ပဲမျိုးစုံ (အပိုင်း-၁)

28/08/2023 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (87)  Food Legumes Part - 1

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၈၇) ပဲမျိုးစုံ (အပိုင်း-၁)

ဒီဆောင်းပါးအကြောင်းမရေးခင် ကျွန်တော့်ကို စိုက်ပျိုးရေးပညာသင်ကြားပေးလိုက်ပါသော ယနေ့အထိသင်ကြားပေးနေသော စိုက်ပျိုးရေးတက္ကသိုလ်နှင့် အခြားဌာနများ (Government Sectors)၊ ပုဂ္ဂလိက ကဏ္ဍများ (Private Sectors) မှ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအား ဤနေရာမှနေ၍ ဦးညွတ်ကန်တော့အပ်ပါသည်။ ပဲမျိုးစုံသည် ကျွန်တော်တို့ မြန်မာနိုင်ငံ၌ ဆန်စပါးပြီးလျှင် ဒုတိယနိုင်ငံခြားဝင်ငွေရှာဖွေပေးနေသော နောင်လည်း နိုင်ငံခြားငွေရှာပေးနေဦးမည်ဖြစ်သော သီးနှံဖြစ်ပါသည်။

နိဒါန်း/မိတ်ဆက် (Introduction)

ပဲမျိုးစုံသီးနှံကို ရုက္ခဗေဒနည်းဖြင့် အပင်အမျိုးအစားခွဲခြား (Botanical Classification) ရာတွင် အရေးပါသောပဲမျိုးရင်း (Family - Leguminosae) တွင် ပါဝင်နေပါသည်။ မျိုးကွဲပေါင်း ၂၀၀၀၀ အထိရှိပါသည်။ ဤသီးနှံတွင်ပါဝင်သော များပြားလှသည့် ပရိုတင်းဓာတ် (High Protein Content) ကြောင့် လူသားများအတွက် အာဟာရဓာတ် (Human Nutrition and Health)၊ တိရစ္ဆာန်များအတွက် အာဟာရဓာတ် (Animal Nutrition)နှင့် လေထဲမှနိုက်ထရိုဂျင်ကိုဖမ်းယူပေးသဖြင့် (Nitrogen Fixation from the Air) မြေဆီလွှာကောင်းမွန်ရေး (Soil Fertility  Improvement) နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး (Environmental Conservation) အတွက် အလွန်အသုံးဝင်သော သီးနှံများဖြစ်ပါသည်။ 

ကမ္ဘာ့သီးနှံထုတ်လုပ်ရေးတွင်လည်း နှံစားသီးနှံ (Cereal Crops) နှင့် ဆီထွက်သီးနှံ (Oilseed Crop) ပြီးလျှင် တတိယအများဆုံးထုတ်လုပ်ပေးသော သီးနှံဖြစ်ပါသည်။

ပဲမျိုးစုံ (Pulses, Grain Legumes, Food Legumes, Peas and Beans) သီးနှံအုပ်စုတစ်ခုတည်းပင် လူတစ်ယောက် ပရိုတင်းလိုအပ်ချက် (The dietary protein nitrogen needs of Humans) ၏ ၃၃ ရာခိုင်နှုန်း ဖြည့်စွမ်းပေးနိုင်ပြီး အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံ များရှိ လုပ်ကွက်ငယ်၊ ဝင်ငွေနည်းပါးသော တောင်သူများ စိုက်ပျိုးမှုသည် စိုက်ဧရိယာ စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းကျော်ကျော် ရှိပါသည်။

ပဲမျိုးစုံအပင်များ၏ ကြီးထွားဖွံ့ဖြိုးမှု၊ မျိုးပွားမှုဆိုင်ရာ ဇီဝကမ္မဖြစ်စဉ်များ (Physiology of Legume Growth, Development and Reproduction)နှင့် အပင်များစိုက်ပျိုးရာတွင် အပင်၏ကြီးထွားမှုဖြစ်စဉ်ကို တောင်သူဦးကြီးများအတွက် ဗဟုသုတအနေနှင့် တင်ပြဆွေးနွေးပါမည်။

အညှောက်ပေါက်မှုဇီဝကမ္မဖြစ်စဉ် (The physiology of germination) 

ပဲမျိုးစုံအများစုမှာ အစေ့ကြီး (Large seed) ဖြစ်သည်ကို အထက်တန်းကျောင်းသားဘဝကတည်းက ဇီဝဗေဒ (Biology) တွင် သင်ယူခဲ့ရ လေ့လာခဲ့ရပါသည်။ 

ပုံ - ၁ ပဲပင်အညှောက်ပေါက်ခြင်း

အညှောက်ပေါက်ခြင်းကို အစေ့တွင်းဖြစ်စဉ် (Intrinsic or Internal Factors) ၂ မျိုးနှင့် အစေ့ပြင်ပဖြစ်စဉ် (Extrinsic or External Factors) ၃ မျိုးက လွှမ်းမိုးနေပါသည်။

(က) အစေ့တွင်းမျိုးစေ့ အသက်နှင့် အညှောက်ပေါက်နိုင်စွမ်းအား  (Age and Viability)

ပဲမျိုးစုံတွင် ဆီပါဝင်မှုများသည့်အုပ်စု အပင် ၂ ပင်သည် ပဲပုပ် (Soy or Soya bean) နှင့် မြေပဲ (Peanut/Groundnut)ဖြစ်ပြီး ပရိုတင်းများပြီး ဆီပါဝင်မှုနည်းသည့် အုပ်စု (ကျန်ပဲပင်များ) ၂ စု ရှိပါသည်။ ဆီပါဝင်သောပဲအုပ်စုသည် သက်တမ်းနည်းသဖြင့် အညှောက်ပေါက်နိုင်သည့်အတွက် နောက်ရာသီ ပြန်လည်စိုက်ပျိုးရန်အတွက် ကြာကြာသိုလှောင်၍ မရနိုင်ပါ။ အထူးသဖြင့် ကျွန်တော်တို့မြန်မာနိုင်ငံလို စိုထိုင်းဆ (Relative Humidity) များသည့် အပူပိုင်းနိုင်ငံများမှာ အပင်ပေါက်ညံ့သည့်အပြင် မျိုးစေ့ဆောင်ရောဂါများ (Seed-Borne Diseases) လည်း ပိုမိုပေါက်ပွားနိုင်ပါသည်။ မြေပဲကို မျိုးအတွက် အတောင့်လိုက် လှောင်နိုင်ပါက ပိုကောင်းပါမည် (သီးနှံတစ်မျိုးခြင်း အလိုက်ရေးသေားသောအခါ အသေးစိတ်ဆွေးနွေးပါမည်)။ ဖွံ့ဖြိုးပြီးသောနိုင်ငံများတွင်မူ အအေးခန်း (Cold Storage Room) များနှင့် မျိုးစေ့ကိုသိုလှောင်ကြပါသည်။ မျိုးစေ့များသည်လည်း သက်ရှိများဖြစ်သည့်အလျောက် သူတို့၏ ဇီဝဖြစ်စဉ် (Metabolism) ရှိနေ၍ မစိုက်ခင် သတိထားသိုလှောင် သိမ်းဆည်းရပါမည်။ ယခုခေတ်တွင်မူ ပုဂ္ဂလိကမျိုးစေ့ကုမ္ပဏီများစွာရှိလာ၍ အပင်ပေါက် ရာခိုင်နှုန်း (Germination Percentage) ဘယ်လောက်ရှိပါသည် ပြော၍ ရောင်းချနေပါသည်။

(ခ) မျိုးစေ့ငုတ်ချိန်/မျိုးစေ့ငုတ်မှု (Dormancy) 

မျိုးစေ့ငုတ်ချိန်ဆိုသည်မှာ မျိုးစေ့များ ရေ၊ လေ၊ မြေ၊ ပတ်ဝန်းကျင် အဆင်ပြေသော်လည်း အညှောက်မပေါက်ဘဲ ယာယီမျိုးစေ့အတိုင်းပင်ရှိနေခြင်းကို ဆိုလိုပါသည်။ (Inability of a fully mature seed to germinate in favorable condition) ပဲမျိုးစုံသီးနှံတွင် ဇီဝကမ္မဗေဒဆိုင်ရာ မျိုးစေ့ငုတ်မှု (Physiological Seed-dormancy) နှင့် မျိုးစေ့မာကြောမှုကြောင့် မျိုးစေ့ငုတ်မှု (Mechanical Seed-dormancy/Hard-seededness) ဟူ၍ နှစ်မျိုးရှိပါသည်။

ဇီဝဖြစ်စဉ်မှာ မျိုးစေ့သည် ရင့်မှည့်ပြီး (Fully mature) သော်လည်း ဟန့်တားထားသော ဟော်မုန်း (Inhibitor/Hormone) တစ်မျိုးကြောင့် ရိတ်သိမ်းဆွတ်ခူးပြီးပြီးခြင်း အညှောက်မပေါက်သေးဘဲ ခေတ္တအနားယူနေခြင်း (Temporarily Resting) သဘောဖြစ်ပါသည်။ မျိုးစေ့မာကြောမှု အထူးသဖြင့် ပဲမျိုးနွယ်သစ်ပင်ကြီး (Tree Legumes) များ၏အစေ့တွင် ရေဓာတ်သည် မျိုးစေ့မာကြောမှုကြောင့်လည်းကောင်း အတွင်းသို့မထိုးဖောက်နိုင်သဖြင့် အပင်အညှောက်မပေါက်ဘဲ အစေ့ငုတ်နေခြင်းဖြစ်ပါသည်။ သတ်မှတ်မျိုးစေ့အလိုက် မျိုးစေ့အခွံ (Seed Coat) ကို ပွန်းတိုက်ပေး၍လည်းကောင်း၊ အက်ဆစ်ပျော့ (သို့မဟုတ်) ရေနွေးပူ (၆၀ ဒီဂရီခန့်) ပေးလျှင် အပင်ပေါက်လာနိုင်ပါသည်။ မြန်မာနိုင်ငံတွင်စိုက်ပျိုးသော ပဲမျိုးစုံသီးနှံများအတွက် မလိုအပ်ပါ။ 

လတ်ဆက်သောမျိုးစေ့များ (Fresh mature seeds) အတွက် အစေ့ငုတ်ချိန်ရှိခြင်းက ကွင်းထဲတွင် မိုးမိ၍ အညှောက်မပေါက်နိုင်ပါ။ အောက်ဖော်ပြပါပုံတွင် မြေပဲမျိုးနှစ်မျိုးကို ဖော်ပြထားပါသည်။ (ပုံ-၂)

ပုံ - ၂ မြေပဲနှစ်မျိုးတွင် ညာဘက်က ICGV 00350 မှာ အညှောက်ပေါက်နေ၍ မျိုးစေ့အဖြစ်သိမ်းရန် မလွယ်တော့ပါ။

(ဂ) အစိုဓာတ်ရရှိမှု (Moisture Supply) 

အစိုဓာတ်လုံလောက်စွာရရှိမှုသည် ပဲပင်များ အပင်ပေါက်ကောင်းရန်အတွက် အဓိကအရေးပါသောအချက်ဖြစ်ပါသည်။  ဥပမာ ပဲပုပ်တွင် မျိုးစေ့အလေးချိန်၏ အနည်းဆုံး ၅၀ ရာခိုင်နှုန်း အစိုဓာတ်ရောက်မှ အပင်ပေါက်သေချာပါသည် (စပါးတွင် ၂၆-ရာခိုင်နှုန်းနှင့် ပြောင်းဖူးတွင် ၃၀-ရာခိုင်နှုန်းသာ လိုအပ်ချက်ရှိသည်နှင့် နှိုင်းယှဉ်နိုင်ပါသည်)။ ပဲမျိုးစုံသီးနှံအတွက် မုတ်သုံမိုးကိုအားကိုး၍ စိုက်ပျိုးရာမှာ မသေချာ မရေရာသောမိုးကြောင့် ချိန်ဆစိုက်ပျိုးရာတွင် အလွန်အရေးကြီးပါသည်။ ရာသီဥတုပြောင်းလဲမှု (Climate Change) ကြောင့် မိုးစတင်ရွာသွန်းချိန်နှင့် မိုးရွာမှုပြောင်း လဲသွားသည်ကို တောင်သူဦးကြီးများ သတိပြုနိုင်ရန်ဖြစ်ပါသည်။ ယာသီးနှံများအတွက် အစိုဓာတ်လိုအပ်သလို အပင်ပေါက်ခါစမှာ အစိုဓာတ်များပြီး ရေဝပ် (Water-logged Condition) နေသည့်ဒဏ်ကိုလည်း သတိထားရပါမည်။

ပုံ - ၃ ကုလားပဲ၊ စားတော်ပဲစသည်တို့သည် အစေ့ရွက်မြေအောက်တွင်ပေါက်၍ ပဲကြီး၊ ထောပတ်ပဲစသည်တို့သည် အစေ့ရွက်မြေပေါ်တွင်ပေါက်သည့်ပုံ

(ဃ) လေဝင်လေထွက်ကောင်းမွန်မှု (Aeration) 

ပဲပင်များအညှောက်ပေါက်ရန် လိုအပ်နေသော ပတ်ဝန်းကျင်ဇီဝကမ္မဗေဒ (Environmental Physiology)  ဆိုင်ရာ အချက်တစ်ချက်မှာ မြေကြီးအတွင်း လေဝင်လေထွက်ကောင်းမွန်ရန် ပြုလုပ်ရမည်ဖြစ်ပါသည်။ အထူးသဖြင့် မြေဆီလွှာဖွဲ့စည်းတည်ဆောက်ပုံ (Soil Texture) နှင့် သက်ဆိုင်ပါသည်။ နုံးမြေ (Silt/Loam)၊ သဲဆန်သောမြေ (Sandy Soil) တို့သည် မြေစေး (Clay) တို့ထက် လေဝင်လေထွက်ကောင်းမွန်ပါသည်။ သို့သော်သဲဆန်လွန်းသွားပါကလည်း မြေကြီးတွင်အစိုဓာတ် ကြရှည်စွာမနေတော့ပါ။ ထို့အတွက် သဘာဝ မြေဩဇာများဖြစ်သော မြေဆွေး၊ သစ်ရွက်ဆွေး (Compost/Humus)၊  ဩဂဲနစ် ပစ္စည်းများ (Organic matters)၊ တိရစ္ဆာန်အညစ်အကြေးများ (Animal manures) စ သည်တို့နှင့် ထိန်းသိမ်းထားရပါမည်။

(င) အပူချိန် (Temperature) 

ပဲပင်များအညှေက်ပေါက်ကောင်းနိုင်ရန် သင့်တော်သော အပူချိန် (Optimum Temperature) ရရှိနိုင်ရန်လည်း အရေးကြီးပါသည်။ ပဲပင်များအတွက် အသင့်တော်ဆုံး အပူချိန်မှာ ၂၀-၃၀ ဒီဂရီစင်တီဂရိတ်ကြားဖြစ်ပါသည်။ ပဲပင်တစ်မျိုးနှင့်တစ်မျိုး မျိုးကွဲအလိုက်တော့ အနည်းငယ် ကွာခြားမှုရှိနိုင်ပါသည်။ 

ပုံ - ၄ အညှောက်ပေါက်ခြင်းသုတေသနကို ရေခဲထည့်၍ အပူချိန်ကျသွားသောကြောင့် ပဲပင်များ အညှောက်မပေါက်ပုံ

မျိုးစေ့၏ အရည်အသွေး (Seed Quality) သည်လည်း ပဲပင်များအပါအဝင် သီးနှံပင်များတိုင်း အရေးကြီးပါသည်။  တစ်ချို့အညှောက်ပေါက်သော်လည်း မျိုးစေ့တွင် ကြီးထွားသန်စွမ်းနိုင်သော အရည်အသွေး (Seed Vigour) နည်းနေ၍ ဖွံ့ဖြိုးသန်မာသော အပင်များဖြစ်မလာဘဲ ပိန်လှီနေကာ အမြင့်ဆုံးအထွက်ကို မပေးနိုင်တော့ပါ။ (ပဲမျိုးစုံအကြောင်းဆက်ပါဦးမည်)

(မှီငြမ်းစာအုပ်များ) References

Biddle, A.J. (2017) Peas and Beans. CABI. 179p.

Smartt, J. (1976) Tropical Pulses. Longman. 348p. 

Summerfield, R.J. and Roberts, E.H. (1985) Grain Legume Crops. Collins. 859p.

(ဒေါက်တာမျိုးကြွယ်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်