အညာသူတွေဦးဆောင်တဲ့ ရိုးရာလက်မှုပညာစျေးကွက်

22/01/2018 16:20 PM တွင် Myanmar Now Myanmar Now မှ ရေးသား

အညာဒေသရက်ကန်းထည်ကို ခိုင်မာတဲ့စျေးကွက်ရောက်တဲ့အထိ အမျိုးသမီးတွေက စီစဉ်နေပါတယ်

ပခုက္ကူ (Myanmar Now) - မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်၊ ချိုင်ကျေးရွာထဲက အိမ်တစ်အိမ်မှာ ၃၅ နှစ် ဝန်းကျင်အမျိုးသမီးတစ်ဦး ရက်ကန်းခတ်နေပြီး ရက်ကန်းစင်ပေါ်မှာတော့ ပုံပေါ်စပြုလာတဲ့ ရောင်စုံ ချည်ထည်ကို တွေ့ရပါတယ်။

သူကတော့ အလုပ်နှစ်ခု လုပ်ကိုင်တဲ့ ကလေးနှစ်ယောက်မိခင် မတူးတူး ဖြစ်ပါတယ်။ မနက် ၈ နာရီဝန်းကျင်အထိ အကြော်ရောင်းပြီးတဲ့အခါ နောက်တိုးအလုပ်ဖြစ်တဲ့ ရက်ကန်းစင်ကို ပြေးရသူပါ။

 “အရင်က တစ်လ သုံးသောင်းလောက်ပဲ ရတယ်။ အခုကတော့ တစ်လကို တစ်သိန်းလောက် ရတယ်။ အကြော်ရောင်းတဲ့လုပ်ငန်းလည်း မပျက်ဘူး၊ လုပ်ငန်းနှစ်ခုလုပ်ရတော့ ဝင်ငွေနှစ်ခုရတယ်” လို့ မတူးတူးက ရက်ကန်းစင်မှာ ခန္ဓာကိုယ်ကို အချက်ကျကျ လှုပ်ရှားရင်း ပြောပြပါတယ်။

မတူးတူးတို့ဒေသမှာ ကာလအတန်ကြာ ရက်ကန်းခတ်သံ ခပ်တိုးတိုးထွက်ခဲ့ပြီး အခုမှ အသံ ကျယ်ကျယ် ပြန်ထွက်လာတာပါ။ ဒေသထွက် ရက်ကန်းထည်တွေ နာမည်ကျော်ခဲ့ပြီး ကချင်ရိုးရာ အဝတ်အထည်များပါ ရက်လုပ်နိုင်တဲ့ အနေအထားကနေ စျေးကွက် ပျက်ပြယ်၊ ရောင်းစျေးထိုးကျ၊ ပြည်ပ အဝတ်အထည် မျိုးစုံ ဝင်ရောက်လာတာတို့ကြောင့် ရက်ကန်းထည်ထွက်ရှိမှု ရပ်တန့်လုနီးပါး ဖြစ်ခဲ့ရတာပါ။

အကူအညီပေးရေး အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး လုပ်ကိုင်တာ အရှိန်ရလာတာကြောင့် သားစဉ်မြေးဆက် လက်ဆင့်ကမ်းလာတဲ့ လက်မှုပညာ ရက်ကန်းလုပ်ငန်းကို တွင်တွင်ကျယ်ကျယ် ပြန်လည် လုပ်ကိုင်နေကြပါပြီ။ ရိုးရာ ရက်ကန်းထည်၊ ချည်ထည်တွေကို စျေးကွက်သစ် ထိုးဖောက်နိုင်ပါပြီ၊ စျေးကွက်ရောက်ရှိရေးမှာ ပါဝင် ဦးစီးနေတာကတော့ ဒေသခံ အမျိုးသမီးတွေကိုယ်တိုင်ပဲ ဖြစ်ပါတယ်။

အမျိုးသမီး ဦးဆောင်မှု

ပုဂံ၊ ညောင်ဦး၊ ပခုက္ကူ၊ မြိုင်မြို့နယ် ဒေသခံတွေကို ထိတွေ့ထားတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာအကူအညီပေးရေး အဖွဲ့များထဲက ActionAid အဖွဲ့ဟာ တိမ်မြုပ်နေတဲ့ ရက်ကန်း၊ စက်ချုပ်၊ ကြိမ်ထည်လုပ်ငန်းတွေ ပြန်လည် ဖော်ထုတ်ဖို့ ၂ဝ၁၃ ခုနှစ်က စတင်ပြီး ကြိုးစားခဲ့ပါတယ်။

ကျေးရွာပေါင်း ၁၃၄ ရွာက ဒေသခံ ၂,၅ဝဝ ဝန်းကျင်ကို လိုအပ်တဲ့ သင်တန်းတွေ၊ ကုန်ကြမ်းတွေ ပေးအပ်ထောက်ပံ့ပြီးပြီ၊ ကုန်ချောအတွက် စျေးကွက်လည်း ဖော်ဆောင်ထားတယ်လို့ ဒီအဖွဲ့ရဲ့ စီမံချက်တစ်ခုဖြစ်တဲ့ လူမူစီးပွားဖွံ့ဖြိုးမူကွန်ရက်မှ စီစဉ်ညှိနှိုင်းရေးမှူး မမေသဥ္ဖာကျော်စိုးက ပြောပါတယ်။

ရက်ကန်းထည်တွေဟာ နိုင်ငံခြားသားတွေ၊ လူလတ်တန်းစားတွေကြားမှာ ရေပန်းစားနေတယ်၊ ၂ဝ၁၆ တစ်နှစ်လုံး ရောင်းရငွေက သိန်း ၇ဝဝ ကျော် ရှိတယ် လို့လည်း သူက ရှင်းပြပါတယ်။
“ရိုးရာဆိုတာက ကျွန်မတို့ထိန်းသိမ်းနေသရွေ့ လွယ်လွယ်နဲ့ ပျောက်ကွယ်သွားမယ့်အရာ မဟုတ်ဘူး၊ အမြဲတမ်းရှိနေဦးမှာပဲ” လို့ မမေသဥ္ဖာကျော်စိုးက ဆိုပါတယ်။

စီမံချက်အရ အမျိုးသမီးလက်မှုပညာ ကုန်ထုတ်လုပ်သူများအသင်းကိုလည်း ဖွဲ့စည်းထားပါတယ်၊ အသင်းဝင် ၇ဝဝ ဝန်းကျင်ရှိပါတယ်၊ ဦးဆောင်သူတွေကလည်း အမျိုးသမီးတွေပါပဲ။

နိုင်ငံတကာ စီမံကိန်းတစ်ခုဖြစ်တဲ့ အသက်မွေး ဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာ ဖူလုံရေး ရန်ပုံငွေအဖွဲ့ရဲ့ ၂ဝ၁၅ နှစ်ပတ်လည် အစီရင်ခံစာမှာတော့ ဒီလုပ်ငန်းရဲ့ အရောင်းတိုးတက်မှုနှုန်းက ၂၁ ရာခိုင်နှုန်းရှိတယ်လို့ ဆိုထားပါတယ်။ ဒါဟာ ၂ဝ၁၅ ခုနှစ် ရေဘေးကျရောက်မှု၊ ရွေးကောက်ပွဲကာလကြောင့် ခရီးသွားလုပ်ငန်း ကျဆင်းမှု ဆိုတဲ့ အခြေအနေတွေအောက်မှာ ဖြစ်ထွန်းခဲ့တဲ့ တိုးတက်မှုလို့ ဆိုပါတယ်။

ထွက်ကုန်စျေးကွက်ရောက်ရှိရေး လုပ်ငန်းမှာ အမျိုးသမီးတွေ ပါဝင်တယ်၊ ဒီစီမံချက်ကနေ "ကလေးသူငယ် စောင့်ရှောက်မှု၊ ဥပဒေရေးရာအကူအညီ၊ နိုင်ငံသားစိစစ်ရေးကတ်ရရှိရေး"လိုမျိုး ခါတိုင်း လက်လှမ်း မမီကြတဲ့ ဝန်ဆောင်မှုတွေ ပေးသွားမယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ဝယ်ယူခြင်းဖြင့် ကူညီမှု

ကွန်ရက်ရဲ့စီမံချက်ထဲမှာ M-Boutik ဆိုတဲ့ ရိုးရာလက်မှု ပစ္စည်းဆိုင်လည်း ပါဝင်ပါတယ်။ ဒီဆိုင်ကို ညောင်ဦးမြို့မှာ တွေ့ရမှာပါ။ ဆိုင်တံဆိပ်နဲ့ထုတ်လုပ်ထားတာတွေကို ရန်ကုန်၊ မန္တလေး၊ ညောင်ရွှေအစရှိတဲ့ ဒေသတွေက ဟိုတယ်၊ လက်မှုပစ္စည်းဆိုင်တွေက မှာယူကြပါတယ်။

ချည်ထည် အဝတ်အစား၊ ခေါင်းအုံးစွပ်၊ ဆိုဖာစွပ်၊ လွယ်အိတ် အစရှိတဲ့ လက်လုပ် ပစ္စည်းတွေ မှာကြတဲ့အခါ ၆ဝ ရာခိုင်နူန်း စရံငွေယူပြီး လက်ခံတယ်၊ ဒီငွေကို ကုန်ကြမ်းဝယ်ရာမှာ သုံးတယ်၊ ရသမျှ အမြတ်ဟာ ထုတ်လုပ်သူတို့ရဲ့ လုပ်အားခပါပဲလို့ ကွန်ရက်ရဲ့ စီစဉ်ညှိနှိုင်းရေးမှူး မမေသဥ္ဖာကျော်စိုးက ပြောပါတယ်။

စီမံကိန်းကို ၂ဝ၁၉ ခုနှစ်အထိ တိုးချဲ့လုပ်ကိုင်ပြီးရင် အမျိုးသမီး လက်မှုပညာ ကုန်ထုတ်လုပ်သူများအသင်း လက်ထဲ လုပ်ငန်းစဉ်ကြီးတစ်ခုလုံး လွှဲပြောင်းပေးမယ်၊ ဒေသခံတွေ ကိုယ်တိုင် ရပ်တည်နိုင်ဖို့ သင်ကြားမှုပိုင်း အပါအဝင် လိုတဲ့ အကူအညီကိုလည်း ActionAid က ဆက်ပေးသွားမယ်လို့ သိရပါတယ်။

ကျေးလက်ဒေသအမျိုးသမီး အများအပြားဟာ ဝင်ငွေ မရှိကြပါဘူး၊ အသက်မွေးဝမ်းကျောင်းသင်တန်း၊ အလုပ်အကိုင်ဖန်တီးမှု အကူအညီတွေရပြီးရင်တော့ သူတို့ ဝင်ငွေရလမ်း ပေါ်လာပါပြီ။ သူတို့ရဲ့ ထုတ်ကုန်တွေကို ဝယ်ယူအားပေးခြင်းဟာလည်း အမျိုးသမီးတွေ ဝင်ငွေရရေးကို အားပေးထောက်ခံရာ ရောက်သလို သူတို့နဲ့ သူတို့ရဲ့မိသားစုများဘဝ တိုးတက်ရေးကို တိုက်ရိုက် လုပ်ကိုင်ပေးရာရောက်ပါတယ်လို့ အကူအညီပေးရေးအဖွဲ့တွေက ထောက်ပြပါတယ်။

မြိုင်မြို့နယ် ကျစ်တီးကျေးမှာ ထန်းလျက်ကြို၊ ထင်းခွေ၊ ပေါင်းနုတ် စတဲ့ အလုပ်စုံ လုပ်ကိုင်သူ ဒေါ်ဌေးကြွယ်ဟာ နေ့စဉ် ဝင်ငွေ ၄ဝဝ ကျော်ကျော်သာ ရှိခဲ့ပါတယ်။ အခုတော့ အထည်ချုပ် အိမ်တွင်းမှု လုပ်ငန်းက သူ့အတွက် ဝင်ငွေ ၄,ဝဝဝ ဝန်းကျင် နေ့စဉ် ဖန်တီးပေးနေပါပြီ။

“အရင်တုန်းကလိုတော့ စားဖို့သောက်ဖို့ မပူရတော့ဘူးပေါ့” လို့ ဒေါ်ဌေးကြွယ်က ဆိုပါတယ်။

ဒေသခံလူငယ်အများစုဟာ ရန်ကုန်၊ မကွေး စတဲ့မြို့ကြီးများအပြင် အိမ်နီးချင်းနိုင်ငံတွေအထိ သွားရောက် လုပ်ကိုင်နေကြတာပါ။ ကျေးလက်ဒေသ အလုပ်အကိုင် ဖန်တီးပေးတဲ့ အစီအစဉ်တွေက လူငယ်တွေ နေရပ် စွန့်ခွာတာကို လျှော့ချပေးနိုင်တယ်လို့ ဒေါ်ဌေးကြွယ်က ရှင်းပြပါတယ်။

စျေးကွက်ချဲ့ထွင်မှု

ဒေသခံ ရက်ကန်းသမား အများစုက ကုန်ကြမ်းကို နီးစပ်ရာဆိုင်တွေမှာ ဝယ်ကြပြီး ရက်ကန်းထည် ထွက်လာရင် အဲဒီဆိုင်တွေမှာပဲ ပြန်သွင်းကြတဲ့အတွက် ဝင်ငွေနည်းပါးခဲ့ပါတယ်။

လိုအပ်တဲ့ သင်တန်းတက်ပြီးတဲ့နောက်မှာတော့ ပိုမို အမြင်ကျယ်လာပါပြီ။ ကွန်ရက်က အဆင့်ဆင့် တာဝန်ယူ လုပ်ကိုင်သွားတာဖြစ်လို့ စျေးကွက်အတွက်လည်း စိတ်မပူရပါဘူး။ ပေးတဲ့ ဒီဇိုင်းကို အရည် အသွေး ပြည့်မီအောင် ရက်လုပ်ပေးနိုင်မယ်ဆိုရင် လုပ်အားခချည်းသက်သက် တစ်နေ့ ၄,ဝဝဝ ဝန်းကျင် ရနိုင်ပါတယ်။ ဒါက ကျေးလက်ဒေသအတွက် မနည်းတဲ့ ငွေကြေးပမာဏပါပဲ။ ကုန်ကြမ်းဝယ်ဖို့ ငွေ စိုက်ထုတ်ပေးထားတဲ့ အစီအစဉ်ကြောင့် အရင်းအနှီးအတွက် ပူစရာမလိုတာကလည်း အားသာချက်ပါ။

အပ်ထည်တွေပုံကျလာတဲ့အခါ သတ်မှတ်ချိန်အတိုင်း ပြီးစီးဖို့ စုစုဝေးဝေး လုပ်ကိုင်ကြရတာမျိုးအတွက် နေရာထိုင်ခင်း၊ လုပ်ငန်းသုံး ပစ္စည်း မလုံလောက်တဲ့ အခက်အခဲများကတော့ ရှိနေတုန်းပဲလို့ အမျိုးသမီး လက်မှုပညာကုန်ထုတ်လုပ်သူများအသင်းရဲ့ ဥက္ကဋ္ဌ မမော်မော်လွင်က ဆိုပါတယ်။

ပူးပေါင်းဆောင်ရွက်ရာမှာ ချုပ်ရိုးချုပ်သား သေသပ်မူ၊ အချိန်မီပြီးစီးမှုတို့နဲ့ ပတ်သက်တဲ့ အားနည်းချက်တွေ ရှိနေတာမျိုးကိုတော့ ဖြေရှင်းရဦးမယ်လို့ ကျစ်တီးကျေးရွာသူ ဥက္ကဋ္ဌက ဆိုပါတယ်။ အကူအညီပေးအဖွဲ့ရဲ့ ဝန်းရံမှု မရှိရင် စျေးကွက်တိုးချဲ့ရေး ခက်ခဲမှာကို မမော်မော်လွင်က စိုးရိမ်နေပါတယ်။

“စျေးကွက်ကိုတော့ ထိုးဖောက်ကြည့်ချင်တယ်။ ရန်ကုန်ကနေ လှမ်းမေးနေတာတွေတော့ ရှိနေတယ်။ အဖွဲ့နဲ့ကလည်း ပြန်တိုင်ပင်နေရတယ်။ သူတို့က လုပ်ရဲရင်တော့ ကျွန်မတို့လည်း ရှေ့ကသွားရဲတယ်” လို့ အသင်း ဥက္ကဋ္ဌ မမော်မော်လွင်က ဆိုပါတယ်။

ချိုင်ကျေးရွာထဲက ရက်ကန်းသံညံနေတဲ့အိမ်လေးထဲမှာတော့ အကြော်သည် မတူးတူးက အားကြိုးမာန်တက် ရက်ကန်းရက်နေဆဲပါ။ ကြုံရာကျပန်းလုပ်ကိုင်တဲ့ အမျိုးသားရဲ့ဝင်ငွေကိုပဲ အားထားရတဲ့ဘဝကနေ လွတ်မြောက်လာပါပြီ။ မတူးတူးရဲ့ လစဉ်ဝင်ငွေ တစ်သိန်းနီးပါးဖြစ်လာတဲ့အတွက် မိသားစုမှာ ငွေပိုငွေလျှံ ရှိလာသလို သူ့သားနှစ်ယောက်အတွက် စိတ်ကူးထားတာလေးတွေလည်း အကောင်အထည်ဖော်ဖို့ နီးစပ်လာပါပြီ။

“ကျွန်မ ပိုက်ဆံလေးတွေ စုထားတယ်၊ ဒီသားလေးတွေကို ရှင်ပြုပေးရအောင်လို့။ တော်တော်လည်း စုနိုင်နေပြီ” လို့ မတူးတူးက သားနှစ်ယောက်ကို ပြုံးကြည့်ရင်း ပြောလိုက်ပါတယ်။ ။

အောင်ငြိမ်းချမ်း/Myanmar Now


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်