရရှိနိုင်စေပါသည်။ စိုက်ပျိုးမွေးမြူရေး (Agriculture) ဆိုသော်လည်း သစ်တော (Forestry)၊ တိရစ္ဆာန်ဆေးကုသရေး (Veterinary Medicine) တို့လည်း ပါဝင်ပါသည်။
အမေရိကန်နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးစနစ်သည် တက္ကသိုလ် (သင်ကြားရေး) (University - Teaching)၊ သုတေသန (Research) နှင့် တောင်သူပညာပေးရေး (Extension)သည် အရိပ်တစ်ခု၊ ထီးတစ်ချောင်းတည်း အောက်မှာပါ (Under one Umbrella)။ ကျွန်တော်တို့လို ဌာနများစွာ အကွဲကွဲအပြားပြား မဟုတ်ပါ။
ကမ္ဘာ့စိုက်ပျိုးနိုင်သောမြေ (Arable lands) သို့မဟုတ် စိုက်ပျိုး၊ မွေးမြူရေးမြေ (Agricultural Lands) အများဆုံး ၅ နိုင်ငံမှာ (၂၀၂၃)
- (၁) အမေရိကန်နိုင်ငံ - ၁၅၇.၇ ဟက်တာ (သန်း) (ဧကပေါင်း ၃၈၉.၈ သန်း)
- (၂) အိန္ဒိယနိုင်ငံ - ၁၅၆.၁ ဟက်တာ (သန်း)
- (၃) ရုရှားနိုင်ငံ - ၁၂၁.၆ ဟက်တာ (သန်း)
- (၄) တရုတ်နိုင်ငံ - ၁၁၉.၅ ဟက်တာ (သန်း)
- (၅) ဘရာဇီးလ် - ၅၅.၈ ဟက်တာ (သန်း) စသည်တို့ရှိပါသည်။
ကျွန်တော်တို့မြန်မာနိုင်ငံသည် စုစုပေါင်း မြေဧရိယာများသော်လည်း စိုက်ပျိုးမြေဧရိယာရာခိုင်နှုန်းမှာ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် အလွန်နည်းလှပါသည်။
ဇယား ၁ - မြန်မာနိုင်ငံနှင့် အာရှနိုင်ငံအချို့၏ စိုက်ပျိုးမြေအသုံးချမှု နှိုင်းယှဉ်မှု (၂၀၂၂)
မိမိနောက်တွင် လာအို၊ ဘရူနိုင်းနှင့် စင်္ကာပူကျွန်းနိုင်ငံသာ ကျန်ပါတော့သည်။ မြန်မာနိုင်ငံရှိ မြေများ မစိုက်ပျိုးနိုင်ရခြင်းမှာ လမ်းပန်းဆက်သွယ်မှု လုံခြုံရေးစသည်တို့နှင့် ဆိုင်သည်ဟု သုံးသပ်ကြပါသည်။
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးကြီးလှသော မြေအသုံးချရေး (Land Utilization) အကြောင်းကို တက္ကသိုလ်၊ သိပ္ပံ၊ ကျောင်းများ၊ သုတေသနဌာနများ ဝိုင်းဝန်းလေ့လာဖော်ထုတ်ကြပါစို့။
မှီငြမ်း - ဦးမိုဃ်း (လယ်ဝန်) ၂၀၁၅. ‘ကြေးတိုင် ဘယ်လဲ၊ ဘာလဲနှင့်’ စာပေလောကစာအုပ်တိုက်
(ဒေါက်တာမျိုးကြွယ်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်