ဒီရေတောတွေက ကျွန်တော်တို့ကိုထမင်းကျွေးနေတာ

Myanmar Now     22/01/2018 14:01 PM     Content Provider - Greenway
Photo - mangrove

ရခိုင်ဒေသ ဒီရေတောထဲ စီးပွားဖြစ်ထင်းခုတ်၊ မီးသွေးဖုတ်သူတွေကို အရေးယူဖို့ လိုနေသေးကြောင်း ဒီရေတော ကာကွယ်သူတစ်ဦးကပြောလိုက်ပါတယ်

နိုင်ငံရေးသမားများလည်း ဒီရေတောကို အာရုံစိုက်ကြဖို့လိုကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းတဲ့ ရခိုင်ဒေသ တံငါသည် တစ်ဦးကပြောလိုက်ပါတယ်။ ဂွမြို့နယ်၊ မကျည်းငူကျေးရွာအုပ်စု၊ ကံငူကျေးရွာက ၆၂ နှစ်အရွယ် ဦးကျော်ဝင်းဟာကျေးရွာအဆင့် ဒေသတွင်း ဒီရေတော ကာကွယ်ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပါတယ်။ သူတို့အဖွဲ့က ရခိုင်ကမ်းရိုးတန်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်းနဲ့ လက်တွဲဆောင်ရွက်နေတာပါ။ မကြာသေးခင်က Myanmar Now နဲ့ တွေ့ဆုံရာမှာ သူက ဒီရေတောတွေရဲ့ အရေးပါပုံများအကြောင်းပြောပြထားပါတယ်။

မေး။ ။ပြန်လည်ထူထောင်ရေး မလုပ်ခင် ရွာပတ်ဝန်းကျင် ဒီရေတောတွေရဲ့ အခြေအနေက ဘယ်လိုရှိလဲ။

ဖြေ။ ။ဟိုးအရင်တုန်းက ဒီရေတောတွေကို ထိန်းသိမ်းတာမျိုး မလုပ်ခဲ့ပါဘူး။ သူခုတ်၊ ကိုယ်ခုတ်ပဲ။ ဒါပေမယ့် အဲ့ဒီအချိန်အထိ ဒီရေတောတွေကကောင်းတယ်ဗျ။ အခုထက် ၂ ဆကောင်းတယ်။ စီးပွားဖြစ် မီးသွေးတွေ လာဖုတ်တော့မှ အကုန်မျိုးသုဉ်းကုန်တာ။ ဧရာဝတီတိုင်း၊ လပွတ္တာဘက်ကနေ အများအားဖြင့် လာဖုတ်ကြ တာ။ ၂ဝဝ၉ ခုနှစ်လောက်စပြီး သူတို့ဝင်လာတာပေါ့။ အခုလက်ရှိထိတောင် လာဖုတ်နေကြတာပဲ။ သူတို့ နားလည်မှုတွေနဲ့ ခုတ်ပြီး ဖုတ်နေကြတာ။ ဟိုးအရင်က တုတ်ပင်(ဒီရေတောအပင်တမျိုး) ဆိုအကြီးကြီး။ အခုလက်မောင်းလုံးလောက် အပင်မျိုးတောင် မတွေ့တော့ဘူး။ အခုချိန်ထိ သစ်မှောင်ခိုလုပ်ငန်း လုပ်နေကြတုန်း။ လှေ လေးငါးစီးနဲ့ လာလာခိုးခုတ်နေကြတာ။

မေး။ ။ထင်း၊ မီးသွေးအတွက် အပင်ခုတ်တာဒေသခံတွေရော မပါဘူးလား။

ဖြေ။ ။မဟုတ်ဘူးဗျ။ ကိုယ့်ဒေသက လူတွေက နားလည်လာပြီ။ မလုပ်ကြတော့ဘူး။ ဧရာဝတီတိုင်း ဘက်ကနေ လာကြတာ။ သူတို့ခုတ်နေတာကို သိလို့ သွားတားတဲ့အခါမှာတော့ သူတို့မလုပ်တော့ပါဘူး ဆိုပြီး ပြန်ပြောတယ်။ ဒါပေမယ့် ကွယ်ရင်တော့ လုပ်နေကြတာပဲ။ ကျွန်တော်တို့ကလည်း မလုပ်ဖို့ တားနေတာကို ဆက်လုပ်ရင်တော့ ရိုက်ဖို့ပဲ ရှိတယ်။ တစ်ခါတစ်လေ ခိုးခုတ်နေတာကို ကျွန်တော်တို့မိလို့ လှေရော၊ လူရော လက်ရဖမ်းပြီး သစ်တောဌာနကို အပ်လိုက်တယ်၊ ကျွန်တော်တို့ ပြန်လာတာနဲ့ ခုတ်တဲ့သူတွေကို ခုတ်တဲ့ရဲတင်းတွေကအစ အကုန်ပြန်ပေးပြီး လွှတ်ပေးလိုက်တယ်။ ကျွန်တော်တို့က ကိုယ်အရိပ် တကြည့်ကြည့်နဲ့ ပြန်ထူထောင်ထားတဲ့အပင်ကို သူတို့လာခုတ်တော့ ကျွဲမြီးတိုတာပေါ့။ အဲ့ဒီလိုသာ ကျွန်တော်တို့ကဖမ်း၊ သက်ဆိုင်ရာက ပြန်လွှတ်ဆိုရင် ကျွန်တော်တို့ ထူထောင်ထားတဲ့အပင် အဲ့ဒီလူတွေခုတ်တာ ဘယ်ခံတော့မလဲ။ ကျွန်တော်တို့ တစ်ရွာထဲ ဒီတစ်တောလောက်ကို နှစ်ရက်ခုတ်တာတင်ကုန်တယ်။ ကျွန်တော်တို့ ရွာသားတွေ အခုထင်းဆိုက်တာဆို အုန်းလက်ခြောက်၊ အုန်းသီးခွံတွေ၊ ဒီရေတောပင်မဟုတ်တဲ့ ကိုယ့်မြေလေးတွေမှာ စိုက်ထားတဲ့အပင်လေးတွေ၊ ဗာဒံပင်လေးတွေ။ နောက်ဆုံးလုပ်စရာက ဥပဒေမဲ့တားဖို့ပဲ ရှိတော့တယ်။ ကျွန်တော်တို့ ထောင်ကျခံလိုက် ကြဖို့ပဲရှိတယ်။ တစ်ယောက်လောက်ကို ဥပမာအနေနဲ့ ထိထိရောက်ရောက် အရေးယူပေးစေချင်တယ်။ ဒီရေတောခုတ်လို့ ထောင်ကျတယ်ဆိုတဲ့ အသံထွက်လာမှ ထပ်မလုပ်ရဲကြတော့မှာ။

မေး။ ။ဒီရေတော ထိန်းသိမ်းရင် ဘာအကျိုးအမြတ်ရမယ်ဆိုတာ ခုတ်တဲ့သူတွေကို မပြောပြဘူးလား။

ဖြေ။ ။ပြောတယ်။ အတန်တန်ပြောတယ်။ ချောင်းဖျားမှာ မီးသွေးဖုတ်နေတဲ့သူတွေကို မီးသွေးမဖုတ်နဲ့၊ ကျွန်တော်တို့ ဒီရေတောထိန်းသိမ်းဖို့နဲ့ ပတ်သက်ပြီး ရတဲ့ရန်ပုံငွေတွေနဲ့ ငွေကြေးထုတ်ပေးမယ်၊ ကွမ်းခြံတွေ ဘာတွေလုပ်၊ ငါးလုပ်ငန်းလုပ်ဖို့ ပိုက်၊ လှေမရှိရင် ဝယ်ပေးမယ်၊ အဲ့ဒါတွေနဲ့လုပ်စား၊ ထင်း၊ မီးသွေးဘက်ကို စိတ်မကူးပဲ လုပ်ငန်းပြောင်းလုပ်ဖို့။ ထင်းခုတ်စားတာ တစ်နေကုန်ခုတ်မှ ငါးထောင်လောက်ရတာ။ အခုဒီရေတောကို ထိန်းဖို့ထောက်ပံ့ပေးတဲ့ ရန်ပုံငွေနဲ့ လုပ်ကိုင်လာတာဆို အရင်တုန်းက ဒီလိုငါးဖမ်းလှေ(ကမ်းနီးငါးဖမ်းလှေ) ဆိုတာ မြင်တောင်မမြင်ဖူးခဲ့ဘူး။ ဒီလိုလှေပိုင်ခဲ့မယ်လို့ မျှော်လင့်ချက်တောင် မထားနိုင်ခဲ့ဘူး။ အခုရှိနေတဲ့ရွာကအိမ်တွေဆို CLEAR စီမံကိန်း (နိုင်ငံတကာအ စီအစဉ်တစ်ခုဖြစ်တဲ့ “အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေအဖွဲ့” ရဲ့၂ဝ၁၂ - ၂ဝ၁၄ စီမံကိန်း) ကျပြီးနောက်ပိုင်းမှ ဆောက်လာနိုင်ခဲ့တာ။ အရင်တုန်းက တဲသာသာ အိမ်ကလေးတွေ။

မေး။ ။အရင်တုန်းက ဘာလုပ်ငန်းလုပ်ခဲ့လဲ။

ဖြေ။ ။အရင်တုန်းကကျွန်တော်က တံငါလုပ်ငန်းပဲ လုပ်တာ။ ကျွန်တော်တို့မှာ ဥယျာဉ်မရှိဘူး။ လယ်မရှိဘူး။ ပင်လယ်မှာ ရာသီဥတုကောင်းရင် ငါးဖမ်းလိုက်တယ်။ ရာသီဥတုမသာရင် ချောင်းထဲငါးလိုက်ဖမ်းတယ်။ ထင်းခုတ်ရောင်းတယ်။ အရင်တုန်းက လက်လှော်လှေခပ်သေးသေးလေးတောင်မှ မပိုင်ဘူး။ ငှားလုပ်ရတာ။ တစ်ရွာလုံးမှာမှ ၅ စီးလောက်ပဲရှိတာ။ လှေမရှိသူက တစ်နေ့ ၅ဝဝ ပေးငှား။ ငါးရှာတာမှာမှ တနေကုန်ရှာ ၃ဝဝပဲရလို့ လှေငှားခ ၃ဝဝပဲပေးတော့ စကားတွေက များကြနဲ့။ အဲ့ဒီလိုဘဝတွေ အမျိုးမျိုးကြုံခဲ့ရတာ။ စီမံကိန်းကျပြီးနောက်ပိုင်း စက်လှေ ဝယ်နိုင်လာခဲ့တယ်။ ပင်လယ်ကို တစ်ခေါက်ထွက်သွားရင် ကျပ်သိန်း ၁၅၊ ၂ဝ ဆိုတာ ရလာတယ်။ အမျိုးသမီးတွေတောင် ပင်လယ်ငါးဖမ်းလှေ ပြန်ရောက်လို့ ငါးခွဲကြေးရတာ တစ်ခါတစ်လေ တစ်ရက်တည်းနဲ့ သုံးသောင်းလောက်အထိ ရကြတယ်။

မေး။ ။ဌာနဆိုင်ရာတွေက ဒီရေတောထိန်းသိမ်းဖို့ ပြောပြ၊ စည်းရုံးတာမျိုးရှိလား။

ဖြေ။ ။ဘာတစ်ခုမှ မရှိဘူး။ အဓိကကတော့ သစ်တောဌာနပဲ။ ကျွန်တော်တို့ကို ကြက်၊ ကြက်ချင်း အိုးမဲသုတ်ပြီး ခြင်းထောင်တစ်ခုထဲထည့် ခွပ်ခိုင်းတဲ့ သဘောမျိုး ဖြစ်နေတယ်။ ဖိအားလေးတော့ နည်းနည်းပေးပါလို့ (ဝန်ကြီးတစ်ယောက်ကို) တင်ပြခဲ့ဖူးတယ်။ ဘာ့ကြောင့်လဲဆို ခုတ်နေတဲ့သူတွေကို ကျွန်တော်တို့က သွားပြောတယ်။ မခုတ်နဲ့ပေါ့။ အဲ့ဒီတော့ တစ်ယောက်နဲ့တစ်ယောက် ဓားနဲ့ခုတ်၊ တုတ်နဲ့ရိုက်ရမယ့် အခြေအနေမျိုး ဖြစ်နေတယ်။ သူတို့ဆီကို အထောက်အထားတွေနဲ့ တင်ပြတယ်။ အရေးယူမပေးဘူး။ အဲ့ဒီတော့ ခုတ်ကွာ၊ ဟိုရောက်လည်း ငါတို့ကိုပြန်လွှတ်ပေးတာပဲဆိုတာ ဖြစ်လာတယ်။

မေး။ ။လွှတ်တော် ကိုယ်စားလှယ်တွေကိုရော တင်ပြတောင်းဆိုတာမျိုး မလုပ်ဖူးလား။

ဖြေ။ ။လုပ်ပါတယ်။ သူတို့ကတော့ လွှတ်တော်မှာ တင်ပြပေးမယ်ပေါ့။ ပြီးခဲ့တဲ့ အစိုးရသက်တမ်းတုန်းက လွှတ်တော်ကိုယ်စားလှယ်တွေကတော့ ရွာတွေဘက်လာပြီး ဒီရေတောကာကွယ်ဖို့ ပြောတယ်။ အခု လွှတ်တော် ကိုယ်စားလှယ် အသစ်တွေတော့ ကျွန်တော်တို့ဘက်ကို တစ်ယောက်မှ မရောက်လာကြသေးဘူး။ တွေ့တော့ ကျွန်တော်တို့ကပြောပြလည်း သူတို့ဘက်က သိပ်အရေးမလုပ်ဘူး။ သူတို့မှာလည်း ပါတီအစွဲလေးတွေနဲ့ပေါ့ဗျာ။

မေး။ ။ရွေးကောက်ပွဲတုန်းကဘယ်ပါတီကအမတ်လောင်းကိုမဲပေးခဲ့လဲ။

ဖြေ။ ။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကိုပဲ မဲပေးခဲ့တာ။ တစ်ရွာလုံးလည်း ပြည်ခိုင်ဖြိုးကိုပဲပေးခဲ့တာ။ ဘာဖြစ်လို့လဲဆိုတော့ ပြည်ခိုင်ဖြိုးလက်ထက်မှာ ကျွန်တော်တို့ကို ဒီရေတောနဲ့ ပက်သက်ပြီး သူတို့ခွင့်ပြုချက်နဲ့ပဲ ချပေးခဲ့တာ။ အဲ့ဒီအတွက်ကြောင့်လည်း ကျွန်တော်တို့ရွာဟာပြောင်းလဲ တိုးတက်လာတာ။

မေး။ ။အစိုးရ အဖွဲ့အစည်းတွေ၊ လွှတ်တော်အမတ်တွေကို ဘာပြောချင်တာရှိသလဲ။

ဖြေ။ ။ဒီရေတောနဲ့ ပက်သက်ရင်တော့ ကျွန်တော်တို့ ထိန်းသိမ်းထားတာတွေကိုနှောင့်ယှက်မှုမရှိရင် အကျေနပ်ဆုံးပဲ။ ဘာလို့လဲဆိုတော့ ထိန်းသိမ်းရင် အပင်တွေ ကြီးလာမယ်၊ နိုင်ငံခြားသားတွေနဲ့ ဒီရေတောထိန်းသိမ်းမှုကို တွဲလုပ်ရင်း သိလာတာက ဒီရေတော ထိန်းသိမ်းထားလို့ နောင်မှာ နိုင်ငံတကာကငွေကြေး (စိုက်ပျိုးသစ်တော ကာဗွန်ထိန်းသိမ်းနိုင်မှုကြောင့် ပေးအပ်တဲ့ နိုင်ငံတကာ လျော်ကြေးငွေ)တွေ ရလာမယ်ဆိုတဲ့ သတင်းစကားတွေကြောင့် မျှော်လင့်ချက် ရှိလာတယ်။ နောက် ကျွန်တော်တို့ ရည်ရွယ်ချက်ကိုက ဒီရေတောကို ထိန်းသိမ်းမယ်၊ ပိုကောင်းသထက် ကောင်းမွန်အောင် လုပ်မယ်၊ ထောက်ပံ့ထားတဲ့ငွေကြေးကို ကျွန်တော်တို့က အလွဲသုံးစား မလုပ်ဘဲနဲ့ ထိန်းသိမ်းရေးကို အားစိုက်လုပ်နေတာကို သူတို့မြင်မယ်၊ နောက်မျိုးဆက်တွေကိုလည်း ဒါကို ဆက်ထိန်းသိမ်းရမယ့် အမွေပေးမယ် ဆိုတာပဲ။ အရင်က ရွာမှာ ၄ တန်းအောင်ဆိုတာ ခပ်ရှားရှား။ အခုဆို ၉ တန်း၊ ၁ဝတန်းတွေ ရှိလာတော့ ကျွန်တော်တို့အား ဖြစ်ရတယ်။ အရင်ကကျောင်းမထားနိုင်ကြဘူး၊ ကျောင်းသွားဖို့ အကျႌဖိုး၊ မုန့်ဖိုးမရှိဘူး။ ဟိုဘက်ကမ်းမှာ သွားတက်ဖို့ မိဘဆင်းရဲတော့ မထားနိုင်ဘူး။ သားရေ ကျောင်းသွားတက်ပါလားဆိုရင် အဖေတစ်ယောက်တည်းလှေလှော်ပြီး ငါးဖမ်းလို့ရမလား၊ သားပါလိုက်ကူညီမှ ရမှာပေါ့နဲ့ နောက်ဆုံး တံငါလေးပဲ ဖြစ်ကရော။ ကျွန်တော်စိတ်ပျက်တာက အခု ဟိုမှာခုတ်နေတယ်၊ ဒီမှာခုတ်နေတယ် ကြားလို့ လိုက်ရလည်း ကျွန်တော်တို့ လူလေးလေးငါးခြောက်ယောက်ပဲ။ ခုတ်တာကို အရေးမယူပေးတော့ လိုက်ဖို့ကို စိတ်ပျက်လာကြတယ်။ လိုက်တားရင် မတော်ဓားနဲ့ခုတ်တော့ ဘယ်လိုလုပ်မလဲ၊ လောက်လေး (လေးခွ) နဲ့ပစ်ရင် ဘယ်လိုလုပ်မလဲ။ ကျွန်တော်ကတော့ အသက်သေပစေ၊ ကိုယ်ရွာဖွံ့ဖြိုးရေးအတွက် လိုက်ထိန်းသိမ်းမှာပဲ။

မေး။ ။ဒီရေတောကို အခုလို ထိန်းသိမ်းနေလို့ ဘာအကျိုးကျေးဇူးတွေရမလဲ။

ဖြေ။ ။ဒီရေတောတွေက ကျွန်တော်တို့ကို ထမင်းကျွေးနေတာ။ ဒါကိုထိန်းတာကြောင့် ငါး၊ ပုဇွန်၊ ဂဏန်း၊ ဂုံးတွေ ပေါများလာတယ်။ ကျွန်တော့်မှာအခက်အခဲရှိလာရင် တောထဲသွား၊ ဂုံးရှာရောင်းစားတော့ ထမင်းစားဖို့တော့ ရတာပဲ။ အဲ့ဒါကြောင့် ဒီမသမာသူတွေ လာခုတ်နေတာကို စိတ်တအားတိုနေတာ။ ကျွန်တော့်မှာ ပိုက်ဆံမရှိရင် ဒီတောထဲမှာ သွားရှာနေရတာ။ ဂုံးကောက်၊ မရွတ်(စေတီခရု)ကောက်၊ ဂဏန်းထောင်၊ ငါးမျှား၊ နောက်ဆုံးအိမ်အသုံးအဆောင်နဲ့ပဲဖြစ်ဖြစ်၊ ပင်လယ်ထွက်မယ့်လှေအတွက် ကျောက်ဆူးကအစ၊ သိသိသာသာလာပြော၊ ခိုးမခုတ်နဲ့။ သစ်သားကျောက်ဆူး တစ်လက်ကို လေးငါးသောင်း ဖြစ်နေလို့ မဝယ်နိုင်ဘူးဗျ။ ဒီရေတောက ကျွန်တော်တို့ရဲ့ အမိ၊ အဖတွေလို့ကို ကျွန်တော်ခံယူထားတယ်၊ ဒီရေပင်တွေကို လာလာခုတ်နေတာ ကျွန်တော်တို့ရဲ့ အမိ၊ အဖတွေကို တုတ်နဲ့လာရိုက်နေသလိုကို ခံစားမိတယ်။

ထက်ခေါင်လင်း/Myanmar Now



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  စကားပုံ  

"ခံသီးပြိုးပြောင် လဝါခေါင်"