ဘဝဆိုတာ လွယ်ကူပါတယ်။ ဘာကြောင့် ခက်ခဲအောင်လုပ်နေကြမှာလဲ။

16/01/2018 11:49 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ကျွန်တော်ဘဝမှာ လူတိုင်းကိုပြောချင်တဲ့ စကားတစ်ခွန်းရှိပါတယ်။ အဲဒါကတော့ ဘဝဆိုတာ ရိုးရိုးရှင်းရှင်းလွယ်လွယ်ကူကူလေးပါပဲ။ အရမ်းလွယ်ကူပါတယ်။ ပြီးတော့ ပျော်ဖို့လည်းကောင်းပါတယ်။ အရင်ကတော့ ကျွန်တော် ဒါကို မတွေးခဲ့ဖူးပါဘူး။ ကျွန်တော် ဘန်ကောက်မှာ ရှိစဉ်တုန်းက ဘဝဆိုတာ အရမ်းခက်ခဲပြီး အရမ်းကိုပဲ ရှုပ်ထွေးလွန်းပါတယ်။ ကျွန်တော့်ကို ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းမှာရှိတဲ့ ဆင်းရဲတဲ့ ရွာလေးတစ်ရွာမှာ မွေးဖွားခဲ့ပါတယ်။ ကျွန်တော် ကလေးဘဝတုန်းက အရာရာတိုင်းဟာ ရိုးှရှင်းလွယ်ကူပြီး စိတ်ကျေနပ်စရာအပြည့်ပါ။ ရွာကို တီဗီတွေ ရောက်လာတဲ့အခါမှာတော့ ရွာကလူတွေက ကျွန်တော်ကို ပြောကြတယ်။ မင်းက ဆင်းရဲတယ်။ မင်းက ဘဝမှာ အောင်မြင်မှုနောက်ကို လိုက်ကိုလိုက်ရလိမ့်မယ်။ မင်းဘဝမှာ အောင်မြင်မှုတွေရအောင် ဘန်ကောက်ကို သွားဖို့လိုတယ်။ ဒီတော့ကျွန်တော်လည်း ဝမ်းနည်းလာတယ်။ ကျွန်တော်က ဆင်းရဲတယ်။ ဟုတ်တယ် ကျွန်တော် ဘန်ကောက်ဆိုတဲ့ မြို့ကြီးကို တက်ဖို့လိုတယ်။

ကျွန်တော် ဘန်ကောက်ကိုရောက်တော့ ဘန်ကောက်က ပျော်ဖို့မကောင်းဘူးဗျ။ အများကြီးသင်ယူဖို့လိုအပ်လာတယ်။ ကြိုးကြိုးစားစားလုပ်ဖို့လိုလာတယ်။ ဒါမှ အောင်မြင်မှုရရှိမယ်။ ကျွန်တော် အလုပ်ကို အရမ်းကြိုးစားပြီးတော့ လုပ်တယ်။ တစ်နေ့ကို အနည်းဆုံး (၈)နာရီလုပ်တယ်။ ဒါပေမယ့် ကျွန်တော့် ထမင်းနပ်တွေအတွက် စားနိုင်တာက ခေါက်ဆွဲပြုတ်တစ်ပွဲပဲရှိတယ်။ အချို့အချိန်တွေမှသာ ဆန်ညို ကိုစားနိုင်တယ်။ အဲဒီမှာ အရမ်းဆိုးတယ်ဗျာ။ အခန်းကျဉ်းလေးထဲမှာ လူတွေအများကြီးအိပ်ရတယ်။ အရမ်းလည်းပူတယ်ဗျာ။ ကျွန်တော့်ကိုယ် ကျွန်တော် မေးခွန်းတွေ ပြန်ထုတ်ဖြစ်တယ်။ ကျွန်တော် အလုပ်ကို ကြိုးကြိုးစားစားနဲ့ လုပ်သလောက် ကျွန်တော့်ဘဝက ဘာကြောင့်ခက်ခဲနေရတာလဲ။  ဒါတစ်ခုခု မှားယွင်းနေတာ သေချာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် အများကြီးအား စိုက်ထုတ်ပေမယ့် ကျွန်တော့်အတွက် လုံလုံလောက်လောက် မရရှိဘူး။ ကျွန်တော်ကြိုးစားပြီး လေ့လာတယ်။ ကြိုးစားပြီးသင်ယူတယ်။ ကျွန်တော် တက္ကသိုလ်ကြီးမှာ ကြိုးစားပြီး သင်ယူတယ်။ တက္ကသိုလ်မှာ သင်ယူရတာ အရမ်းပဲ ခက်ခဲလွန်းတယ်ဗျာ။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒါကြီးက အရမ်းပျင်းရိဖို့ကောင်းတယ်ဗျ။ ပထမဆုံးကျွန်တော် တက္ကသိုလ်မှာ သင်ယူဖို့ ဘာသာရပ်တွေကို လိုက်ကြည့်တယ်။ တက္ကသိုလ်ရဲ့ဌာနအများစုမှာ သင်ယူစရာ အသိပညာတွေ နည်းပါးနေတယ်ဗျာ။ အဲဒီမှာ ကျွန်တော်အတွက် ကျွန်တော် သင်ယူချင်တာတွေရှိမနေဘူးဗျ။

ဆိုပါတော့ ခင်ဗျားက ဗိသုကာပညာ၊ အင်ဂျင်နီယာ ပညာကို လေ့လာမယ်ဆိုပါတော့ အဲဒါက ခင်ဗျားအများကြီး ဖျက်စီးရလိမ့်မယ် ဆိုတာကို ရည်ညွှန်းတာပဲ။ လူများများလုပ်လေ တောင်တွေများများ ဖျက်စီးခံရလေပါပဲ။ ပြီးတော့ကျာက်ဖုရားမြစ်နားက   ကောင်းမွန်လှတဲ့ မြေကြီးတွေကို ကွန်ကရစ်တွေနဲ့ ပိုပြီး ဖုံးအုပ်လေလေပါပဲ။ ဒီတော့ ကျွန်တော်တို့တွေက ပိုပြီး ဖျက်ဆီးရာကို ရောက်လေလေပါပဲ။ ခင်ဗျားက စိုက်ပျိုးရေး ဘာသာရပ်ကို သင်ယူမယ်ဆိုပါဆို့ အဲဒါဆို ခင်ဗျားက မြေကြီးတွေ၊ ရေထုတွေကို ဘယ်လိုအဆိပ်ခပ်ရမယ် ဆိုတာကို သင်ယူနေရသလိုပါပဲ။ အရာအားလုံးကို ဖျက်ဆီးဖို့ပါပဲ။ အဲဒီတော့ ကျွန်တော် ခံစားမိတာက အရာရာတိုင်းက ရှုပ်ထွေးပြီး အရမ်းပဲ ခက်ခဲလှပါတယ်။ အရာရာတိုင်းကို ကျွန်တော်တို့ကိုယ်တိုင်က ခက်ခဲအောင်လုပ်နေတာ အရာရာတိုင်းကို ကျွန်တော်တို့ ကိုယ်တိုင်က ခက်ခဲအောင်လုပ်နေတာပါ။ ဘဝက အရမ်းခက်ခဲလာပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သဘောမကျ တော့ပါဘူး။ ကျွန်တော် ကိုယ့်ကိုကိုယ်ပြန်တွေးမိပါတယ်။ ကျွန်တော်က ဘာကြောင့် ဘန်ကောက်မှာ ရှိနေရမှာလဲ။ ကျွန်တော်ကလေးဘဝကို ပြန်တွေးလိုက်ပါတယ်။ အဲဒီမှာ ဘယ်သူမှ တစ်ရက်ကို (၈) နာရီအလုပ်မလုပ်ပါဘူး။ တစ်နေ့ကို (၂)နာရီပဲ လုပ်ပါတယ်။ ဒါတောင်မှ တစ်နှစ်မှာ အလုပ်လုပ်တဲ့လက နှစ်လပဲရှိပါတယ်။ တစ်လက စပါးစိုက်တဲ့လနဲ့ နောက်တစ်လက စပါးရိတ်သိမ်းတဲ့လပါ။ ကျန်တဲ့လတွေက အလုပ်လုပ်စရာ မလိုတဲ့လတွေပါ။ ပြောရရင် (၁၀) လ နားလို့ရပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံမှာ ပွဲတော်များစွာရှိပါတယ်။ လတိုင်းမှာ ပွဲတော်တွေရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့မှာ အချိန်ပိုများစွာရှိပါတယ်။  နေ့ခင်းပိုင်းတွေမှာဆို နားနေရုံပါပဲ။ ခင်ဗျားတို့ လာအိုကိုသွားရင်လည်း နေ့ခင်းပိုင်းတွေမှာလူတွေ တရေးတမောအိပ်ပြီးနားနေတာတွေ့နိုင်ပါတယ်။

   မနက်ခင်းအိပ်ရာနိုးတာနဲ့ ကိုယ့်ရဲ့ ချစ်စရာအိမ်ဂေဟာလေး အကြောင်း၊ ကိုယ်ချစ်ရတဲ့ သားသမီးတွေ အကြောင်း၊ ချစ်ဇနီးလေးအကြောင်း ဒါမှမဟုတ် ချွေးမလေးတွေ အကြောင်း စဉ်းစားနေရုံပါပဲ။ ဒါက လူတွေ အချိန်ပိုတွေရှိနေတာပဲ ဆိုတာကိုပြနေတာပါ။ လူတွေမှာ ကိုယ်ပိုင်အချိန်တွေ ရှိနေပါတယ်။ ကိုယ်ပိုင်အချိန်တွေ ရှိနေရင် ကိုယ့်ကိုကိုယ်ပြန်စဉ်းစားပြီး နားလည်လာလေပါပဲ။ ကိုယ့်ကိုကိုယ် နားလည်လာတဲ့အခါမှာ ဘဝမှာ ဘာကိုအလိုရှိတာလဲဆိုတာကို နားလည်လာပါတယ်။ သူတို့ကိုယ့်ကိုကိုယ် မြင်လာတဲ့အခါမှာတော့ သူတို့ဟာ ပျော်ရွှင်မှုဆိုတာကို မြင်လာ၊ လိုချင်လာကြပါတယ်။ သူတို့ဟာ ချစ်ခြင်းမေတ္တာတရားတွေ လိုချင်လာကြတယ်။ ဘဝမှာ စိတ်ကျေနပ်မှုတွေကို အလိုရှိလာကြတယ်။ ဒီတော့ လူတွေဟာ သူတို့ဘဝမှာ အလှတရားတွေကို မြင်ကြပါတယ်။ လူတွေက သူတို့ရဲ့ အလှတရားတွေကို ပုံစံအမျိုးမျိုးနဲ့ ဖော်ထုတ်ကြပါတယ်။ အချို့လူတွေက လက်ပတ်ကျိုးလှလှလေးတွေကို ပြုလုပ်ပုံဖော်ကြပါတယ်။ အချို့လူတွေက ဆွဲခြင်းလှလှလေးတွေကို ယက်လုပ်ကြပါတယ်။ အခုတော့ ဘယ်သူမှ မလုပ်ကြတော့ပါဘူး။ ဘယ်သူမှလည်း မလုပ်နိုင်ကြတော့ပါဘူး။ လူတိုင်းလူတိုင်းက ပလပ်စတစ်ကို နေရာတိုင်းမှာသုံးကြပါတယ်။ အဲဒီတော့ ကျွန်တော်ခံစားမိတာက အဲဒါက တစ်နေရာရာမှာ လွှဲချော်မှုတွေရှိနေပါတယ်။ ကျွန်တော် အဲဒီလိုပုံစံ ဘယ်လိုမှ နေလို့မတတ်တာ သေချာတယ်။ ကျွန်တော် စိတ်ကိုခိုင်ခိုင်မာမာနဲ့ ဆုံးဖြတ်ချက်ချလိုက်တာ။ အဲဒါက တက္ကသိုလ်က ထွက်လိုက်ပြီး အိမ်ပြန်ဖို့ပါပဲ။

 အိမ်ပြန်ရောက်တာနဲ့ ကျွန်တော် မေ့လို့မရတဲ့ ငယ်ငယ်ကလေးတုန်းက ကျေးလက်နေထိုင်မှုအတိုင်း နေထိုင်လိုက်ပါတယ်။ ကျွန်တော် တစ်နှစ်မှ (၂) လပဲ အလုပ်လုပ်ပါတယ်။  ကျွန်တော် စပါးစိုက်ပျိုးပါတယ်။ ထွက်တဲ့စပါးထဲက တစ်ဝက်သာ ကျွန်တော့်မိသားစု (၆) ယောက်စားလို့ကုန်ပါတယ်။ ဒီတော့ ပိုတာတွေ ရောင်းချလိုက်ရုံပါပဲ။ ကျွန်တော် ငါးကန် (၂) ကန်တူးလိုက်ပါတယ်။ ကျွန်တော်တို့ နှစ်ပတ်လည် ငါးအလုံအလောက်စားလို့ရပါတယ်။ ပြီးတော့ ကျွန်တော် ဥယျာဉ်ခြံလေး စတင်လိုက်ပါတယ်။ အဲဒီခြံလေးက ဧကဝက်အောက်မှာပဲရှိပါတယ်။ ကျွန်တော် ဥယျာဉ်လေးကို ဂရုစိုက်ဖို့ တစ်ရက်မှ ၁၅ မိနစ်ပဲ အချိန်ပေးရပါတယ်။ ကျွန်တော်မှာ ဟင်းသီးဟင်းရွက် မျိုးပေါင်း ၃၀ ကျော် ခြံထဲမှာ စိုက်ပျိုးထားပါတယ်။ လူခြောက်ယောက်က အဲဒါတွေကို ကုန်အောင်မစားနိုင်ပါဘူး။ ပိုလျှံတာတွေကို စျေးထဲမှာ ပြန်ရောင်းချရုံလိုက်ပြီး အပိုဝင်ငွေပါ ရပါတယ်။ ဒီတော့ ကျွန်တော်ခံစားမိတာက အဲဒါက အရမ်းလွယ်ပါတယ်။ ဒါတောင်မှ ကျွန်တော်က ဘာကြောင့် ဘန်ကောက်မှာ (၇) နှစ်လုံးလုံး ဒုက္ခခံပြီး အငတ်ခံပြီး ကြိုးစားပမ်းစားအလုပ်လုပ်နေရတာလဲ။ ဒါပေမယ့် ဒီမှာတော့ ဒီနှစ်မှာ စပါးအတွက် (၂)နဲ့ တစ်ရက်မှ ၁၅ မိနစ်ပဲလုပ်ပြီး မိသားစု (၆)ယောက်ကို ကျွေးထားနိုင်ပါတယ်။        ဒါအရမ်းကိုပဲ လွယ်ကူပါတယ်။

 ဒီအရင်ကတော့ ကျွန်တော့်လို မိုက်မဲတဲ့ သူတွေကတော့ ကျောင်းမှာ အမှတ်များများရအောင် ကြိုးစားခဲ့ပေမယ့် အိမ်တစ်လုံး မပိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ထက်ပိုတော်တဲ့၊ အမြဲတမ်းအဆင့် (၁) ရနေတဲ့ သူတောင်မှ အလုပ်ကောင်းကောင်းရခဲ့ရင်တောင် အနှစ်(၃၀)လောက် အလုပ်လုပ်မှ အိမ်တစ်လုံးကို ဝယ်ယူနိုင်ရမှာပါ။ ကျွန်တော်အတွက်ရော….. တက္ကသိုလ်တောင် ပြီးတောင်မတက်တဲ့ သူက ဘယ်လိုအိမ်တစ်လုံးကို ပိုင်ဆိုင်နိုင်မှာလဲ။ မျှော်လင့်ချက်မဲ့ပြီး ပညာနိမ့်ကျတဲ့ သူတစ်ယောက်လေ။ ဒါပေမယ့် ကျွန်တော် ရွှံ့အိမ်ကို စဆောက်လိုက်တဲ့အချိန်မှာတော့  အဲဒါက အရမ်းကို လွယ်ကူသွားပါပြီ။ ကျွန်တော် တစ်ရက်ကို ၂ နာရီပဲ အချိန်ကုန်စရာလိုပါတယ်။ မနက် ၅ နာရီကနေ ၇ နာရီထိပါပဲ။ တစ်ရက်ကို ၂ နာရီထဲပါပဲ။ သုံးလကြာတဲ့အခါမှာတော့ ကျွန်တော် အိမ်တစ်လုံးကို ပိုင်ဆိုင်လိုက်ပါပြီ။ ဒါပေမယ့် တချိန်ထဲမှာပဲ အတန်းထဲမှာခင်ခဲ့တဲ့ ကျွန်တော်ထက်တော်တဲ့ သူငယ်ချင်းတစ်ယောက်ကလည်း သုံးလအတွင်းမှာ အိမ်တစ်လုံးဆောက်လိုက်ပါတယ်။ ဒါပေမယ့် အဲဒီအိမ်အတွက် သူက အနှစ်သုံးဆယ်လောက် ပေးဆပ်ရအုံးမှာပါ။ ဒီတော့ သူနဲ့ ယှဉ်လိုက်မယ်ဆိုရင် ကျွန်တော်က ၂၉ နှစ်နဲ့ ၁၀ လ အားလပ်ချိန် ပိုရပါတယ်။ ဒီတော့ ကျွန်တော်ခံစားမိတာက ဘဝက အရမ်းပဲ လွယ်ကူပါတယ်။ ကျွန်တော် အိမ်တစ်လုံးကို ဒီလိုလွယ်လွယ်ကူကူဆောက်လို့ရမယ်လို့ တစ်ခါမှ မတွေးဖူးပါဘူး။

  နောက်ပိုင်းမှာ ကျွန်တော်အိမ်တွေ စဆောက်ပါတယ်။ အနည်းဆုံးတစ်နှစ်ကို အိမ်တစ်လုံး ဆောက်ပါတယ်။ အခုဆို ကျွန်တော်မှာ ပိုက်ဆံမရှိဘူး။ ဒါပေမယ့် အိမ်တွေအများကြီးရှိပါတယ်။ ကျွန်တော်ရဲ့ ပြဿနာကတော့ ဒီည ကျွန်တော်ရဲ့ ဘယ်စံအိမ်မှာ သွားလှဲလျောင်းအိပ်စက်ရမလဲ ဆိုတာပါပဲ။ ဒီတော့ ဘယ်လိုနည်းနဲ့ အိမ်ဆောက်လို့ ပိုင်လို့ရမလဲဆိုတာ ပြဿနာမဟုတ်တော့ပါဘူး။ လူတိုင်းဘယ်သူမဆို ဆောက်လို့ရပါတယ်။  ဆယ့်သုံးနှစ်အရွယ် ကလေးတစ်ယောက်က ကျောင်းချိန်ပြီးတာနဲ့ အုတ်ခဲလေးတွေ လုပ်ပြီး အိမ်တစ်လုံးဆောက်လို့ရပါတယ်။ တစ်လကြာပြီးတာနဲ့ သူတို့တွေ စာကြည့်တိုက်လေး တစ်ဆောင်ကို ပိုင်လို့ရတယ်။  အသက်ကြီးကြီး သူတွေလည်း အိမ်ဆောက်လို့ရတယ်။ လူတွေ ကိုယ်တိုင်ဆောက်လို့ ရပါတယ်။ ဒါက အရမ်းလွယ်ကူပါတယ်။ တကယ်လို့ သင်တို့ ကျွန်တော့်ကို မယုံကြည်ရင်လည်း ကိုယ်တိုင် ကြိုးစားကြည့်လိုက်ပါ။

 နောက်အကြောင်းအရာတစ်ခုကတော့ အဝတ်အစားနဲ့ ပတ်သတ်တာပါ။ ကျွန်တော် ကိုယ့်ကိုယ်က ကြည့်ပျော်ရှုပျော်မရှိဘူး၊ မခန့်ညားဘူးလို့ခံစားရတယ်။ ကျွန်တော် နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင် တစ်ယောက်လို ဝတ်ဆင်ကြည့်မယ် ကျွန်တော်ကို ကြည့်လို့ကောင်းသွားအောင်ပေါ့။ ကျွန်တော့်ပိုက်ဆံတွေကို ဂျင်းအင်္ကျီ လှလှလေးဝယ်ဖို့ သုံးလိုက်မယ်။ ပြီးတော့ မှန်ရှေ့မှာ ဘယ်ညာလှည့်ပြီး ကိုယ့်ကိုကိုယ် ပြန်ကြည့်မယ်။ ကြည့်လိုက်တိုင်းမှာ ကျွန်တော်က ကျွန်တော်ပါပဲ။ စျေးအကြီးဆုံးပါဆိုတဲ့ ဘောင်းဘီတောင်မှ ကျွန်တော့်ဘဝကို ပြောင်းလဲနိုင်စွမ်းမရှိပါဘူး။ ကျွန်တော်ကိုယ်ကျွန်တော် အရူးထနေတယ်လို့ ထင်မိတယ်ဗျာ။ ဘာကြောင့် ကျွန်တော်တစ်လစာရှာထားတဲ့ ပိုက်ဆံနဲ့ ကျွန်တော့်ကို မပြောင်းလဲနိုင်တဲ့ ဘောင်းဘီကို ဝယ်ရမှာလဲ။ ကျွန်တော် အဲဒါကိုပိုပြီး ခရေစေ့တွင်းကျ စဉ်းစားမိတယ်။ ဘာကြောင့် ဖက်ရှင်တွေနောက်ကို လိုက်ဖို့လိုအပ်မှာလဲ။ ဒီဖက်ရှင်နောက်ကိုလိုက်နေရင် လိုက်လို့ဆုံးမှာမဟုတ်တော့ဘူး။ လိုက်လို့မဆုံးနိုင်တဲ့ ဖက်ရှင်နောက်မှာ မလိုက်ဘဲ ဒီမှာပဲ ရပ်နေလိုက်တယ်။ ကိုယ့်မှာရှိတဲ့ အဝတ်အစားပဲ ဝတ်ဆင်လိုက်တယ်။ အခုချိန်ထိပဲဆိုပါတော့ နှစ် (၂၀) ကြာအောင် ကျွန်တော် အဝတ်အစားမဝယ်ဖြစ်တော့တာပါ။ ကျွန်တော်မှာ ရှိတဲ့ အဝတ်အစားတွေက ကျွန်တော်ဆီကို လာလည်ကြတဲ့သူတွေထားခဲ့တဲ့ အဝတ်တွေပါပဲ။ သူတို့လာလည်တယ် အဝတ်အထည်တွေ ထားသွားကြတယ်။ ဒီတော့ ကျွန်တော်မှာ အဝတ်တွေအများကြီးဆို အများကြီးပါပဲ။ လူတွေက ကျွန်တော် အင်္ကျီအဟောင်းတွေတွေ့ရင် ပေးပါလို့ တောင်းကြတယ်။ ဒီတော့ ကျွန်တော်ပြဿနာက အင်္ကျီတွေ ခဏခဏ စွန့်ကြဲနေရတာပါပဲ။

 
အဲဒါက အရမ်းလွယ်ကူပါတယ်။ ကျွန်တော် အင်္ကျီမဝယ်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါမှာ အဲဒါက အင်္ကျီကိစ္စတစ်ခုတင်မဟုတ်ပါဘူး။ ဘဝအတွက် အခြားကိစ္စတွေပါတွေးတောမိပါတယ်။ ကျွန်တော်ဘာကို သင်ယူလိုက်ရလဲဆိုရင် ကျွန်တော် တစ်ခုခုဝယ်တော့မယ်ဆိုရင် အဲဒါက ကျွန်တော်ကြိုက်လို့ဝယ်တာလား ဒါမှမဟုတ် ကျွန်တော် တကယယ်ပဲ လိုအပ်လို့ဝယ်တာလားဆိုတာပဲပေါ့။ ကြိုက်လို့ဝယ်တာဆိုရင်တော့ ဒါဟာ အလွဲကြီးလွဲသွားပါပြီ။ ဒါတော့သိတော့ ကျွန်တော် ပိုပြီး လွတ်လပ်သွားတယ်လို့ ခံစားရတယ်ဗျာ။

 နောက်ဆုံးတစ်ချက်ကတော့ ကျွန်တော်ဖျားတဲ့အခါမှာ ဘာလုပ်မှာလဲဆိုတာကိုပါ။ အစပိုင်းမှာတော့ ကျွန်တော် တော်တော်ကို စိတ်ပူမိတာအမှန်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်မှာ ပိုက်ဆံမရှိဘူး။ ကျွန်တော် စဉ်းစားကြည့်တဲ့အခါမှာ ဖျားနာတာဆိုတာ ဘဝဖြစ်နေကျဖြစ်စဉ်လေးတစ်ခုပါ။ အရမ်းဆိုးဝါးတဲ့ အရာမဟုတ်ပါဘူး။ ကျွန်တော်တို့ အခုခု မှားယွင်းသွားမယ်ဆိုရင် ကျွန်တော်တို့ကို သတိပေးတဲ့အနေနဲ့ ဖျားနာပြတာပါ။ ဒါကြောင့် ကျွန်တော်တို့ ဖျားနာလာတာပါပဲ။ ကျွန်တော်ဖျားနာလာမယ်ဆိုရင် ကျွန်တော်ကိုယ့်ကိုကိုယ်ပြန်စဉ်းစားလိုက်တယ်။ ကျွန်တော် ဘာမှားတာများလုပ်လိုက်မိလဲလို့။ ကျွန်တော် ရေကိုဘယ်လိုအသုံးချလဲ။ မြေကြီးနဲ့ ဘယ်လိုထိတွေ့နေလဲ။ အခြေခံသဘောတရားတွေကို ဘယ်လိုဆက်နွယ်နေလဲ ကိုယ့်ကိုကိုယ်ပြန်ဆင်ခြင်လိုက်တယ်။ အဲဒါတွေကို သဘောပေါက် လာတဲ့အခါကျတော့ ကျွန်တော် ဘဝဆိုတာ လွယ်ကူတယ်လို့ ခံစားလာရတယ်။  ကျွန်တော်ကိုယ့်ကျွန်တော် အနှောင်အဖွဲ့တွေကနေ လွတ်လပ်နေတယ်လို့ ခံစားရတယ်။ ကျွန်တော်ဘာကိုမှ များများစားစား ပူပင်စရာမလိုတော့ဘူး။ ကျွန်တော်ဘဝမှာ ကိုယ်ဖြစ်ချင်တာကို ကိုယ်လုပ်ခွင့်ရှိနေတယ်။ အရင်ကတော့ ကျွန်တော် အရမ်းပဲ စိတ်ပူရတယ်။ ကျွန်တော်က ဘာတစ်ခုမှ မလုပ်နိုင်လို့လေ။ အခုတော့ ဒီကမ္ဘာမှာ ကျွန်တော်ဟာ နှိုင်းယှဉ်စရာမရှိတဲ့ တစ်ယောက်သောသူလို့ ခံစားရတယ်။ ဘယ်သူနဲ့မှ တူနေအောင်လို့ ကိုယ့်ကိုကိုယ် လိုက်တုနေစရာမလိုတော့ဘူး။ ကျွန်တော်ဟာ ကျွန်တော့်ပုံစံနဲ့တော့ နံပါတ် တစ်ပဲ။ ဒီလိုအရာတွေက ဘဝမှာ လွယ်ကူအောင်လုပ်ဆောင်ပေးနေပါတယ်။  အဲဒါပြီးတဲ့နောက်တော့ ဘန်ကောက်က ကျွန်တော့်ဘဝကို ပြန်တွေးမိတယ်။ အဲဒီတုန်းက ကိုယ့်ကိုကိုယ် အမှောင်ထဲမှာရောက်နေတယ်လို့ ခံစားရတယ်။ အဲဒီမှာ ကျွန်တော့်လိုလူတွေများမရေတွက်နိုင်အောင်ဘဲ။

ကျွန်တော် ချင်းမိုင်နားက နေရာအသစ်မှာ ပန်ပန်လို့ခေါ်တဲ့ နေရာလေးကို စတင်ခဲ့တယ်။ ဒီနေရာရဲ့ အဓိကရည်ရွယ်ချက်ကတော့ မျိုးစေထိန်းသိမ်းဖို့ပါပဲ။ မျိုးစေ့ စုဆောင်းဖို့ပါပဲ။ ဘာလို့လဲဆိုတော့ မျိုးစေ့က အစားအစာပဲ။ အစားအစာက ဘဝပဲ။ ဒီတော့ မျိုးစေ့မရှိရင် ဘဝလည်း မရှိပါဘူး။ မျိုးစေ့မရှိရင် လွတ်လပ်မှုမရှှိဘူး။ မျိုးစေ့မရှိရင် ပျော်ရွှင်မှုမရှိဘူး။ ဘာဖြစ်လို့ဆိုတော့ သင့်ဘဝက အခြားတစ်ယောက်ဆီမှာ မှီခိုနေရမှာ ဖြစ်နေလို့ပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ သင့်မှာ အစားအစာမရှိဘူး။ မျိုးစေ့ထိန်းသိမ်းဖို့က အရမ်းအရေးကြီးပါတယ်။ ဒါကြောင့် ကျွန်တော်တို့ မျိုးစေ့ထိန်းသိမ်းဖို့ အာရုံစိုက်ရတာပါ။ မျိုးစေ့ထိန်းသိမ်းစုဆောင်းဖို့က ပန်ပန်မှာ အရေးကြီးဆုံးပါပဲ။ နောက်တစ်ခုကတော့ သင်ယူစရာ နေရာစင်တာလေးတစ်ခု ဖြစ်နေစေဖို့ပါပဲ။ သင်ယူစရာလို့ပြောရင် ကျွန်တော်ကိုယ်တိုင်ကိုက သင်ယူဖို့ပါပဲ။ ဘာလဲဆိုတော့ ဘဝဆိုတာ ဘယ်လိုလွယ်ကူအောင် လုပ်မယ်ဆိုတာကို လေ့လာဖို့ပါပဲ။ ကျွန်တော်တို့က ဘဝဆိုတာ ခက်ခဲတယ်၊ ရှုပ်ထွေးတယ်လို့ တစ်ချိန်လုံးပြောနေကြတယ်။ ကျွန်တော်တို့ ဘယ်လိုလွယ်ကူအောင် လုပ်လို့ရပါသလဲ။ အဲဒါက လွယ်ကူပါတယ်။ ဒါပေမယ့် ဘယ်လိုလွယ်ကူအောင် လုပ်မလဲဆိုတာ ကျွန်တော်တို့က မသိကြတာပါ။ ဘာဖြစ်လို့ဆိုတော့ ကျွန်တော်တို့က အချိန်ပြည့် အဲဒါကို ရှုပ်ထွေးအောင်လုပ်နေလို့ပါပဲ။

 အခုတော့ ပိုမိုကောင်းမွန်အောင် အတူတကွစတင်လေ့လာနေပါပြီ။ ကျွန်တော်တို့ လွတ်လပ်သွားအောင် အဆက်အသွယ်ဖြတ်ပစ်ကြတယ်။ ဒီတော့ ကျွန်တော်တို့က ပိုက်ဆံတစ်ခုတည်းပေါ်မှာပဲ မှီခိုကြရတယ်။ တစ်ဦးကိုတစ်ဦးမှီခိုစရာမလိုတော့ဘူး။ အခုတော့ ကျွန်တော်တို့တွေ ပျော်ရွှင်ဖို့ အစကို ပြန်သွားဖို့လိုအပ်နေပါပြီ။ ကိုယ့်ကိုကိုယ်ပြန်ဆက်သွယ်ဖို့လိုပြီ။ အခြားသူတွေနဲ့ အချင်းချင်း မှီတွဲဖို့လိုအပ်လာပါပြီ။ ကျွန်တော်တို့ စိတ်နဲ့ ကိုယ်နဲ့ ဆက်သွယ်ဖို့လိုအပ်လာပါပြီ။ ဒီတော့ ကျွန်တော်တို့ ပျော်ရွှင်လို့ရပါပြီ။ ဘဝဆိုတာ လွယ်လွယ်လေးပါ။ အစကနေ အခုထိလေ့လာရသလောက်တော့ အခြေခံလိုအပ်ချက်လေးမျိုးဖြစ်တဲ့ စားဝတ်နေရေးနဲ့ ကျန်းမာရေးဆေးဝါးတွေက လူတိုင်းအတွက် စျေးသက်သာပြီး လွယ်ကူရပါမယ်။ ဒါဟာ လူအဖွဲ့အစည်းတည်ဆောက်ခြင်းပါပဲ။ တကယ်လို့ အဲဒါတွေက လူတွေအတွက် အရမ်းအရမ်းကိုခက်ခဲနေမယ်ဆိုရင် ဒါဟာ လူ့အဖွဲ့အစည်းမဟုတ်ပါဘူး။

 အခု ကျွန်တော်တို့ ခင်ဗျားတို့ပတ်ဝန်းကျင်ကိုကြည့်လိုက်ပါ။ အရာရာတိုင်းက အရမ်းကို ခက်ခဲနေပါတယ်။ အခုတော့ ဒီကမ္ဘာကြီးက လူသားမဆန်ကြတဲ့ ခေတ်လို့ ခံစားနေရတယ်။ အခု ကျွန်တော်တို့မှာ တက္ကသိုလ်က ဘွဲ့ရတဲ့သူတွေအများကြီးရှိတယ်၊ တက္ကသိုလ်တွေအများကြီးရှိတယ်၊ ထူးချွန်ထက်ြမတ်တဲ့သူတွေ အများကြီးရှိတယ်။ ဒါပေမယ့် ဘဝတွေက ခက်သထက်ခက်နေတယ်။ ကျွန်တော်တို့က ဒါတွေကို ဘယ်သူ့အတွက် ခက်အောင်လုပ်နေကြတာလဲ။ အခုအချိန်မှာ ဘယ်သူ့အတွက် ကြိုးစားပမ်းစား လုပ်နေကြတာလဲ။ ကျွန်တော်ထင်တာက အဲဒါကြီးက လွဲနေတယ်ဗျ။ အဲဒါက ပုံမှန်မဟုတ်ဘူးဗျ။ ကျွန်တော်က ပုံမှန်ပြန်ရောက်သွားရုံပါပဲ။ ပုံမှန်ဖြစ်ဖို့ဆိုရင်၊ အားလုံးတန်းတူညီမျှဖြစ်ဖို့ဆိုရင်  ငှက်တစ်ကောင်က အသိုက်ကို တစ်ရက်နှစ်ရက်အတွင်းမှာ ဆောက်တယ်။ ကြွက်တစ်ကောင်က တွင်းကို တစ်ညတွင်းမှာ တူးတယ်။ ဒါပေမယ့် ကျွန်တော်တို့ခင်ဗျားတို့လို ထူးချွန်လှပါတယ်ဆိုတဲ့သူတွေက အိမ်တစ်လုံးဆောက်ဖို့အတွက် နှစ်သုံးဆယ်ကြာတယ်။ လူအများကြီးက သူတို့တစ်သက်မှာ အိမ်တစ်လုံးပိုင်မယ်လို့တောင် မတွေးရဲကြဘူး။ ဒါမှားနေတာပဲ။ ကျွန်တော်တို့ရဲ့ စိတ်ဓာတ်တွေ ဘာကြောင့် ဖျက်ဆီးမှာလဲ။ ကျွန်တော်တို့ရဲ့ ပြောင်မြောက်လှတဲ့အရည်အချင်းတွေ ဘာကြောင့် ဖျက်ဆီးမှာလဲ။ ဒီပုံမှန်မဟုတ်တဲ့ ဘဝမှာ ကျေနပ်နေဖို့ဆိုတာ ကျွန်တော်ကိုယ့်ကျွန်တော် ပြည့်စုံနေတယ်လို့ မခံစားရဘူး။

ဒါကြောင့် ကျွန်တော် ပုံမှန်ဘဝကို ပြန်သွားဖို့ ကြိုးစားတယ်။ ဒါပေမယ့် လူတွေက ကျွန်တော်ကို ပုံမှန်မဟုတ်ဘူး။ ရူးနေတယ်လို့ ထင်ကြတယ်။ ကြောင်နေတဲ့သူပေါ့ဗျာ။ ကျွန်တော် ဂရုမစိုက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒါကျွန်တော့်အမှားမဟုတ်ဘူး။ သူ့တို့တွေမှားနေတာဗျ။ သူတို့က အဲဒီလိုတွေးနေလို့လေ။ အခုဆို ကျွန်တော်ဘဝက လွယ်ကူတယ် ပေါ့ပါးတယ်။ ဒါတွေက ကျွန်တော့်အတွက် ပြည့်စုံနေပြီလို့ ခံစားရတယ်လေဗျာ။ လူတိုင်းက သူတို့လိုချင်ရာကို သူတို့တွေးပိုင်ခွင့်ရှိတယ်။ ကျွန်တော်လည်း ကျွန်တော်ပြင်ပမှာ ဖြစ်နေတာတွေကို စီမံဖို့ စိတ်မဝင်စားဘူး။ ကျွန်တော်လုပ်နိုင်တာ ကျွန်တော့်စိတ်ကိုပြောင်းနိုင်တယ်။ ကိုယ့်ကိုကိုယ် စီမံနိုင်တယ်။ အခုဆို ကျွန်တော့်စိတ်က လွတ်လပ်ပေါ့ပါးတယ်။ ဒါဆို လုံလောက်ပြိ။ တကယ်လို့ လူတွေကို တစ်ခုခုကိုရွေးချယ်ချင်တယ်ဆိုရင် ရွေးချယ်နိုင်ပါတယ်။ လွယ်ကူဖို့ရွေးချယ်နိုင်သလို ခက်ခဲဖို့လည်း ရွေးချယ်နိုင်ပါသေးတယ်။ ဒါသင့်အပေါ်မှာပဲ မူတည်ပါတယ်။

ကျေးဇူးတင်ပါတယ်။