တောင်သူများအနေနဲ့(အင်တာနက်ပေါ်မှာ) တွေ့တဲ့စာတိုင်းကို မယုံဘဲနဲ့ ယုတ္တိရှိ၊ မရှိ စဉ်းစားဆုံးဖြတ်ဖို့လိုပါ တယ်

Thein Soe     19/01/2018 12:41 PM     Content Provider - Greenway
Photo - green-way

မေး။    ။ အစ်ကိုတို့ အဖွဲ့အစည်းစတင်ဖြစ်ပုံကို ပြောပေးပါ။

ဖြေ။     ။ ကျွန်တော်တို့ အစိမ်းရောင်လမ်းကို ၂၀၁၁ ခုနှစ်၊ မေလ က စတင်ဖြစ်တယ်။ အဲဒီမတိုင်ခင်က ကျွန်တော်တို့က တခြားအဖွဲ့အစည်းတွေမှာ လုပ်နေကြတာ။ စစချင်း ရန်ကုန်မှာ ဆလပ်ရွက်တွေကို ဓာတုလွတ် စိုက်ပြီး ဟိုတယ်တွေကို သွင်းတယ်။ ကျွန်တော်တို့လုပ်ချင်တာက တောင်သူတွေဆီကို နည်းပညာတွေ ဖြန့်ဖြူးပေးချင်တာဆိုတော့ ဝင်ငွေ တစ်ဖက်တစ်လမ်းရအောင် ဆလပ်ရွက်စိုက်ပြီး ဝင်ငွေရှာတ တယ်။ အနီးအနားက တောင်သူတွေကိုလည်း နည်းပညာဖြန့်ဖြူးပေးခဲ့တယ်။ ပိုးမွှားဆိုရင်လည်း ဓာတုမပါဘဲ ဘယ်လိုထိန်းချုပ်မလဲဆိုတာကို နည်းပြပေးတယ်။ အဲဒီတုန်းကတော့ အနီးအနားက တောင်သူ ၂၀၊ ၃၀ လောက်ကို နည်းပညာပေးတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဒီထက်မက ကျယ်ပြန့်အောင်လုပ်ချင် တာ။ နယ်တွေကိုလည်း အစုံ မသွားနိုင်တော့ အင်တာနက်နဲ့လုပ်မယ်ဆိုပြီး စဉ်းစားခဲ့ကြတာ။ အဲဒီတုန်းက အင်တာနက်ကလည်း သိပ်မတွင်ကျယ်သေးပေမယ့် စိုက်ပျိုးရေးစီမံကိန်းမှာ လုပ်ကိုင်နေတဲ့သူတွေကတော့ အင်တာနက်ကို သုံးနေကြရတယ်။ အဲဒီတော့ သူတို့ကနေတဆင့် တောင်သူတွေဆီကို ပြန့်ပွားစေ ဖို့ ရည်ရွယ်ချက်နဲ့ ဘလော့(blog) တည်ထောင်ပြီးစခဲ့ကြတယ်။ စစချင်း အခက်အခဲအနေနဲ့ ရန်ကုန်မှာ အဲဒီအချိန်တုန်းက မိုးများတော့ ဆလပ်တွေ စိုက်လို့အဆင်မပြေဘူး။ အပြင်အလုပ်တွေပြန်လုပ်ပြီး ညဘက်မှာ ကျွန်တော်တို့ ဒီဝက်ဆိုဒ်လေးအတွက် ဆောင်းပါးတွေ ရေးကြရတယ်။ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ မှာတော့ ရှိသမျှ အလုပ်တွေထွက်ပြီး အစိမ်းရောင်လမ်းကို ပြန်စတယ်။ အရပ်ဘက်လူမှုအဖွဲ့အစည်းက အလှူရှင်တွေနဲ့ ဆက်စပ်ရတော့ လုပ်ရကိုင်ရတာ အကန့်အသတ်ရှိသလို ကျွန်တော်တို့ လုပ်ချင်တာလည်း လုပ်ခွင့်ရချင်မှ ရမှာ။ ဒါကြောင့် ကုမ္ပဏီအနေနဲ့ လူမှုအကျိုးပြုပုံစံမျိုးဖြစ်ပြီးတော့ မနှစ်က ဒီဇင်ဘမှာ မှတ်ပုံတင်ရတယ်။ ဝင်ငွေအနေနဲ့ ကတော့ အခြားဝန်ဆောင်မှုနဲ့သွားပြီး လယ်သမားတွေကို နည်းပညာပြန်ပွားဖို့အတွက်ကတော့ အခမဲ့ ဆောင်ရွက်နေပါတယ်။

မေး။    ။ ဖုန်းအက်ပလီကေးရှင်း မိတ်ဆက်ပေးပါဦး။

ဖြေ။     ။ အရင်တုန်းကတော့ အလွယ်ရတဲ့ Android တစ်ခုကို ယူပြီး အင်တာနက်စာမျက်နှာကနေ ချိတ်ဆက်ပြီး လုပ်တယ်။ အဲဒါကို နားလည်တတ်ကျွမ်းသူက ဖုန်းအသုံးပြုတဲ့သူရဲ့ အချက်အလက်ကို ခိုးယူနိုင်တယ်လို့ ပြောတော့ အဲဒီနောက်ပိုင်း ကိုယ်ပိုင် Application တစ်ခုကို ၂၀၁၅ ခုနှစ်၊ မေလမှာ စလုပ်ခဲ့တယ်။ အခုထိတော့ ပြုလုပ်ဆဲအဆင့် ဖြန့်ထားပေမယ့် အဲဒီအဆင့်ထက် သာလွန်ကောင်းမွန်တဲ့ ဗားရှင်းအဖြစ် ရေးဆွဲနေပါတယ်။ အဲဒီမှာ သူ့ကဏ္ဍအလိုက် လွယ်လွယ်ကူကူ ပြန်ရှာလို့လွယ်အောင် လုပ်ထားတယ်။ ဒီလကုန်လောက်ဆို ထုတ်နိုင်ပါလိမ့်မယ်။ ဒီလကုန်ဆိုရင် ငါးနှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဖြန့်ပေးသွားမှာပါ။

မေး။    ။ လက်ရှိ ကုမ္ပဏီ လုပ်ငန်းအနေနဲ့ ကျတော့ ဘယ်လိုဝန်ဆောင်မှုတွေလုပ်နေလဲ။

ဖြေ။     ။ ကုမ္ပဏီလုပ်ငန်းအနေနဲ့ကတော့ စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ အကြံပေးလုပ်ငန်း၊ အချက်အလက်ကောက်ခံမှုနဲ့ သုတေသနလုပ်ငန်း၊ စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ ဘာသာပြန်ပေးတဲ့ ဝန်ဆောင်မှုလုပ်ငန်း၊ အလုပ်ရုံ ဆွေးနွေးပွဲတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေကို ဦးစီး စီစဉ်ပေးမှုစတဲ့ လုပ်ငန်းတွေနဲ့ ဝင်ငွေရှာပြီး တစ်ဖက်မှာ လယ်သမားတွေအတွက် ပြန်လည်အသုံးပြုပါတယ်။

မေး။    ။ လက်ရှိ အစ်ကိုတို့ အင်တာနက် စာမျက်နှာမှာ ဘယ်လို ပုံစံမျိုးတွေလုပ်ထားပါသလဲ။

ဖြေ။     ။ လက်ရှိ အင်တာနက်စာမျက်နှာမှာ ဆောင်းပါးတွေကို ပင်တိုင်ရေးနေတဲ့သူတွေရှိတယ်။ စိုက်ပျိုးရေးကဏ္ဍမှာ ကျင်လည်ခဲ့ကြတဲ့ ဆရာကြီး၊ ဆရာမကြီးတွေပါကြတယ်။ အငြိမ်းစားယူထားကြတဲ့သူတွေ အပြင် အတွေ့အကြုံရှိတဲ့ လယ်သမားတွေကိုလည်း ရေးခွင့်ပြုထားတယ်။ နောက်တစ်ချက်က ကျွန် တော်တို့ စာမျက်နှာဝင်လိုက်တာနဲ့ လယ်သမားနဲ့ ပညာရှင်ဆိုပြီး ကဏ္ဍနှစ်ခု ခွဲထားတယ်။ အဲဒီရည်ရွယ်ချက်က လယ်သမားနဲ့ ပညာရှင်ကြားကို ချိတ်ဆက်ပေးချင်တာ။ ကျွန်တော်ဆိုရင် အပင်ရောဂါနဲ့ ကျောင်းပြီးထားတာ။ နေရာတိုင်းမှာတော့ မကျွမ်းကျင်နိုင်ဘူး။ ဘယ်ကဏ္ဍရဲ့ ပညာရှင်လဲဆိုတဲ့ မေးခွန်းကို ဖြည့်သွင်းရတယ်။ ဒီလိုဖြည့် ထားတော့ ကိစ္စတစ်ခုခုဖြစ်ရင် သက်ဆိုင်ရာ ကဏ္ဍရဲ့ ပညာရှင်တွေဆီကို အီးမေးလ်ပို့ထား လိုက်တယ်။ ပြန်ဖြေကြားတဲ့ အဖြေတွေကို မေးတဲ့မေးခွန်းမှာ ပြန်ဖြေထားပေးတယ်။

မေး။    ။ အင်တာနက်နဲ့ လုပ်တာဆိုတော့ လယ်သမားတွေ ဒါကို လိုက်ပါအသုံးပြုနိုင်သလား။

ဖြေ။     ။ လယ်သမားတွေအတွက်တော့ အကျိုးရှိပေမယ့် အများစုက ဖုန်းနဲ့ပဲ အသုံးပြုကြတော့ မေးခွန်းကို အင်တာနက်စာမျက်နှာ ဝက်ဆိုဒ်ကနေပဲ သွားမေးရမယ်ဆိုတဲ့ အခက်အခဲပဲ ဖြစ်တာပါ။ ဝင်မေးတဲ့ သူကလည်း နည်းသေးတယ်။ နောက်လုပ်မယ့် App ဖြန့်ဝေပေးပြီးရင်တော့ မေးမြန်းတဲ့သူ များလာမှာပါ။ မေးခွန်းတွေက စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ မိမိတို့ ဒေသမှာ ဖြစ်နေတာတွေကို မေးမြန်းလို့ရပါတယ်။ တောင်သူတွေအနေနဲ့က ပညာရှိတွေနဲ့ မနီးစပ်ကြဘူး။ စိုက်ပျိုးရေးဌာန၊ ရုံးတွေဆီ သွားဖို့ကလည်း ဝေးကြသလို၊ တချို့က အဝင်အထွက်မရဲကြဘူး။ အဲဒီတော့ ဒီဖုန်းကနေပဲ ကိုယ်ဖြစ်နေတဲ့ အပင်ရောဂါအခြေအနေကို ဓာတ်ပုံရိုက်တင်ပြရင်ပဲ ပညာရှင်ကနေ ပြန်အကြံပေးနိုင်တဲ့ အခြေအနေမျိုးဖြစ်အောင် လုပ်ထားတာပါ။ ပြသနာတွေကို တစ်နည်းတစ်လမ်းနဲ့ ဖြေရှင်းပေးရာ ရောက်မှာပါ။

မေး။    ။ နောက်ထွက်မယ့် ဖုန်းအက်ပလီကေးရှင်းမှာရော ဘယ်လို ပုံစံမျိုးတွေ ထပ်ဖြည့်ထားလဲဗျ။

ဖြေ။     ။ နောက်လာမယ့်ဟာမှာ သီးနှံနေ့စဉ် စျေးနှုန်းတွေပါမယ်။ အဲဒီအတွေက် လယ်ယာစိုက်ပျိုးရေးနှင့် သတင်းအချက်အလက်အေဂျင်စီကနေ လုပ်ပေးတယ်။ လောလောဆယ် အင်တာနက်စာမျက်နှာ ဝက်ဆိုဒ်မှာ တော့ရတယ်။ ဖုန်းမှာတော့ နောက်ထွက်မယ့် အက်အလီကေးရှင်း မှာပါမယ်။ နောက်တစ်ခုက စာ ဖတ်တာမှာ ပိုလွယ်ကူမယ်။ မှတ်ပုံတင်တာကိုလည်း လွယ်ကူအောင်လုပ်ထားတယ်။ ဖေ့ဘွတ်ခ်အကောင့်ရှိတာနဲ့ လါယ်လွယ် ချိတ်ဆက်ပြီး မှတ်ပုံတင်နိုင်တာမျိုးဖြစ်မယ်။ စာအုပ်တွေလွယ်လွယ် ဒေါင်းလော့လုပ်ပြီး ဖတ်နိုင်အောင်လည်း လုပ်ထားတယ်။ အဲ့ဒါအပြင် နောက်ပိုင်းဆက်လုပ်မယ် အစီအစဉ်တွေလည်းရှိ ပါတယ်။ ရေရှည်မှာကျရင်တော့ တောင်သူတွေအနေနဲ့ ကိုယ်သိချင်တဲ့ အချက်အလက်ကိုသာ လွယ်လွယ်ကူကူ ရနိုင်အောင် လုပ်ပေးဖို့ရှိတယ်။ ဥပမာ- စပါးနဲ့ပတ်သက်တာကိုပဲလိုချင်တယ်။ ဖတ်ချင်တယ်ဆိုရင် အဲဒါတွေကို ကျွန်တော်တို့ လုပ်ထားသမျှ ဆောင်းပါးတွေ သတင်းအချက်အလက်တွေကို ဖုန်းကနေတစ်ဆင့် တစ်စုတစည်းတည်း ရနိုင်အောင် ဆက်လုပ်သွားဖို့ရှိတယ်။ အကြောင်းအရာ ရောထွေးမနေဘဲ လိုချင်တာ သီးသန့်ရနိုင်တဲ့အဆင့်ထိ လုပ်ပေးသွားဖို့ ရှိတယ်။

မေး။    ။ စိုက်ပျိုးရေးပိုင်းမှာ ပညာရှင်နဲ့ တိုက်ရိုက်မေးမြန်းနိုင်မယ့် အင်တာနက် စာမျက်နှာ မရှိဘူးလို့ထင်တယ်။ ပထမဆုံးလား။

ဖြေ။     ။ ဟုတ်ပါတယ်။ ကျွန်တော်တို့က ပထမဆုံးလိုမျိုးဖြစ်နေပါတယ်။ ဒီကြားမှာ လုပ်တာတွေလည်း ရှိကောင်းရှိမှာပါ။ ဒါပေမယ့် ရေရှည်လုပ်တာမျိုး မတွေ့ရဘူး။ နောက်ပြီး အများစုရှိနေတဲ့ အက်ပလီကေးရှင်းတွေက အင်တာနက်လိုင်းမလိုဘဲ နည်းပညာကိုပေးပေမယ့် ပညာရှင်နဲ့ ပြန်မေးလို့ရမယ့်အပိုင်းမရဘူး။ အဲဒီအတွက် အွန်လိုင်းကနေချိတ်ပြီး တိုက်ရိုက်မေးလို့ရအောင် လုပ်ထားတာပါ။ ကျွန်တော်သိသလောက်လည်း ကျွန်တော်တို့လိုမျိုးလုပ်နေတဲ့သူမရှိသေးပါဘူး။

မေး။    ။ အဖြေပိုင်းမှာရော ဘယ်လိုပြန်ဖြေပေးလဲခင်ဗျ။

ဖြေ။     ။ တချို့ကိစ္စမျိုးတွေကို အဖြေကဏ္ဍမှာပဲ တိုတိုနဲ့ပြန်ဖြေတယ်။ ကညွတ်စိုက်ပျိုးနည်းပြောပေးပါ လားဆိုတာမျိုးကျတော့ တစ်ကြောင်းနှစ်ကြောင်းနဲ့ ဖြေလို့မရတော့ဘူး။ အဖြေက နည်းနည်းကြာမယ်။ သက်ဆိုင်ရာ ပညာရှင်ရဲ့ ဆောင်းပါးအနေနဲ့ရေးပြီး ပြန်တင်ပေးတယ်။ ရေးပြီးသားရှိရင်လည်း စာရေးသူရဲ့ ခွင့်ပြုချက်တောင်းပြီး ပြန်တင်ပေးတယ်။

မေး။    ။ အစ်ကိုတို့ လုပ်ဆောင်တဲ့အခါမှာ ဘယ်လိုစိန်ခေါ်မှုမျိုးတွေ ကြုံရလဲ။

ဖြေ။     ။ ပထမတစ်ချက်က ငွေကြေးပိုင်း အခက်အခဲရှိတယ်။ ကျွန်တော်စိတ်ကူးထားတဲ့ အိုင်ဒီယာတွေရှိသေးတယ်။ လယ်သမားတွေရဲ့ လယ်ယာထွက်ကုန်တွေကို ထိုက်သင့်တဲ့ စျေးနှုန်း ရရှိဖို့အထိ လုပ်ပေးနိုင်ဖို့ စိတ်ကူးထားတယ်။ အဲဒီအတွက် ဖြစ်နိုင်ချေများတယ်။ လုပ်လို့လည်းရနိုင်တယ်။ ဒါပေမယ့် အရင်းအနှီးတွေလိုအပ်တယ်။ လောလောဆယ်လုပ်ထားတဲ့ ဖုန်းအက်ပလီကေးရှင်းမှာတင် ဖြန့်ကျက်လို့ရတဲ့ အပိုင်းတွေက အများကြီးရှိနေသေးတယ်။ ငွေကြေးပိုင်းကြောင့် အခက်အခဲဖြစ်နေတာပါ။ နောက်တစ်ချက် နည်းပညာ အပိုင်းမှာဖြန့်ကျက်ဆက်သွယ်နိုင်မှုအားနည်းနေသေးတယ်။ အင်တာနက်စာမျက်နှာမှာ သုံးစွဲသူတွေ သောင်းကျော်ရှိပေမယ့် တစ်နိုင်ငံလုံးနဲ့ယှဉ်ရင် အားနည်းနေသေးတယ်။ များများဆက်သွယ် ဖြန့်ကျက်နိုင်ဖို့လိုသေးတယ်။ နောက်တစ်ချက်က အထဲမှာပါတဲ့ အဆက်အသွယ်လုပ်သူတွေရဲ့ အကြောင်းအရာပိုင်းတွေမှာ မှန်ကန်မှုရှိ၊ မရှိကို ထိန်းချုပ်ဖို့လိုတယ်။ အခုနောက်ပိုင်းမှာ လူမှုမီဒီယာတွေအရမ်းအားကောင်းလာချိန်မှာ တချို့လူတွေ like နဲ့ share အရေအတွကို ရူးသွပ်နေတာမျိုးတွေရှိတယ်။ ဒီဟာရဖို့အတွက် အကြောင်းအရာပိုင်းမှာ စိတ်ဝင်စားမယ့် ကိစ္စတစ်ရပ်ကို ဖန်တီးလိုက်ကြတယ်။ ပြီးတော့ပြန်ဖြန့်လိုက်တယ်။ အဲဒီအတိုင်းလိုကလုပ်ပြီး လယ်သမားတွေမျာ မထိရောက်တာမျိုးတွေရှိလာတယ်။ အခုရက်ပိုင်းကြုံရတဲ့ပြသနာဆိုရင် ကျွန်တော်တို့ဆီက အကြောင်းအရာ တချို့ကို ယူသုံးလိုက်တယ်။ ဒါပေမယ့် စိတ်ချရတဲ့နေရာက ရယူလာတာလားဆိုတာကို ဖတ်တဲ့သူယုံကြည်ဖို့အတွက် အခက်အခဲရှိယ်။ ဥပမာ-ကျွန်တော်ပြောတဲ့စကား နဲ့နာမည်ကြီးပညာရှင် တစ်ဦးရဲ့ ပြောစကား အကျိုးသက်ရောက်မှု တူရင်တောင်မှ စာဖတ်သူရဲ့ လက်ခံယုံကြည်မှုက ကွာတယ်။ အကြောင်းအရာ တစ်ခုခုကို ပေးချင်တယ်ဆိုတာတောင် ဘယ်ကနေကူးယူ၊ ရယူတယ်ဆိုတာကို ဖော်ပြပေးဖို့လိုတယ်။ အဲဒါမှ စာဖတ်သူက ယုံကြည်လိမ့်မယ်။ အဲဒီလိုမဟုတ်ဘဲ ကိုယ်ရေးတာ လိုလိုလုပ်ရင် မူရင်းရေးတဲ့အနှစ်သာရကို မရနိုင်သလို၊ မူရင်းရေးသူရဲ့ ပေးချင်တဲ့ ရည်ရွယ်ချက်ကလည်း ထိရောက်မှာ မဟုတ်ပါဘူး။

မေး။    ။ အင်တာနက်ကနေရရှိတဲ့ သတင်းအချက်အလက်ပေါ်မှာ လယ်သမားတွေ ဘယ်လိုယုံ ကြည်သင့်သလဲ။

ဖြေ။     ။ ခုနက ပြောသလိုမျိုးတွေက လူမှုမီဒီယာတွေမှာ ထိန်းချုပ်ရဖို့ အရမ်းခက်ပါတယ်။ အဲဒါကြောင့် တောင်သူလယ်သမားများအနေနဲ့ (အင်တာနက်ပေါ်မှာ)တွေ့တဲ့ စာတိုင်းကို မယုံဘဲနဲ့ ယုတ္တိရှိ၊ မရှိ စဉ်းစားဆုံးဖြတ်ဖို့ လိုသလို သုံးစွဲလုပ်ကိုင်ရမယ့် ကိစ္စဆိုရင်လည်း ကိုယ်နဲ့သိတဲ့သူတွေကို မေးမြန်းတိုင်ပင်သင့်တယ်။ လယ်သမားတွေကလည်း နည်းမျိုးစုံနဲ့ ကျွန်တော်တို့ဆီ ဆက်သွယ်လို့ရပါတယ်။ လယ်သမားတွေရဲ့ အသံကို အမြဲနားထောင်နေပါတယ်။ ကျွန်တော်တို့ရဲ့ ဖုန်းအက်ပလီကေးရှင်းကို ဒီဖော်ပြပါ လိပ်စာမှာ ဒေါင်းလော့ရယူနိုင်ပါတယ်။

(Google Play Store)

http://goo.gl/6KD1WR      

 

ကိုးကား - The Farmer Journal မှ အင်တာဗျူးကို ပြန်လည် ကူးယူဖော်ပြသည်။



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  စကားပုံ  

"ငှက်ပျောပင်စိုက် မိလိုက်ဘပါ"