Basic Agricultural Science (127) Mango Tree Physiology (Part-2)
အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ (၁၂၇) သရက်ဇီဝကမ္မဗေဒ (အပိုင်း-၂)
သရက်သီးနှံအကြောင်းအခြေခံကိုသစ်သီးများရဲ့ ဘုရင် "သရက်သီး" အကြောင်း တွင်စတင်မိတ်ဆက်ခဲ့ပါသည်။
ယခုအပိုင်းတွင် သရက်ပင်၏ ဇီဝကမ္မဗေဒ (Ecophysiology of Mango) အကြောင်းကို ဆက်လက်ဆွေးနွေးပါမည်။
သရက်ပင်မှာ အမြဲစိမ်းပင် (Ever Green Plant/Fruit Tree) မျိုးဖြစ်နေသဖြင့် အစာချက်လုပ်သော အစိမ်းရောင် အရွက်များ (Source – Green Leaves) မှာ တစ်နှစ်ပတ်လုံးရှိနေပါသည်။ သို့သော အသီးဖြစ်ပေါ်လာမည့် (Sink - Fruit) သရက်ပန်းပွင့် (Flowering Time) ချိန်မှာ တနှစ်လျှင် တစ်ကြိမ်သာဖြစ်ပေါ်ပါသည်။ ပန်းပွင့်များမှ အသီးတင်နှုန်း (Fruit Setting) မှာ အလွန်နည်းပါးလှသဖြင့် သရက်သီးအထွက်ကောင်းစေရန် ဇီဝကမ္မဗေဒဆိုင်ရာ အချက်များကို လေ့လာကြည့်ရအောင်ပါ၊
သရက်ပင်များအပါအဝင် အပူပိုင်းသစ်သီးပင်များ (Tropical Fruits) ၏ကြီးထွားမှုသည် ဆက်တိုက်မဟုတ်ပါ။ (Not continuous) ရပ်တံ့ချိန်ရှိပါသည်။ ပင်ပိုင်းဆိုင်ရာ ကြီးထွားမှု (Vegetative Growth) တနှစ်လျှင် ၃-၄ ကြိမ်ခန့် ကိုင်းတစ်ခုခြင်းအလိုက် (Individual Branches) ဖြစ်တတ်ပြီး စိုက်ပျိုးသည့်မျိုးနှင့် ပတ်ဝန်းကျင် အခြေအနေပေါ် ကွာခြား တတ်ပါသည်။ ၃-၆ ပတ်ခန့်ကြာသည့် အချိန်တွင် တစ်ကြိမ် ရပ်တန့်ပါသည်။ ထိုအချိန်တိုင်း အရွက်သစ် ၁၀-၂၀ ရွက် ထွက်လေ့ရှိပါသည်။
သရက်ပင်အတွက် အကောင်းဆုံး အရွက်ဧရိယာညွှန်းကိန်း (LAI – Leaf Area Index) မှာ အပင်၏အသက် (Age of the Tree)၊ စိုက်ပျိုးသောမျိုး (Cultivated Variety) နှင့် ပတ်ဝန်းကျင်အခြေအနေ (Environmental Condition) တို့အပေါ်မှာ မူတည်ပါသည်။
(က) သရက်ပင်ငယ်များ (Young Mango Trees) အသက် ၁-၅ နှစ်အတွင်း သရက်ပင်များတွင် စိုက်ပျိုးသော အပင်အကွာအဝေး အလိုက် အရွက်ဧရိယာညွန်းကိန်း (LAI) ၁-၃ အတွင်းသာ ရှိတတ်ပါသည်။ အပင်အကိုင်းအုပ်မှု (Plant canopy) လည်း နည်းပါသေးသည်။
(ခ) သရက်ပင်ကြီးများ (Mature Mango Trees) သရက်ပင် ၅ နှစ်နှင့် အထက်တွင်တော့ အရွက်ဧရိယာ ညွှန်းကိန်း (LAI) ၃-၆ အတွင်း ရှိသင့်ပြီး အရွက်များလည်း တပင်လုံးစုံလင်စွာ ထွက်လာပါပြီ၊
(ဂ) အပင်ဦးရေပြည့်ကြပ်စွာ စိုက်ပျိုးမှု (High-Density Planting) အပင်ကြား တန်းကြား အနည်းငယ် စိတ်၍စိုက်ပျိုးထားသော သရက်ခင်းများတွင်တော့ အရွက်ဧရိယာ ညွန်းကိန်း (LAI) ၄-၇ လောက်အထိရရှိနိုင်ပါသည်။
(ဃ) ပတ်ဝန်းကျင်နှင့် ပြုစုပေးမှုဆိုင်ရာအချက်များ (Environmental Management Factors) အသင့်တော်ဆုံး အရွက် ဧရိယာ ညွန်းကိန်း (Optimum LAI) သည် စိုက်ပျိုးပြုစုပေးမှု နည်းစနစ်များ (Management Practices) ဥပမာ - အကိုင်းချိုင် ပေးမှု (Pruning)၊ ရေသွင်းပေးနိုင်မှု (Irrigation)၊ မြေဩဇာကျွေးမွေးပေးနိုင်မှု (Fertilization) စသည်တို့ အပေါ်တွင်လည်းကောင်း၊ ပတ်ဝန်းကျင် အလင်းရောင်/နေရောင်ချည် လုံလောက်စွာရရှိမှု (Light Availability)၊ သင့်တော်သောအပူချိန် (Optimum Temperature) နှင့် မြေဆီလွှာအရည်အသွေး (Soil Quality) တို့အပေါ်တွင် မူတည်ပါသည်။
သုတေသနတွေ့ရှိချက်များအရ အရွက်ဧရိယာ ညွန်းကိန်း (LAI) ၃-၆ များသည် အကောင်းဆုံးဖြစ်ပြီး ညွှန်းကိန်း ၆ ထက်ပိုသွားပါက အသီးအရည်အသွေး ကျဆင်းမှု (Poor Fruit Quality)၊ လေဝင်လေထွက်ညံ့ဖြင်းမှုကြောင့် ရောဂါများထိုးဖောက်ဝင်ရောက် လာနိုင်မှု (Susceptibility of Mango Disease) တို့ ဖြစ်ပေါ်လာနိုင်ပါသည်။
ပုံ - ၁ အပင်သက်တန်းအလိုက် အသင့်တော်ဆုံးအရွက်ဧရိယာများ
သရက်ပင်စိုက်ပျိုးပြီး အစေ့မှစိုက်ပျိုးသော အပင် ၆-၇ နှစ်သား၊ ကိုင်းကူး အပင် ၃-၄ နှစ်သားခန့်တွင် အပွင့်၊ အသီးများ ကို စတင်တွေ့ရပြီး တစ်ချို့အပင်များ အသက် ၁၀၀-ကျော် အထိ ပွင့်၊ သီးနိုင်ပါသည်။ မြန်မာနိုင်ငံတွင် သရက်ပန်းပွင့်ချိန် မှာ အေးသော ရာသီ ဖြစ်သော ဇန်နဝါရီမှ မတ်လအထိဖြစ်ပေါ်နိုင်ပါသည်။
ပန်းပွင့်ချိန်မှာ ၄-၆ ပတ်ခန့်ကြာမြင့်နိုင်ပြီး ညပိုင်းအေးသောရာသီ (Coolest months) လိုအပ်ပါသည်။ ပန်းပွင့်ခြင်းဖြစ်စေ (Floral Induction) ရန် နေ့အပူချိန် ၂၀-ဒီဂရီ၊ ညအပူချိန် ၈-၁၅ ဒီဂရီ လိုအပ်ပါသည်။ ပန်းပွင့်ခြင်းသည် ညနေပိုင်း (Late Evening) မှ မနက်အစောပိုင်း (Early Morning) အတွင်း ဖြစ်ပြီး ပန်းပွင့်မှု (Anthesis) ပြီးမှ တစ်နာရီ အထိ ပွင့်လျက်ရှိနေပါသည်။ ဝတ်မှုံကူး (Pollination) ခြင်းကို အဓိက အင်းဆက် (Insect )၊ နဂျီ (Wasp)၊ ပုရွက်ဆိတ်ကြီး (Large Ants) များနှင် ယင်ကောင် ကြီးများ (Large Flies) က အကူအညီပေးပါသည်။
ပုံ - ၂ အင်းဆက်ဖြင့် သရက်ပန်းပွင့်များ ဝတ်မှုံကူးနေပုံ
သရက်သီးတင်များခြင်းကို ဝတ်မှုံကူး အောင်မြင်ခြင်း အပေါ်မှာ မူတည်ပါသည်။ ပန်းပွင့် စုစုပေါင်း၏ ၈-၁၃ ရာခိုင်နှုန်း ခန့် အသီးတင်မှု (Fruit Settings) ဖြစ်တတ်ပြီး ရင့်မှည့်ချိန် ၁ ရာခိုင်နှုန်းခန့်ဘဲ အသီးရပါတော့သည်။ ပန်းပွင့်ခြင်းဆိုင်ရာ ဇီဝကမ္မဗေဒ (Crop Flowering Physiology) သည် သရက်သီးများများ အသီးတင်ရန်အတွက် အလွန်အရေးပါပါသည်။
နောက်ထပ် သရက်သီးတင်မှုဆိုင်ရာဖြစ်စဉ်မှာ အပင်၏ ယခင်နှစ်အသီးတင်မှု (Previous Fruit Load)၊ အသီးဆွတ်ပြီး အပင်ပိုင်းဆိုင်ရာကြီးထွားမှု (Post-harvest Vegetative Growth)၊ ပန်းမပွင့်မီ အပေါ်ကိုင်းများရင့်ကျက်မှု (Preflowering Maturity of Terminal Shoots)၊ ကာ ဘိုဟိုက်ဒြိတ်များ ထုတ်လုပ်ခြင်းနှင့်ရွေ့လျားမှု (Production and Mobilization of Carbohydrates)၊ အပင်အဟာရဓာတ်ရရှိမှုအခြေအနေ (Nutritional Status)၊ အပင်ကြီးထွားမှုဟော်မုန်းများ (Plant Growth Substances/ Plant Hormones)၊ ကာဗွန်၊ နိုက်ထရိုဂျင်အချိုးများ (Carbon to Nitrogen Ratios) စသည်တို့အပေါ်မှာမူတည်ပါသည်။
သရက်ပင်ကြီးထွားမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု (Mango Tree Growth and Development)
(က) အလင်းရောင် (Light) သရက်ကဲ့သို့သော သစ်ပင်ကြီးများ၊ သစ်သီးခြံ (Orchard) များ၊ နှစ်ရှည်ပင်များ (Perennial Crops) ကို အလင်းရောင်မျှတစွာ ရရှိစေရန် မစိုက်ခင်ကတည်းက ပင်ကြား၊ တန်းကြား အကွာအဝေး (Spacing)၊ တစ်ဧက/တစ်ဟက်တာ အပင် ဦးရေ (Plant Population Density – (Tree number per Acre/Hectare) မှန်အောင် စိုက်ထားရပါမည်။ အပင်ဦးရေစိတ်သွားပါက အပင်ကြီးလာသောအခါ အပင်နှစ်ပင်မှ အရွက်များ တစ်ရွက်နှင့်တစ်ရွက်ထပ်သွား (Overlapping) ပြီး အစာချက်လုပ်မှု နှုန်းကျသွားနိုင်ပါသည်၊ သရက် အပါအဝင် သစ်သီးပင်များ၏ ပန်းပွင့်မှု၊ အသီးအရွက်၊ အသီး အရောင် များကို တောက်ပသောနေရောင်ချည် ရရှိမှုက လွှမ်းမိုး နေပါသည်၊ အသီးခွံ အရောင်ကို အင်တိုဆိုင်ရာနင် (Anthocyanins) ဓါတ်နှင့် အလင်းရောင် ထိတွေ့မှုနှင့် ဆိုင်နေပါသည်။ အလင်းရောင် (Q=12 µmol photons m-2 s-1) ရရှိမှု များလာတာနှင့် အမျှ အစာချက်လုပ်မှုနှုန်းကလည်း အမြင့်ဆုံး အထိရောက်ရှိလာပါသည်၊ သို့သော် သရက်ရွက်များ သည် အချင်းချင်းထပ်နေသဖြင့် အပင်အပေါ်ဆုံး အရွက်များမှလွဲ၍ တစ်ရွက်ချင်း၏ အမြင့်ဆုံး အစာချက်လုပ်နှုန်း ရရှိရန် ခဲယဉ်းပါသည်။ အပင် မွေးမြူသူ များက အပင်ထောင်မတ်သော ပိသုကာပုံစံ (Upright Plant Architecture) ရရှိအောင် မွေးမြူပေးနိုင်ပါက အစာချက်လုပ်မှုနှင့် အပင်ကြီးထွားနှုန်း ပြောင်းသွားနိုင်ပါသည်။
ပုံ - ၃ အလင်းရောင်ပြည့်ဝစွာရသော သရက်ပင်ပုံ
(ခ) အပူချိန် (Temperature) သရက်သည် အပူပိုင်းသစ်သီးပင် (Tropical Fruit) တစ်နှစ်ပတ်လုံး နှင်းခါးကင်းကာ (Frost-Free) ပူနွေးသောရာသီဥတု ကိုနှစ်သက်ပါသည်။ ကြီးထွားမှု တစ်ပတ်/ အရွက်သစ်တစ်စုံထွက်ပြီး ထိပ်ပိုင်းမှာရှိသော အဖူးက အရွက်သစ် မထွက်ခင် ကြားကာလ (Growth/Dormancy Cycle) နေ့အပူချိန် ၂၀-ဒီဂရီ၊ ညအပူချိန် ၁၅ ဒီဂရီ ဆဲလ်ဆီးရပ်စ် အနည်းဆုံး ၂၀ ပတ်/၅ လခန့် (20 weeks) လိုအပ်ပြီး နေ့ ၃၀/ည ၂၅ ဒီဂရီဆိုလျှင် ၆ ပတ် (တစ်လခွဲ) နှင့် တပတ်လည်နိုင်ပါသည်။ အပူကြိုက် သစ်သီးပင်ဖြစ်သော်လည်း ပန်းပွင့်ချိန်၊ ဝတ်မှုံကူးချိန်တွင် အပူဓာတ်များ၊ မိုးရွာနေပါကလည်း အသီးတင်မှု နည်းသွားနိုင်ပါသည်။
(ဂ) မိုးခေါင်မှု (Drought) သရက်သည် မိုးခေါင်ဒဏ်ခံနိုင်သော အပင်ဖြစ်သော်လည်း ပန်းပွင့်၊ အသီးသီးချိန်မှာ ရေငတ်လွန်းပါက အသီးကြီးထွားမှုကို ထိခိုက် နိုင်ပါသည်။ အပင်ရေ ဓာတ်ပါဝင်မှု ပုံမှန် ၀.၃ မက်ဂါပါဆယ် (-0.3 MPa) မှ ရေဓာတ်နည်း အနှုတ် ၁.၂ မက်ဂါပါဆယ် (-1.2 MPa) အထိရှိနိုင်သဖြင့် ချိန်ညှိနိုင်ပါသည်။
ပုံ - ၄ မိုးခေါင်ဒဏ်ခံရသော သရက်ပင်
(ဃ) ရေဝတ်မှု (Flooding) သုတေသနတွေ့ရှိချက်များအရ သရက်ခင်းများတွင် မိုးကြီး၍ အပင်ခြေ ၄-၁၀ ရက်ခန့် ရေဝပ်သွားပါက အပင် ၄၅-ရာခိုင်နှုန်း ခန့်သေကြေသွားနိုင်ပါသည်။
(င) လေတိုက်မှု (Wind) သရက်သီးခြံများကို အပင်ငယ်စဉ်မှာ လေတိုက်ခတ်မှုမှ ကာကွယ်ပေးသင့်ပါသည်။
ပုံ - ၅ အသီးခူးခါနီး မုန်တိုင်းနှင့် လေဒဏ်ခံရသော သရက်ပင်
(စ) ဆားဓာတ်/အငန်ဓာတ်များမှု (Salinity) ဤသို့ဖြစ်လျှင် ကလိုရိုက်အဆိပ်ဖြစ်မှု (Chloride Toxicity) ဖြစ်နိုင်ပြီး အရွက်ထိပ်၊ မာဂျင်များ (Scorched Leaf Tips and Leaf Curling) ခြောက်သွေ့သည့် လက္ခဏာများကို တွေ့ရှိနိုင်ပါသည်။
မြန်မာနိုင်ငံ ရာသီဥတုနှင့် သရက်ပင်စိုက်ပျိုးရေး
မြန်မာနိုင်ငံရာသီဥတုက အပူပိုင်းမုတ်သုံရှိ ရာသီဥတု (Tropical Monsoon Country) ဖြစ်ပါသည်။ မိုးဥတု (Rainy or Wet Season) (ဇွန်လမှ စက်တင်ဘာလအထိ) က တိမ်ထူ၊ မိုးရွာ ပြီး ပူအိုက်စွတ်စိုပါသည်။ ခြောက်သွေ့သောရာသီ (Dry Season) (ဒီဇင်ဘာလမှ ဧပြီလအထိ) တိမ်ကင်းစင်၊ အပူလျှော့၊ စိုထိုင်းဆနည်းပါးသောပုံစံ ရှိပါသည်။
(က) မိုးရေချိန် (Rainfall) သရက်စိုက်ပျိုးသော ဧရိယာအများစုမှာ ၁၀၀၀-မီလီမီတာ (၄၀ လက်မ) အထက်ရှိပါသည်၊
(ခ) အပူချိန် (Temperature) မကွေး၊ မန္တလေး၊ စစ်ကိုင်း သရက်စိုက်ဒေသများမှာ အပူများပြီး မေလတွင် ၄၀ ဒီဂရီစင်တီဂရိတ်နှင့် ဒီဇင်ဘာလ တွင် ၁၅ ဒီဂရီစင်တီဂရိတ်ခန့်ရှိသဖြင့် သရက်ကြိုက်နှစ်သက်သော အပူချိန်များဖြစ်သည်။
မှီငြမ်းစာအုပ် (Reference Book) နှင့် စာတန်း (Reference Paper)
Anila, R and Redha, T. (2003) Studies on Fruits Drop in Mango Varieties. J. Tropical Agri. 41: 30-32
Hirano, R.; Khaing-Pann-Witt-Hmin; M.Kawase and Watanabe, K.N. (2008) Mango in Myanmar: A Preview. Plant Genetic Resources Monograph Series-5
55p.
Litz, R.E. (2009) The Mango: Botany, Production and Uses. 2nd Edi. CABI
680p.
Samson, J.A. (1982) Tropical Fruits. Longman. 250p.
ခင်မောင်လွင်, ဒေါက်တာ (၂၀၂၃) သစ်သီးများနှင့်ကျန်းမာရေး၊ တတိယအကြိမ် Fame Publishing House. ၃၁၈-မျက်နှာ
မြန်မာနိုင်ငံသစ်သီးဝလံပန်းမာန်အသင်း (၂၀၁၆) မြန်မာ့သရက်သီးပွဲတော် ၁၀-မျက်နှာ
(ဒေါက်တာမင်းဇာနီအောင်၊ ပါမောက္ခ၊ ဒေါက်တာ စောထိုလွီထူး၊ ပါမောက္ခ၊ ၊ဒေါက်တာကြည်တိုး၊ ပါမောက္ခ (ကျောင်းအုပ်ကြီး)၊ လှည်းကူး နယ်မြေ၊ ဒေါ်တင် လဲ့လဲ့ထွေး၊ ကထိက၊ အပင်မျိုး မွေးမြူ ရေး ဌာန၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၊ ဒေါက်တာဝင်းနိုင်၊ ညွန်ကြားရေးမှူး၊ စိုက်ပျိုး ရေး သုတေသနဦးစီးဌာန တို့အား သိလိုသည်များ ဖြေကြားပေး၍ ကျေးဇူးတင်ပါသည်)