သဘာဝဘေးသင့်ဒေသ မွေးမြူရေးလုပ်ငန်းများအတွက် သတိပြုစရာများ

08/08/2023 15:00 PM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှု၊ တောင်ကျရေကျဆင်းမှုတွေကြောင့် ဒေသအချို့ (အထူးသဖြင့် ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် ဒေသအချို့) မှာ ရေကြီးရေလျှံမှု၊ မြေပြိုမှုတွေလိုမျိုး သဘာဝဘေးဒဏ်တွေ ခံစားနေရပါတယ်။

ဒီလိုမျိုး သဘာဝဘေးအန္တရာယ်တွေ ကျရောက်ချိန်မှာမွေးမြူရေးကဏ္ဍဟာလည်း များစွာ ထိခိုက်နစ်နာရပါတယ်။ အထူးသဖြင့် ဆင်းရဲတဲ့နိုင်ငံတွေမှာ စိုက်ပျိုးမွေးမြူရေးကဏ္ဍဟာ အဓိကကျတဲ့ စီးပွားရေးကဏ္ဍတစ်ရပ်ဖြစ်တာမို့ ထိခိုက်နစ်နာဆုံးရှုံးမှု ပိုလို့တောင် များရပါသေးတယ်။ ဒါကြောင့် သဘာဝဘေးအန္တရာယ်တွေ ကျရောက်ပြီးချိန်မှာ မွေးမြူရေးကဏ္ဍအတွက် ပံ့ပိုးကူညီနိုင်ဖို့ ရုန်းကန်ကြရပါတယ်။ အဲဒီလို ရုန်းကန်အားထုတ်ရာမှာ သတိပြုသင့်တဲ့ အချက်လေးတွေ စုစည်းတင်ပြပါရစေ။ 

(၁) ပြန်လည်ထူထောင်ရေးအတွက် ဆန္ဒမစောပါနဲ့။ ကယ်ဆယ်ရေးကို အရင်လုပ်ဆောင်ပါ။

သဘာဝဘေးကျရောက်ပြီးခါစမှာ အစိုးရဌာနတွေ၊ အစိုးရမဟုတ်တဲ့ လူမှုရေးအဖွဲ့အစည်းတွေဟာ စိုက်ပျိုးမွေးမြူရေးကဏ္ဍ ပြန်လည်ထူထောင်ရေးကို ချက်ချင်းထလုပ်မိတတ်ပါတယ်။ ဥပမာ ပျက်စီးဆုံးရှုံးသွားတဲ့ စိုက်ခင်းတွေ ပြန်လည်စိုက်ပျိုးဖို့ မျိုးစေ့တွေ ထောက်ပံ့တာမျိုး၊ ပျက်စီးသွားတဲ့ မွေးမြူရေးခြံတွေ ပြန်စနိုင်ဖို့ မွေးမြူရေးတိရစ္ဆာန်တွေ ထောက်ပံ့တာမျိုးတွေကို ဆန္ဒစောပြီး စလုပ်လေ့ ရှိပါတယ်။ 

တကယ်တော့ သဘာဝဘေးကျရောက်ပြီးချိန်မှာ ပထမဆုံးလိုအပ်တာက ကယ်ဆယ်ရေးလုပ်ငန်းပါ။ မွေးမြူရေးသမားတွေ၊ ဒေသခံ မွေးမြူရေးဌာန ဝန်ထမ်းတွေနဲ့ မွေးမြူရေးတိရစ္ဆာန်တွေဟာ ကယ်ဆယ်ရေးကို အမြန်ဆုံး လို‌အပ်နေတာကို သတိပြုဖို့ လိုပါတယ်။ ဒီလိုအချိန်မှာ လုပ်ငန်းပြန်စဖို့ ထောက်ပံ့မှုတွေလုပ်ရင် တကယ်မထိရောက်နိုင်တဲ့အပြင် ကယ်ဆယ်ရေးလိုအပ်နေသူတွေအပေါ် အလုပ်ဝန် ထပ်ပိလာစေနိုင်ပါတယ်။ 

လူတွေအတွက် ကယ်ဆယ်ရေး လုပ်စရာ မလိုဘဲ အခြေအနေကောင်းတယ်ဆိုရင်တောင် လုပ်ငန်းပြန်စဖို့တော့ ချက်ချင်းမဖြစ်နိုင်ပါဘူး။ ဥပမာ- မုန်တိုင်းကြောင့် ကြက်ခြံတွေပြိုကျထားချိန်မှာ ကြက်ပေါက်နဲ့ အစာတွေ ထောက်ပံ့ရင်လည်း မွေးမြူရေးလုပ်ငန်း ပြန်မစနိုင်ပါဘူး။ 

ဒါကြောင့် ပြန်လည်ထူထောင်ရေးအတွက် ဆန္ဒမစောဘဲ ကယ်ဆယ်ရေးကို အရင်လုပ်ဆောင်သင့်ပါတယ်။

(၂) စားနပ်ရိက္ခာ ထောက်ပံ့ပါ။ 

သဘာဝဘေးအန္တရာယ်ကျရောက်ရာဒေသတွေမှာ ကုန်ထုတ်လမ်းတွေ၊ ဆက်သွယ်ရေးလမ်းကြောင်းတွေ ပြတ်တောက်ပြီး ကုန်စည်စီးဆင်းမှုပါ ရပ်ဆိုင်းသွားတတ်ပါတယ်။ အဲဒီအခါ ပထမဆုံး ဖြစ်လာတာက စားနပ်ရိက္ခာ အခက်အခဲပါ။

သဘာဝဘေး ကျရောက်ရာဒေသအတွင်း စားနပ်ရိက္ခာ မလုံလောက်မှုက ဈေးနှုန်းမြင့်တက်မှုကို ဦးတည်စေပါတယ်။ အဲလိုအခါမျိုးမှာ စိုးရိမ်စိတ်နဲ့ စားနပ်ရိက္ခာတွေ ဝယ်ယူစုဆောင်းတဲ့ဖြစ်စဉ် (panic buying) တွေ ဖြစ်ပေါ်လာပြီး အခြေအနေဆိုးတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဥပမာအားဖြင့် ဆိုင်ကလုန်း မုန်တိုင်း မိုချာ အပြီးတုန်းက ကြက်ဥတစ်လုံး ကျပ်တစ်ထောင်ကျော်အထိ ဈေးနှုန်းမြင့်တက်သွားခဲ့တာမျိုးကို တွေ့မြင်ရမှာဖြစ်ပါတယ်။ 

အဲဒီလိုကုန်ဈေးနှုန်းတွေ ကသောင်းကနင်းဖြစ်ခြင်းကြောင့် မွေးမြူရေးကဏ္ဍအတွက်သာမက အခြားစီးပွားရေးကဏ္ဍအတွက်ပါ ရေရှည်မှာထိခိုက်နစ်နာစေပါတယ်။ ဒါကြောင့် သဘာဝဘေးအန္တရယ် ကျရောက်တဲ့ဒေသမှာ စားနပ်ရိက္ခာ ပြတ်လပ်မှုမရှိစေရေးအတွက် ဝိုင်းဝန်းထောက်ပံ့ကူညီပေးရမှာဖြစ်ပါတယ်။ 

(၃) ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ဆောင်ပါ။ 

မွေးမြူရေးတိရစ္ဆာန်တွေဟာ သဘာဝဘေးကြောင့် ပင်ပန်းပြီး ဒဏ် (stress) ဖြစ်ပေါ်‌‌ နေတာရယ်၊ အစာရေစာ ပြတ်လပ်မှုကြောင့် အားနည်းနေတာရယ်ကြောင့် ရောဂါဒဏ်ခံနိုင်ရည် ကျဆင်းနေမှာပါ။ ဒီလိုအခြေအနေမှာ ဒေသအတွင်း ရောဂါပိုးပျံ့နှံ့ဖို့ အခြေအနေကလည်း ဖန်တီးပြီးသား ဖြစ်နေပါတယ်။

ဥပမာ မုန်တိုင်းနဲ့ ရေလေးကို ရှောင်ရင်း တိရစ္ဆာန်တွေ ဘေးလွတ်ရာ ရွှေ့ပြောင်းရတာကြောင့် ရောဂါပိုး ပျံ့နှံဖို့ တွန်းအားဖြစ်စေပါတယ်။ အခြားတစ်ဖက်မှာလည်း ရေကြီးမှုလို ပြဿနာမျိုးကြောင့် ရောဂါပိုးက ပိုမိုပျံ့လွယ်ပါတယ်။ ဥပမာ လက်ပ်တိုစပိုင်ရိုးဆစ် ဗက်တီးရီးယားဟာ ရေကြီးနစ်မြုပ်မှုဖြစ်ပြီးနောက် ပျံ့နှံ့ပြီး ရောဂါဖြစ်ပွားစေနိုင်ပါတယ်။ 

ဒါကြောင့် ပြန်လည်ထူထောင်ရေး မတိုင်မီ ရောဂါမကျရောက်ဖို့ ကြိုတင်ကာကွယ်ခြင်းနဲ့ ဖြစ်လာတဲ့ရောဂါကို အလျင်အမြန် ထိန်းချုပ်ခြင်းတွေ ဆောင်ရွက်ဖို့ ဦးစားပေးရမှာပါ။ 

(၄) အစာနဲ့ ရေကို အရင်ရှာပါ။ 

မွေးမြူရေး ပြန်မစခင် အရင်ဆုံးရှာဖွေရမယ့် အရင်းအမြစ်ကတော့ တိရစ္ဆာန်တွေအတွက် အစာနဲ့ ရေပါပဲ။ လုံလောက်တဲ့ အစာနဲ့ ရေကို စီမံပြီးမှသာ မွေးမြူရေးလုပ်ငန်းတွေ ပြန်စသင့်ပါတယ်။ 

(၅) ပြန်လည်ထူထောင်ရေးကြောင့် ရောဂါ စ မဖြစ်အောင် ဂရုစိုက်ပါ။ 

သဘာဝဘေးသင့်ဒေသမှာ မွေးမြူရေးလုပ်ငန်းတွေ ပြန်လည်ထူထောင်ဖို့ အခြားဒေသက မွေးမြူရေးတိရစ္ဆာန်တွေ သယ်ယူလာပြီး ထောက်ပံ့တာမျိုး ဆောင်ရွက်လေ့ ရှိပါတယ်။ ဥပမာ ၂၀၀၈ ခုနှစ်က နာဂစ်မုန်တိုင်းဒဏ်သင့် ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းဆီကို မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ ရှမ်းပြည်နယ်အစရှိတဲ့ ဒေသတွေက ကျွဲ၊ နွားတွေ ပို့ဆောင်ပေးခဲ့တာမျိုးပါ။ 

ဒီလို ဆောင်ရွက်ရတဲ့အခါ မွေးမြူရေးတိရစ္ဆာန်တွေနဲ့အတူ အခြားဒေသက ရောဂါပိုးတွေပါ အတူ ပါလာနိုင်တာကို သတိပြုရမှာပါ။ 

သဘာဝဘေးသင့်ဒေသကို ပံ့ပိုးကူညီဖို့ ‌မွေးမြူရေးတိရစ္ဆာန်တွေ ပေးပို့လိုက်ခါမှ ကူညီရာမရောက်ဘဲ ရောဂါပိုးဖြန့်ဖြူးလိုက်သလိုမျိုး မဖြစ်စေသင့်ပါဘူး။ ဒါကြောင့် သဘာဝဘေးသင့်ဒေသကို ပေးပို့ထောက်ပံ့မယ့် တိရစ္ဆာန်တွေကို လုံလောက်တဲ့ကာကွယ်ဆေးထိုးနှံမှု၊ သီးခြားခွဲခြားစောင့်ကြည့်မှု၊ ရောဂါပိုးရှာဖွေစမ်းသပ်ဆောင်ရွက်မှုတွေဆောင်ရွက်ပြီးမှသာပေးပို့သင့်ပါတယ်။ 

သဘာဝဘေးသင့်ဒေသမှာ ရောဂါပိုးက စောင့်ကြိုနေသလို၊ အခြားဒေသက တိရစ္ဆာန်တွေကို သယ်ယူလာချိန်မှာ လမ်းတလျှောက် ပင်ပန်းလာတာရယ်၊ ဒေသသစ်၊ အစာအာဟာရသစ်မှာ ချက်ချင်းအသားမကျနိုင်တာရယ်ကြောင့် ခုခံအားကျပြီး ရောဂါကူးစက်ခံရလွယ်နေတာကိုလည်း သတိပြုသင့်ပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်