ဈေးကွက်ဝင် မက္ကဒေးမီးယား

21/08/2020 17:00 PM တွင် မဆုမြတ်ခင် မဆုမြတ်ခင် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    ယနေ့ခေတ် စူပါမားကတ်များတွင် ဈေးကြီးကြီးပေးပြီး ဝယ်စားနေကြရတဲ့ မက္ကဒေးမီးယားလို့ခေါ်တဲ့ အစေ့အဆံလေးအကြောင်းကို ဗဟုသုတအဖြစ် တင်ပြပေးပါ့မယ်။

    မက္ကာဒေးမီးယားမှာဆိုရင် အကြမ်းအားဖြင့် စီးပွားရေးအရအရေးပါတဲ့ မျိုး၂ မျိုး ရှိပါတယ်။ ပထမတစ်မျိုးကတော့ အခွံချောမွေ့တဲ့ မက္ကဒေးမီးယားမျိုးပဲ ဖြစ်ပါတယ်။ သူ့ရဲ့သိပ္ပံနာမည်ကတော့ Macadamia integrifolia ဖြစ်ပါတယ်။ ဒုတိယမျိုးကတော့ အခွံကြမ်းတဲ့ မက္ကဒေးမီးယားမျိုးပါ။ သူ့ရဲ့ သိပ္ပံအမည်ကတော့ Macadamia tetraphylla ပဲ ဖြစ်ပါတယ်။

    သူ့ရဲ့ အပင်အမြင့်ကတော့ မျိုးပေါ်မူတည်ပြီး ၂ မီတာမှ ၁၂ မီတာ အထိတောင် မြင့်ပါတယ်။ အသီးဟာဆိုရင်လည်း အရမ်းကိုမာကြောပြီး ထိပ်ဖျားချွန်နေပါတယ်။ အဲ့ဒီအသီးကို ခွဲလိုက်ရင်တော့ ကျွန်မတို့စားသုံးကြတဲ့ မက္ကဒေးမီးယားအစေ့ကို တွေ့မြင်နိုင်မှာဖြစ်ပါတယ်။

    မက္ကဒေးမီးယားဟာဆိုရင်ဖြင့် အအေးပိုင်းဒေသတွေမှာရော အပူပိုင်းဒေသတွေမှာပါ  စိုက်ပျိုးနိုင်ပါတယ်။ ဒါပေမယ့် နှင်းကျတာကိုတော့ မကြိုက်တဲ့အတွက် ဆီးနှင်းလွတ်တဲ့ဒေသဖြစ်ဖို့တော့ လိုအပ်ပါတယ်။ အပူချိန် ၁၀°C အောက် မကျဖို့လည်း လိုအပ်ပါတယ်။ ပျမ်းမျှအပူချိန်ကတော့ ၂၅°C ဖြစ်ပါတယ်။ 

    မက္ကဒေးမီးယားက မြေဆီဩဇာကြွယ်ဝတဲ့မြေကို ပိုကြိုက်ပါတယ်။ ဒါပေမယ့် အမျိုးမျိုးသော မြေတွေမှာလည်း စိုက်ပျိုးဖြစ်ထွန်းနိုင်ပါတယ်။ အဓိက လိုအပ်တာကတော့ ရေသွင်းရေထုတ်ကောင်းဖို့ပါပဲ။ မြေချဉ်ငံဓာတ် (pH) ၅ မှ ၆ အကြားရှိတဲ့ မြေတွေမှာ ပိုမိုဖြစ်ထွန်းပြီး အလင်းရောင်ကောင်းစွာရဖို့လည်း လိုအပ်ပါတယ်။ 

    အပင်ငယ်စဉ်မှာတော့ လေဒဏ်မှ ကာကွယ်ပေးဖို့လိုအပ်ပါတယ်။ မိုးရေချိန်အနေနဲ့ကတော့ ၄၀ လက်မ မှ ၈၀ လက်မကြား လိုအပ်ပါတယ်။ မိုးရေချိန်ပုံမှန်ရှိတဲ့ ဒေသတွေမှာတော့ အဆင်ပြေပေမယ့် မိုးရေချိန် ပုံမှန်မရှိတဲ့ဒေသတွေမှာဆိုရင်တော့ အပင်အရမ်းခြောက်သွေ့လာတဲ့အခါ ရေသွင်းပေးဖို့ လိုအပ်ပါတယ်။ 

    အခုနက ပြောခဲ့သလိုပဲ မက္ကဒေးမီးယားပင်က ဆီးနှင်းကျတာကို မကြိုက်ပါဘူး။ အဲ့လိုပဲ ရေဝပ်တာကိုလည်း မကြိုက်ပါဘူး။ ဒါပေမယ့် မက္ကဒေးမီးယားအပင်က အတော်လေးကို အကြမ်းခံနိုင်ပါတယ်။ တကယ်လို့ ကိုယ်က ကျွေးနိုင်တယ်ဆိုရင်တော့ အနည်းလို အာဟာရဓာတ်တွေဖြစ်တဲ့ မဂ္ဂနီဆီယမ်၊ ဆာလဖိတ်၊ ဇင့်၊ ဘိုရွန် စတာတွေကို ကျွေးပေးလို့ရပါတယ်။ နိုက်ထရိုဂျင်ဓာတ်တွေလည်း ကျွေးပေးနိုင်ပါတယ်။

    မက္ကဒေးမီးယားအပင်တွေဟာ ဖိုက်တိုပသော်ရာ အမြစ်ရောဂါဒဏ်ကို ခံနိုင်ရည် မရှိပါဘူး။ သူ့ရဲ့ အမြစ်တွေက နက်နက်မဆင်းနိုင်ဘဲ အမြစ်တိမ်တဲ့အတွက် လေမုန်တိုင်းတွေပြင်းပြင်းထန်ထန် တိုက်တဲ့အခါမှာလည်း လဲကျနိုင်ပါတယ်။

စိုက်ပျိုးနည်း

    မက္ကဒေးမီးယားပင်ကို စိုက်မယ်ဆိုရင်တော့ အစေ့ကနေ စိုက်တာထက် ကိုင်းကူးကိုင်းဆက်နည်းနဲ့ စိုက်ဖို့ တိုက်တွန်းပါရစေ။  ဘာလို့ဆို အစေ့ကနေစိုက်မယ်ဆိုရင် အစေ့အဆံရဖို့ အချိန်အထိ ၇ နှစ်လောက် အနည်းဆုံးကြာနိုင်လို့ပါ။ ဒါပေမယ့် ကိုင်းကူးကိုင်းဆက်နည်းကိုသာ သုံးမယ်ဆိုရင်တော့ နှစ်နှစ်လောက်နဲ့တင် အသီးစတင်နိုင်ပါတယ်။ ချွင်းချက်အနေနဲ့ကတော့ မက္ကဒေးမီးယားအပင်တွေဟာ ကိုင်းကူးကိုင်းဆက်လုပ်ရာမှာ အောင်မြင်ဖို့တော့ နည်းနည်းခက်ခဲလှပါတယ်။ အဲ့ဒါကြောင့်လည်း မက္ကဒေးမီးယား အစေ့တွေဟာ ဒီနေ့ခေတ်ဈေးကွက်မှာတော့ ဈေးအကြီးဆုံး အစေ့အဆံတစ်ခုအဖြစ် ရပ်တည်နေနိုင်တာပဲ ဖြစ်ပါတယ်။ ပြီးတော့ မက္ကဒေးမီးယားအသီးတွေဟာ ဘယ်အချိန်ရင့်မှည့်တယ်ဆိုတာ မှန်းရခက်တဲ့အတွက် အသီးတွေ မြေပေါ်ကြွေကျတဲ့အထိ ထားကြရပါတယ်။ ကြွေကျသွားတဲ့အချိန်မှသာ လူတွေကကောက်ယူပြီး အစေ့ထုတ်ဖို့ ပြုလုပ်ကြရတာ ဖြစ်ပါတယ်။ အခုလောက်ဆိုရင်တော့ မက္ကဒေးမီးယားအပင်အကြောင်း အတော်လေး သိလောက်ပြီထင်ပါတယ်။ နောက်ဆုံးတစ်ခု ပြောချင်တာကတော့ မက္ကဒေးမီးယားအစေ့တွေဟာ ခွေးလေးတွေကို အဆိပ်အတောက်ဖြစ်စေပါတယ်။ အဲ့ဒါကြောင့် ချစ်လို့ဆိုပြီး မိမိခွေးလေးတွေကို တန်ဖိုးကြီးတဲ့ မက္ကာဒေးမီးယား အစေ့လေးတွေ သွားမကျွေးမိဖို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါရစေရှင့်။ ။

Reference: https://en.wikipedia.org/wiki/Macadamia

https://www.britannica.com/plant/macadamia

ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်