မြန်မာ့လယ်ယာလုပ်ငန်းခွင် အမျိုးသမီးလယ်သမားများကို အားပေးကူညီပေးကြပါ

24/02/2023 13:00 PM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

ကုလသမဂ္ဂရဲ့ အစားအစာနဲ့ စိုက်ပျိုးရေးအဖွဲ့(UNFAO) ရဲ့ထုတ်ပြန်ချက်အရ ၂၀၅၀ ခုနှစ်မှာ ကမ္ဘာ့လူဦးရေ ၉.၁ ဘီလီယံကျော်အတွက် စားနပ်ရိက္ခာ အခက်အခဲဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

အဲဒီအတွက် စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍကို နှစ်ဆတိုး ထုတ်လုပ်ဖို့လိုအပ်ကြောင်း၊ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ယခုထက် ၇၀% တိုးတက်ထုတ်လုပ်နိုင်ဖို့ အခုချိန်ကတည်းက ကြိုးပမ်းဆောင်ရွက်သင့်ကြောင်းကို အစီရင်ခံစာမှာ တွေ့ရှိရပါတယ်။

လက်ရှိ မြန်မာ့လယ်ယာစိုက်ပျိုးရေးကဏ္ဍကို ကြည့်လိုက်ပြန်တော့

  • ရာသီဥတု ပြောင်းလဲမှုတွေကြောင့်သော်လည်းကောင်း
  • တိုင်းပြည်ရဲ့ နိုင်ငံရေးအကြပ်အတည်းကြောင့်သော်လည်းကောင်း
  • စီးပွားရေး၊ လူမှုရေး အခက်အခဲများကြောင့်သော်လည်းကောင်း
  • စိုက်ပျိုးနိုင်တဲ့ဧရိယာတွေ လျော့နည်းလာမှုကြောင့်သော်လည်းကောင်း
  • သွင်းအားစု ကုန်ကျစရိတ် မြင့်မားလာမှုကြောင့်သော်လည်းကောင်း
  • နည်းပညာ အားနည်းမှုများကြောင့်သော်လည်းကောင်း

ပြည်တွင်စိုက်ပျိုးထုတ်ကုန်များ  ထုတ်လုပ်မှု လျော့ကျနိုင်တာအမှန်ပါ။

ပြည်တွင်းထုတ်လုပ်မှု လျော့ကျလာတာနဲ့အမျှ ပြည်ပသွင်းကုန်တွေကို အားကိုးနေရမှာဖြစ်လို့ ကြာလေ နစ်လေ ဖြစ်ပါလိမ့်မယ်။

ပိုဆိုးသည်က မြန်မာ့လယ်ယာအလုပ်ခွင်မှာ အကြောင်းများစွာကြောင့် လယ်ယာကိုကျောခိုင်းပြီး တိုင်းတပါးမှာ စီးပွားရှာနေကြတဲ့ လယ်သမားစစ်စစ်တွေ  များလာသဖြင့် လယ်ကွင်းထဲမှာ တောင်သူအမျိုးသားနည်းလာပါတယ်။

အဲဒီတော့...

မြန်မာ့လယ်ယာမှာ အမျိုးသမီးတောင်သူဦးရေ များလာတယ်လို့  ဆိုချင်ပါတယ်။

ဘာကြောင့် ပြောနိုင်တာလည်းဆိုရင်..

စာရေးသူ တောင်သူပညာပေးဆွေးနွေးပွဲတွေကို တိုင်းနဲ့ ပြည်နယ်အနှံ့ ပြုလုပ်တဲ့နေရာဒေသ အတော်များများမှာ တက်ရောက်သူရဲ့ ၇၀ % ဟာ တောင်သူအမျိုးသမီးတွေပါ။

ဒါကြောင့်လည်း ဒီစာစုလေးကို ရေးသားတင်ပြရခြင်း ဖြစ်ပါတယ်။

တောင်သူအမျိုးသမီးများအတွက် အကူအညီပေးရေး

""""""""""""""""""""""""""""""""""""""""""""""""""

ယခင်က လယ်ယာလုပ်ငန်းခွင်မှာ ထွန်ယက်ခြင်း၊ စီမံခန့်ခွဲခြင်းကို  အမျိုးသားများက ဦးဆောင်စိုက်ပျိုးကြပြီး ရိတ်သိမ်းချွေလှေ့ခြင်းလောက်သာ အမျိုးသမီးတွေ ပါဝင်ကြရပါတယ်။

ယခုအချိန်မှာ..

- ကိုယ်တိုင်စီမံ ခန့်ခွဲရခြင်း

- ကိုယ်တိုင် မျိုးရှာ၊ ဆေးဝယ်၊ ဆေးဖျန်းရခြင်း ဟူသော..ပြုဖွယ်ကိစ္စမှန်သမျှ  အမျိုးသမီးတွေ ဦးဆောင်ရတာများလာပါတယ်။

ဆိုတော့ကား..

စာရေးသူ အထက်မှာ တင်ပြခဲ့သလို စိုက်ပျိုးရေးကုန်ထုတ်လုပ်မှု နှစ်ဆတိုး ဖို့ဆိုရင်..

လက်ရှိ လယ်ယာကဏ္ဍကို ဖော်ဆောင်နေသော တောင်သူအမျိုးသမီးထုကို လိုအပ်ချက်များ ကူညီပံ့ပိုးရေး အတွက်

- နည်းပညာ

- ငွေကြေး

- လယ်ယာသုံးပစ္စည်း စသော 

သွင်းအားစုကူညီထောက်ပံ့ရေး အဖွဲ့အစည်းတခု/ဌာန တစ်ခု လိုအပ်နေပါတယ်လို့ စာရေးသူတစ်ဦးတည်းအမြင်အရ ထောက်ပြရခြင်းဖြစ်ပါတယ်။

ဒါ့အပြင် စာရေးသူရဲ့ တောင်သူပညာပေးဆွေးနွေးပွဲမှာ တက်ရောက်လာတဲ့ အမျိုးသမီးတွေဟာဆိုရင် အပြန်အလှန် ဆွေးနွေးမေးမြန်းသူ အတော်နည်းပါတယ်။

ကိုယ်တိုင် ဦးစီးလုပ်ကိုင်နေသော်ငြား..

ကိုယ်တိုင် စိုက်ပျိုးရေးအခက်အခဲ(မျိုး၊ မြေဆီ၊ ပိုး၊ ပေါင်း၊ ရောဂါ)များကို သိချင်သော်ငြား..

ရှက်တာ/ကြောက်တာကြောင့် သိချင်တာကို မမေးမြန်းဘဲ လက်ဆောင်လေးယူပြီး ပြန်သွားကြတာများပါတယ်။

မှတ်မှတ်ရရပြောရမယ်ဆိုရင်

မိတ္ထီလာမြို့နယ်မှာရှိတဲ့ ငရုတ်အကြီးအကျယ်စိုက်တဲ့ ရွာကြီးတစ်ရွာမှာ တောင်သူပညာပေးဆွေးနွေးပွဲလုပ်ဖို့ ကြိုတင်ဖိတ်ထားပေမဲ့ နေ့လယ် ၁ နာရီအချိန်ထိ တယောက်မှ ရောက်မလာကြဘူးဗျာ။

“စာရေးသူ က..ဘာလို့မလာကြတာလဲ?”ဟု မေးမြန်းကြည့်တော့..

တစ်ရွာလုံး.အဲ့နေ့ တစ်နေကုန် ငရုတ်သီးဆွတ်နေရလို့ပါတဲ့။ ထမင်းတောင်  တောထဲစားကြရပါသတဲ့။

အဲတော့..အမျိုးသမီးတွေ ငရုတ်သီးခူးလို့မလာနိုင်ရင် အမျိုးသားတွေ ဘယ်ရောက်နေလို့လဲလို့။

တကယ်လည်း..သိချင်လို့မေးတာပါ။

"ဆရာရေ..အမျိုးသားတွေက ငရုတ်စိုက်ချိန်လောက်သာရှိတာ စိုက်ပြီးတာနဲ့ တချို့ မြို့တက်အလုပ်ထွက်လုပ်တယ် တချို့ကတော့..ထိုင်း၊ မလေး၊ လာအိုမှာ အလုပ်ထွက်လုပ်နေကြတာ။ အဖိုးအဖွား၊ ကလေးနဲ့ မသန်မစွမ်းတွေပဲကျန်တာ" တဲ့ ဗျာ ။

အချုပ်အနေနဲ့ ပြောရမယ်ဆိုရင်တော့ အကြောင်းကြောင့် လယ်ယာလုပ်ငန်းခွင်ကို

မဖြစ်မနေ လုပ်ဆောင်နေကြရတဲ့ တောင်သူအမျိုးသမီးထုအတွက် မြန်မာ့လယ်ယာကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်လျက်

  • အချိန်ပေး၊ ပညာပေး ကူညီနိုင်သော အဖွဲ့အစည်း၊ ကုမ္ပဏီများ
  • သွင်းအားစု(မျိုး၊ မြေဆီ၊ ဆေး၊ ငွေကြေးအရင်းအနှီး...) စတဲ့ ကူညီရေးအဖွဲ့များ
  • သင်တန်းများ
  • အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးကုမ္ပဏီအဖွဲ့များ
  • နိုင်ငံတကာ စျေးကွက်နဲ့ချိတ်ဆက်နိုင်သော အဖွဲ့အစည်း ကုမ္ပဏီများ..

လျင်မြန်စွာ ပေါ်ပေါက်အကောင်အထည်ဖော်နိုင်စေရန် ရည်ရွယ်၍ ရေးသားတင်ပြရ ခြင်း ဖြစ်ပါတယ်။

စေတနာများစွာဖြင့်...

ဒို့ဦးလေး

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်