အပင်တွေရှင်သန်ဖို့ အခြေခံအကျဆုံး ဖောင်ဒေးရှင်းကြီး ၃ ပါး

04/04/2023 11:05 AM တွင် ဆုမြတ်နိုး ဆုမြတ်နိုး မှ ရေးသား

အပင်တွေအတွက် အရေးအကြီးဆုံးလိုအပ်တဲ့အာဟာရတွေကဘာလဲလို့မေးလိုက်ရင် ရုတ်တရက်အားဖြင့် N,P,K ဆိုပြီး ဖြေကြသူများပါလိမ့်မယ်။ နိုက်ထရိုဂျင်၊ ဖော့စဖိတ်၊ ပိုတက်စီယမ်တွေပေါ့။

အဲ့ဒီအရေးအကြီးဆုံး အာဟာရဓာတ်သုံးမျိုးဆိုတာက အပင်တွေရှင်သန်ကြီးထွားသီးပွင့်ဖို့အတွက်ဆိုရင် တော့ တကယ့် ကိုမဖြစ်မနေလိုအပ်တာ မှန်ပါတယ်။ ဒါပေမဲ့ အပင်တစ်ပင်ဖြစ်လာဖို့ဆိုရင်တော့ သူ့ထက်အရင် မဖြစ်မနေ လိုအပ်တဲ့ အခြေခံဖောင်ဒေးရှင်းကြီးသုံးမျိုးလည်းရှိနေပါသေးတယ်။ ဒါတွေကိုတော့ ဒီတိုင်း လေဝင်လေထွက်ကောင်း၊ နေရောင် ရ၊ ရေလောင်းပေးရင် ရနေတာမျိုးဖြစ်လို့ သိပ်သတိမထားမိကြတာပါ။

ပြီးတော့ အပင်တစ်ပင်လုံးနီးပါးကိုလည်း ဒါတွေနဲ့ပဲဖွဲ့စည်းထားတာမျိုးဖြစ်လို့ ဗဟုသုတအလို့ငှာ ဒီအခြေခံဒြပ်စင် ၃ မျိုး အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

ပြောရရင်တော့ အပင်တွေ ရှင်သန်ဖို့၊ ကြီးထွားသီးပွင့်ဖို့ဆို  မဖြစ်မနေလိုအပ်တဲ့အာဟာရဓာတ်က ၁၆ မျိုးထိ ရှိပါတယ်။ ဒီဓာတ် ၁၆ မျိုးကို ပြန်ခွဲလိုက်မယ်ဆိုရင်တော့ အဓိကအားဖြင့် ၂ မျိုးသာရှိပါတယ်။

သတ္တုဓာတ် မဟုတ်သောအုပ်စုနဲ့ သတ္တုဓာတ်ဆိုတဲ့ အာဟာရအုပ်စုပဲဖြစ်ပါတယ်။ အခုပြောဖို့အစပျိုးနေတဲ့ အခြေခံ ဒြပ်စင် ၃ မျိုးဆိုတာကတော့ သတ္တုဓာတ်မဟုတ်သော အာဟာရဒြပ်စင်တွေလို့ ဆိုရမှာပါ။

သူတို့တွေကတော့ ကာဗွန်၊ ဟိုက်ဒြိုဂျင်နဲ့ အောက်စီဂျင် ဆိုတာတွေပါပဲ။ C,H,O လို့ မှတ်ထားလို့ရပါတယ်။

ဒီသုံးမျိုးထဲမှာ ဟိုက်ဒြိုဂျင်နဲ့ အောက်စီဂျင်ဟာဆိုရင် ဓာတ်ငွေ့ပုံစံတွေဖြစ်ပြီးတော့ ကာဗွန်ကတော့ သတ္တုမဟုတ်တဲ့ ဒြပ်စင်တစ်မျိုးပါ။ အခန်းအပူအချိန်မှာဆိုရင် ပုံဆောင်ခဲအနေနဲ့ ရှိပါတယ်။ ဒီဓာတ် ၃ မျိုးလုံးကိုတော့ လေနဲ့ ရေတို့ကနေ ရရှိနိုင်တာဖြစ်ပါတယ်။

ရှင်သန်နေတဲ့ အပင်ရဲ့ အလေးချိန် ၈၀ - ၉၀ % က ရေတွေပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဟိုက်ဒြိုဂျင်နဲ့ အောက်စီဂျင်ဟာ ဆိုရင်  အပင်တွေရှင်သန်ကြီးထွားဖို့ ပမာဏများများလိုအပ်တဲ့ ဓာတ်တွေဖြစ်နေတာပဲဖြစ်ပါတယ်။ ရေသာမရှိဘူးဆိုရင် ကျွန်မတို့ရဲ့ဘဝတွေဆိုတာလည်း ရှိလာမှာမဟုတ်သလို အပင်တွေဆိုရင်လည်း ကျန်းမာရှင်သန်နေစေဖို့ဆိုရင် လုံလောက်တဲ့အစိုဓာတ်ပေးရမှာပဲဖြစ်ပါတယ်။

ရှင်သန်နေတဲ့ အပင်ရဲ့ ရေအများစုကို ဖယ်ထုတ်ပြီး အခြောက်ခံကြည့်မယ်ဆိုရင်တော့ အပင်ရဲ့ခြောက်သွေ့အလေးချိန် ၉၅ ရာခိုင်နှုန်းလောက်မှာ ကာဗွန်၊ ဟိုက်ဒြိုဂျင်နဲ့ အောက်စီဂျင်တို့ ပါဝင်နေတာပါ။ ခြောက်သွေ့အလေးချိန် တစ်ဝက် လောက်မှာဆိုရင် လေထဲမှာရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကနေ ပြိုကွဲလာတဲ့ ကာဗွန်တွေပါဝင်နေပါတယ်။ အစိမ်းရောင် ရှိတဲ့ အပင်တွေမှာဆိုရင် လေ၊ ကလိုရိုဖီးလ်ပါဝင်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ အလင်းစွမ်းအင်တို့ ကာဗိုဟိုက်ဒြိတ်ဆိုပြီး ပေါင်းစပ်ဖွဲ့စည်းလိုက်ပါတဲ့အခါ ဖိုတိုဆင်းသဆစ်လို့ခေါ်တဲ့ အလင်းမှီစုအစာဖွဲ့စည်းခြင်းဖြစ်စဉ်ကို ဖြစ်စေတာဖြစ် ပါတယ်။

  • အဲ့ဒီဖိုတိုဆင်းသဆစ်ဖြစ်စဉ်အတွင်း လေထုမှ ကာဗွန်ဒိုင်အောက်ဆိုဒ်(CO2) ပြိုကွဲပြီး ကာဗွန်ကို ရနိုင်ပါတယ်။ အပင်တွေဟာဆိုရင် အချို့ကာဗွန်တွေကို အပင်ကြီးထွားဖို့အတွက်အသုံးချပြီး အချို့ကာဗွန်တွေကိုတော့ အသက်ရှူ ဖြစ်စဉ်ဖြစ်တဲ့နေရာမှာ သကြားဓာတ်ကနေ စွမ်းအင်အဖြစ်ပြောင်းဖို့အတွက် အသုံးချကြပါတယ်။
  • ဟိုက်ဒြိုဂျင် ဓာတ်ငွေ့ဟာဆိုရင်တော့ ဟိုက်ဒြိုဂျင်နဲ့ အောက်စီဂျင်ပေါင်းစပ်ထားတဲ့ ရေ(H2O) တွေ ပြိုကွဲပြီးရာကနေ ရရှိပါတယ်။ သူကတော့ မျိုးညှောက်ပေါက်ခြင်း၊ အစေ့ကြီးထွားခြင်း၊ အမြစ်တွယ်ကပ်အားကောင်းပြီး ရှည်လျားခြင်း၊ ရိတ်သိမ်းချိန် လတ်ဆတ်နေစေခြင်း၊ အပင်ရေငတ်နေတဲ့ အခြေအနေမျိုးမှာ စတိုမာတာ အပေါက်လေးတွေ လိုက်လျော ညီထွေဖြစ်စေခြင်း ဒါမှမဟုတ် ခံနိုင်ရည်ရှိစေခြင်း စတဲ့ လုပ်ဆောင်ချက်တွေကို လုပ်ဆောင်ပေးပါတယ်။
  • အောက်ဆီဂျင်ဟာလည်း ဟိုက်ဒြိုဂျင်လိုပဲ ရေကနေရပါတယ်။ လေထဲကနေတော့ မရပါဘူး။ ဒါပေမဲ့ ဖိုတိုဆင်းသဆစ် ဖြစ်စဉ်အဖြစ် ကာဗွန်ဒိုင်အောက်ဆိုဒ်(CO2) ပြိုကွဲခြင်းကနေတော့ အောက်ဆီဂျင်ကိုရရှိပါတယ်။ ဒီဖိုတိုဆင်းသဆစ် ဖြစ်စဉ်ဖြစ်ဖို့အတွက်လည်း သူက အဓိကအရေးပါတဲ့ကဏ္ဍမှာ ပါဝင်နေတာပါ။ အပင်လေးတွေအတွက်ဆိုရင် အောက်ဆီဂျင်က အပင်ဆဲလ်လေးတွေအသက်ရှူဖို့ လုပ်ဆောင်ပေးပါတယ်။ ဒါပေမဲ့ ဒီအတွက် အပင်က သူ့ကိုသုံးရ တာက နည်းနည်းလေးပဲ ဖြစ်ပါတယ်။ အများစုကိုတော့ ဘေးထွက်ပစ္စည်းအနေနဲ့ အပင်ကနေ ပြန်ထုတ်ပေးပါတယ်။ ဒီကနေ ကျွန်မတို့လူတွေ ရှင်သန်ဖို့ရာမှာ မဖြစ်မနေ ရှူသွင်းနေရတဲ့ အောက်ဆီဂျင်ဆိုတာကို ရရှိတာဖြစ်ပါတယ်။ ဆိုတော့ အောက်ဆီဂျင်ဟာ အပင်အတွက်ကော လူတွေအတွက်ကော မဖြစ်မနေလိုအပ်တာလေးလို့ ဆိုရမှာပါရှင့်။

ဒါတွေကတော့ လေနဲ့ရေကနေ အပင်တွေစားရတဲ့ အာဟာရဓာတ်တွေအကြောင်းပါ။

အပင်တွေ ကောင်းကောင်း ရှင်သန်ကြီးထွားသီးပွင့်ဖို့ဆိုရင်တော့ အထက်မှာဆိုခဲ့သလို နောက်ထပ်လိုအပ်တဲ့ အာဟာရဓာတ် ၁၃ မျိုးရှိပါတယ်။ ဒါတွေအကြောင်းကိုတော့ နောက်ထပ်အပိုင်းတွေမှာ ဆက်လက်ဖော်ပြပေးသွားပါမယ်ရှင့်။

ဆောင်ပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်