အနည်းလိုဆိုပေမဲ့ အပင်တွေအတွက် လိုတော့လိုအပ်တဲ့ အာဟာရဓာတ်များ

21/04/2023 15:00 PM တွင် ဆုမြတ်နိုး ဆုမြတ်နိုး မှ ရေးသား

အနည်းလိုအာဟာရလို့ဆိုပေမဲ့ အရေးမကြီးဘူးဆိုတဲ့အဓိပ္ပာယ်မျိုးတော့ မဟုတ်ပါဘူး။ ပထမနဲ့ ဒုတိယ အလိုအပ်ဆုံးအာဟာရဓာတ်တွေလို ပမာဏများများစားစား မလိုတာသာဖြစ်ပြီး အပင်တွေ ကြီးထွား၊ ရှင်သန် သီးပွင့်ရေးအတွက်ဆို လိုတော့လိုအပ်တာပါပဲ။ စုစုပေါင်းအနေနဲ့တော့ ၇ မျိုးရှိပါတယ်။

အနည်းလို အာဟာရဓာတ်တွေအများစုက အပင်ထဲမှာ အင်ဇိုင်းတုံ့ပြန်မှုတွေပြုလုပ်ဖို့အတွက် မရှိ မဖြစ်လိုအပ်တာပါ။ မြေဆီလွှာ pH ကို ကြာကြာထိန်းထားသရွေ့တော့ အပင်တွေအနေနဲ့ အနည်းလို အာဟာရချို့တဲ့မှုမျိုး ဖြစ်နိုင်ချေ နည်းပါးပါတယ်။

ဆိုတော့ အပင်တွေအတွက် အနည်းလိုအာဟာရဓာတ်တွေကဘာတွေလဲဆိုတာ လေ့လာကြည့်ကြ ရအောင်...။

ဘိုရွန်  (B)

ဘိုရွန်က အပင်ဆဲလ်နံရံတွေရဲ့ ဖွဲ့စည်းတည်ဆောက်မှုနဲ့ လုပ်ဆောင်ချက်တွေအတွက် အဓိကကျတဲ့ ဓာတ်ပဲဖြစ်ပါတယ်။ 

ဘိုရွန်ချို့တဲ့ရင် အသီးတွေက ပုံပျက်လာတယ်။ ပန်းပွင့်တွေရဲ့ အညှာက ထူပြီး အရိုးတိုတာတွေ ဖြစ်တတ်ပါတယ်။ 

ဘိုရွန်ဓာတ်များမယ်ဆိုရင်တော့ အပင်ကို အဆိပ်ဖြစ်စေပါတယ်။ ဒါကြောင့် ဘိုရွန်ကိုအသုံးပြုတော့ မယ်ဆိုရင် မြေဆီလွှာကို စမ်းသပ်ပြီးမှသာ သီးနှံတစ်ခုချင်းစီရဲ့ လိုအပ်တဲ့ပမာဏကို အသုံးပြုသင့်ပါတယ်။ ခန့်မှန်းခြေအားဖြင့် မြေတစ်ဧကမှာ သီးနှံပင်အများစုအတွက် ဘိုရွန် ၂-၃ ပေါင်ခန့် လိုအပ်တာကိုသာ တွေ့ရပါတယ်။

အရွက်ပြန့်အပင်တွေက အရွက်သေးရှည်အပင်တွေထက် ဘိုရွန်ဓာတ်ပိုပြီး လိုအပ်တယ်လို့လည်း ပညာရှင်တွေကရှာဖွေတွေ့ရှိထားပါတယ်။

ကော့ပါး (Cu)

ကော့ပါးကတော့ အမျိုးမျိုးသော အင်ဇိုင်းတွေနဲ့ အပင်တွေရဲ့ ပရိုတင်းတွေမှာ ပါရှိပါတယ်။ ကလိုရိုဖီး လို့ခေါ်တဲ့ (အပင်ရဲ့ စိမ်းရောင်ခြယ်ဆဲလ်) ဖြစ်ပေါ်ဖို့နဲ့ အသီးတွေဖြစ်ပေါ်ဖို့ကို ကူညီလုပ်ဆောင်ပေးတဲ့ ဓာတ်ဖြစ်ပါတယ်။ 

ကော့ပါးဓာတ်ချို့တဲ့မယ်ဆိုရင်တော့ ergot လို့ခေါ်တဲ့ စပါးပင်မှာဖြစ်တဲ့ မှိုရောဂါလိုမျိုးကို ခံနိုင် ရည်မဲ့စေပါတယ်။ ပြီးရင် အစေ့အဆန်တွေသေးသွားပြီး အထွက်နှုန်းတွေလည်း နည်းလာပါတယ်။

ကော့ပါးဓာတ်များသွားရင်တော့ ကြီးထွားနေတဲ့အပင်ရဲ့ အရွက်ထိပ်ဖျားတွေက မီးလောင်ခံလိုက် ရသလို ပုံစံမျိုးဖြစ်သွားပြီး အမြစ်တွေလည်းဆက်လက်ကြီးထွားမှာမဟုတ်ပါဘူး။

အိုင်ယွန်း (Fe) 

အိုင်ယွန်းဓာတ်က အပင်ထဲမှာ ကလိုရိုဖီးဖြစ်စဉ်ဖြစ်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်ပဲဖြစ်ပါတယ်။ 

အိုင်းယွန်းဓာတ်ချို့တဲ့မယ်ဆိုရင် အရွက်သစ်တွေရဲ့ အကြောမှာ အဝါရောင်တွေဖြစ်သွားပါတယ်။ မြေချဉ်ငန်ကိန်း pH 7 အထက်ရှိတဲ့မြေ (မြေငန်)၊ မြေကျပ်နေတာကြောင့် အမြစ်ကြီးထွားမှု ညံ့ဖျင်း နေတဲ့အပင် ဒါမှမဟုတ် ရောဂါကျနေတဲ့အပင်၊ ဖော့စဖောရပ်ဓာတ် အကျွေးများထားတဲ့အပင်နဲ့ ရေသွင်းရေထုတ်မကောင်းတဲ့ မြေတွေမှာလည်း အိုင်းယွန်းဓာတ် ချို့တဲ့နိုင်ပါတယ်။

အိုင်ယွန်းဓာတ်ချို့တဲ့တာ သက်သာဖို့ဆိုရင် အဲ့ဒီဓာတ်ပါဝင်တဲ့ မြေဩဇာကို ကျွေးပေးတာက တစ်စိတ် တစ်ပိုင်းပဲ ထိရောက်ပါတယ်။ ဒီဓာတ်ပါဝင်တဲ့ ရွက်ဖျန်းမြေဩဇာတွေကို သုံးပေးမယ်ဆိုရင်လည်း ယာယီပဲ ထိရောက်မှာဖြစ်ပါတယ်။ ဘာလို့ဆို အဓိကဖြစ်တဲ့ မြေဆီလွှာကိုသာ ပြုပြင်ဖို့လိုအပ်တာ ကြောင့်ပါ။

 အိုင်းယွန်းကျွေးတာများသွားရင်တော့ အရွက်တွေက ကြေးနီရောင်လိုမျိုး အရွက်ပျက်သွားပြီး အမြစ်တွေကလည်း တိုသွားမှာပဲဖြစ်ပါတယ်။

မန်းဂနိစ့် (Mn)

မန်းဂနိစ့်က အင်ဇိုင်းတွေလှုပ်ရှားအောင်လုပ်ဆောင်ပေးနိုင်တဲ့ သတ္တိရှိပါတယ်။ အိုင်ယွန်းနဲ့ မန်းဂနိစ့် ချို့တဲ့လက္ခဏာတွေက ဆင်တူပါတယ်။ နှစ်ခုလုံးက မြေချဉ်ငန်ကိန်း pH 7 အထက်ရှိနေရင် ချို့တဲ့မှုဖြစ်ပွားပါတယ်။  

မန်းဂနိစ့် အဆိပ်ဖြစ်သွားမယ်ဆိုရင် စိမ်းနေရမဲ့ အရွက်နုတွေရဲ့ အကြောက အဝါရောင်ဖြစ်သွားပါမယ်။ အရွက်ရင့်တွေကတော့ အမဲရောင်ဆဲလ်အသေအစက်တွေရယ် အရွက်ဘေးအနားသားတွေကတော့ တွန့်ကြေနေတဲ့ပုံစံမျိုးတွေကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ 

မြေချဉ်ငန်ကိန်း pH ကို ၅.၅ - ၆.၅ ကြားထိန်းသိမ်းထားမယ်ဆိုရင် သီးနှံစိုက်ခင်းတွေမှာ မန်းဂနိစ့်ဓာတ် ရရှိမှု လုံလောက်ပြီးတော့ အဆိပ်ကိုလည်း မဖြစ်စေပါဘူး။

မိုလီဒီနမ် (Mo) 

အပင်တွေမှာ နိုက်ထရိုဂျင်ဓာတ်ကို ပုံမှန်စုပ်ယူဖို့ဆို မိုလီဒီနမ်ဓာတ်က လိုအပ်ပါတယ်။ အမြင်အားဖြင့် တော့ မိုလီဒီနမ်ချို့တဲ့တာက နိုက်ထရိုဂျင်ချို့တဲ့တာနဲ့ ဆင်တူပါတယ်။ လေ့လာတွေရှိချက်တွေအရ မိုလီဒီနမ်ဓာတ်ချို့တဲ့တာကို မြေချဉ်ငန်ကိန်း pH 5.5 ထက်နိမ့်တဲ့ အက်ဆစ်မြေတွေဖြစ်နေတဲ့ ပဲခင်းတွေမှာတွေ့ရတတ်ပါတယ်။ ဒါကို ထုံးထည့်ပြီးတော့ ဖြေရှင်းနိုင်ပါတယ်။

မိုလီဒီနမ် အဆိပ်ဖြစ်တာက စိုက်ခင်းတွေမှာမရှိသလောက်ရှားပါတယ်။ တကယ်လို့ ခရမ်းချဉ်နဲ့ ဂေါ်ဖီပန်းပွင့်အခင်းမှာ ဖြစ်ရင်တော့ သူတို့ရဲ့အရွက်ရောင်က ခရမ်းရောင်ပြောင်းသွားပြီး ပဲခင်းမှာဆိုရင်တော့ အဝါရောင်တွေဖြစ်သွားတတ်ပါတယ်။

ဇင့် (Zn)

ဇင့်ကလည်း အင်ဇိုင်းတွေတုံ့ပြန့်ဖို့အတွက် အရေးကြီးတဲ့ဓာတ်အနေနဲ့ပါဝင်တဲ့ ဓာတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ 

ဇင့်ဓာတ်ချို့တဲ့တာကို သစ်ကြားသီးအပင်နဲ့ Alabama ပြည်နယ်ရဲ့ နွေဦးအစောပိုင်းမှာစိုက်တဲ့ ပြောင်းခင်းတွေမှာတွေ့ရပါတယ်။ ပြောင်းခင်းမှာဆိုရင် အစိမ်းနဲ့ အဝါအဆင်းကြောင်းတွေ ပွင့်ဖတ်တွေမှာဖြစ်ပေါ်လာတာကို တွေ့ရပါတယ်။ ပြောင်းဖူးတစ်ဖူးလုံးအဖြူရောင်ဖြစ်နေတာကလည်းဇင့်ဓာတ်ချို့တဲ့နေရခြင်းကြောင့်ပဲဖြစ်ပါတယ်။

အဓိကအားဖြင့် pH 6.5 အထက်ရှိတဲ့ သဲဆန်တဲ့မြေတွေနဲ့ မကြာခင်ကမှာ ထုံးထည့်ထားတဲ့ မြေတွေမှာချို့တဲ့တာဖြစ်တတ်ပါတယ်။ သစ်သီးဝလံအပင်တွေနဲ့ သစ်ကြားသီးပင်က ဇင့်ဓာတ်တော်တော်လိုအပ်တဲ့ အပင်တွေပဲဖြစ်ပါတယ်။

ဒီလိုဆိုပြီး ဇင့်ဓာတ်ပါဝင်တဲ့ မြေဩဇာကို အတိုင်းအဆမရှိအသုံးပြုလိုက်လို့ မဖြစ်ပါဘူး။ လိုအပ်တဲ့ပမာဏအမှတ်ကို ကျော်သွားတတ်ပြီး ဇင့်ဓာတ်မြင့်တာကို မကြိုက်တဲ့ ပဲခင်းလိုမျိုးစိုက်ခင်းတွေမှာဆိုရင် အဆိပ်ဖြစ်စေနိုင်ပါတယ်။

အထွက်နှုန်းတွေကျမယ်၊ အပင်ကြီးထွားမှုရပ်မယ်၊ အရွက်ကနေ အမြစ်ကို ထုတ်တဲ့ အလင်းမှီအစာဖွဲ့စည်းခြင်း ဖြစ်စဉ်လျော့တာတွေက ဇင့်ဓာတ်လွန်ကဲ့တဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။

ကလိုရင်း  (Cl)

ကလိုရင်းကလည်း အပင်ကြီးထွားဖို့နဲ့ အထွက်နှုန်းကောင်းဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ် တစ်မျိုးပါပဲ။ ဒါပေမဲ့ ဒီဓာတ်ချို့တဲ့တာဖြစ်ဖို့ကတော့ ခက်ခဲပါတယ်။ ဘာလို့ဆို ကလိုရင်းက မြေကြီး၊ မြေဩဇာအများစု၊ မိုးရေနဲ့ လေထုထဲမှာတင်ရှိနေလို့ပဲဖြစ်ပါတယ်။ 

ကလိုရင်းဓာတ်များသွားရင်တော့ အရွက်နားတွေ တွန့်လိမ်ပြီး သေးသွားတာ၊ ဆဲလ်သေကွက် တွေဖြစ်တာ၊ အရွက်တွေ တော်တော် ကြွေကျနေတာ စတဲ့ လက္ခဏာတွေ ဖြစ်တတ်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်