“သတိမူစရာ သီးထပ်သီးနှံစိုက်ပျိုးရေးမှာ“

22/10/2019 13:30 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    သီးနှံစိုက်စွမ်းအား(Cropping Intensity)တွေ တိုးမြင့်လာစေရန် မျိုးသစ်များကို စိုက်ပျိုးလာရသည်။ စိုက်ပျိုးနည်းစနစ်များကိုလည်း ပြောင်းလဲလုပ်ကိုင်လာရသည်။ ပင်ပွားစွမ်းရည်ကောင်းသော စပါးမျိုးတွေကို စိုက်လာကြသည်။ စိပ်စိပ်စိုက်သည့် အလေ့အကျင့်ဖြစ်လာသည်။ မြေသြဇာတွေကိုလည်း ပိုပြီးဆက်တိုက် သုံးကြသည်။ 

   သက်တမ်းတိုသောမျိုးတွေ ပေါ်လာခြင်းနှင့် ဆည်ရေသောက်စနစ်တွေ တိုးပွားလာခြင်းသည် သီးနှံတွေ တစ်သီးပြီးတစ်သီးစိုက်ဖို့ အခြေအနေတွေပေးလာခြင်းဖြစ်သည်။ သို့သော် ကောင်းကျိုးတွေတိုးပွားလာရင် ဆိုးကျိုးဖြစ်ပေါ်နိုင်စွမ်းတွေ တိုးလာနိုင်တာကိုလည်း သတိပြုရမှာ ဖြစ်ပါသည်။

ပိုးမွှားရောဂါခံနိုင်သောမျိုးကိုစိုက်

   ဒါတွေကြောင့် ဆိုးကျိုးဘာဖြစ်လာနိုင်သလဲ။ အချို့မျိုးတွေမှာ ထိခိုက်မှုတွေရှိလာနိုင်ပါသည်။ ဥပမာ-ပိုးမွှားရောဂါဖျက်ဆီးမှု။ အဲသည်လိုဆိုရင်-ပိုးမွှားရောဂါခံနိုင်သောမျိုးတွေကို ရွေးချယ်စိုက်ပျိုးရန်လိုသည်။ ထို့ပြင် ကုန်ကျစရိတ်သက်သာပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမှုမရှိသော ကာကွယ်နှိမ်နင်းနည်းစနစ်တွေကို ကျင့်သုံးဆောင်ရွက်ရန် လိုအပ်လာမှာဖြစ်ပါသည်။ 

ပေါင်းမြက်ကာကွယ်နှိမ်နင်းရေး အလေးထား

   စပါးစိုက်ပျိုးရာတွင် တစ်ချိန်ကနှင့်မတူ ပေါင်းမြက်ထူပြောလာနေသည်။ ပေါင်းမြက်ကို လစ်လျူရှု၍ မရတော့ချေ။ ယခင်က အပင်အရပ်ရှည်ပြီး အရွက်ဧရိယာများပြားသောဒေသစပါးမျိုး (Local Variety)ကိုချည်း  စိုက်ပျိုးခဲ့ရာမှ ယခုအခါအပင်အရပ်ပု၊ သက်တမ်းတို၊ ပင်စည်ထောင်မတ်သော ခေတ်သစ်မျိုး(Modern Variety)များကို စိုက်လာသည်။

   ထို့ပြင် လုပ်သားရှားပါးပြီး ကုန်ကျစရိတ်မြင့်မားခြင်းကြောင့် ပျိုးထောင်ကောက်စိုက် စနစ်(Transplanting)အစား တိုက်ရိုက်ကြဲပက်(Broadcasting)စိုက်မှုသည်လည်း အကြောင်းတစ်ရပ်ဖြစ် နိုင်ပါသည်။

   စပါးစိုက်ပျိုးနည်းစနစ်တိုင်းမှာ အားသာချက်နှင့် အားနည်းချက်တွေရှိသည်။ တိုက်ရိုက်မျိုးစေ့ချ ကြဲပက်စိုက်ပျိုးတာက အချိန်ကုန်သက်သာသည်။ မြန်မြန်ဆန်ဆန် စိုက်ပျိုးပြီးစီးသည်။ ပျိုးထောင်ကောက်စိုက်စနစ်လို ပျိုးခင်းပြင်ဖို့၊ ပျိုးထောင်ဖို့၊ ပျိုးနှုတ်ဖို့၊ ကောက်စိုက်ဖို့ လုပ်သားမလို၊ ကုန်ကျစရိတ်သက်သာသည်။ ရေလိုအပ်မှုလည်း သက်သာသည်။

   ပျိုးထောင်ကောက်စိုက်စနစ်နှင့် နှိုင်းယှဉ်စိုက်လျှင် တိုက်ရိုက်မျိုးစေ့ချ ကြဲပက်စိုက်ပျိုးသည့် စပါးသည် မူလရှိသည့်အသက်ထက် (၇)ရက်မှ (၁၀)ရက်ခန့် စော၍ရင့်မှည့်သည်။ ပဲမျိုးစုံ၊ ဆီထွက်သီးနှံစသည့် ယာသီးနှံတစ်မျိုးမျိုးကို အစိုဓါတ်မိမိဖြင့် အလျင်အမြန်ထပ်မံစိုက်ပျိုးနိုင်စေသည့် အခွင့်အလမ်းကို ရရှိစေသည်။ ဒုတိယသီးနှံကို စိုက်ချိန်စော၍ စိုက်နိုင်ခြင်းဖြင့် မြေတွင်းအစိုဓာတ်ကို ကောင်းစွာအသုံးချနိုင်ကာ သီးနှံထုတ်လုပ်မှု ပိုစေနိုင်ပါသည်။ 

   သို့သော် တိုက်ရိုက်မျိုးစေ့ချ ကြဲပက်စနစ်တွင် စပါးပင်နှင့် ပေါင်းပင်များ ပြိုင်တူပေါက်ရောက်ခွင့်ရသည်။ ပေါင်းမြက်ပြဿနာ ရှိနိုင်သည်။ 

   နောက်ထပ် အကြောင်းရင်းတစ်ရပ်ရှိသေးသည်။ ယခင်က စပါးတစ်သီးသာ စိုက်သည်။ မိုးစပါး-မြေလှပ်သီးနှံပုံစံဟု ခေါ်ဆိုနိုင်သည်။ ယခုအခါ စပါးပြီးစပါး စိုက်သည်။ စပါး-စပါးသီးနှံပုံစံ ဖြစ်ပါမည်။ ယခင်က စပါးပြီး ပဲမျိုးစုံစိုက်သည်။ စပါး-ပဲမျိုးစုံ သီးနှံပုံစံ ဖြစ်သည်။  စပါးပြီးစပါးစိုက်တော့ စပါးပေါင်းမြက်ပေါက်ရောက်မှု အစဉ်အဆက်မပြတ်တော့ပေ။

   မိုးရာသီတွင် ရွာသွန်းမှုက ပုံမမှန်။ မိုးနည်းပါးသည်။ ထို့ပြင်ဆည်ရေ/ သွင်းရေရရှိမှု အကန့်အသတ်ဖြစ်တော့ ပေါင်းမြက်ပေါက်ရောက်မှုက ပိုများပြားလာပြန်သည်။

   စိုက်ထွန်ရေးလုပ်ရာတွင် အချိန်ယူပြီး တမန်းပုပ်စပ်သည်အထိ ထွန်ယက်နိုင်မှု မရှိချေ။ တမန်းညက်ရန် အလျင်အမြန်သွက်သွက် စက်တွေနှင့် ထွန်ယက်ပြီး တမန်းပူအခြေအနေတွင် စပါးကိုစိုက်သည့် အလေ့အကျင့်တွေ ရှိလာသည်။ 

  သို့ဖြစ်၍ ဖေါ်ပြပါအကြောင်းရပ်များကြောင့် စပါးစိုက်ပျိုးရာတွင် ပေါင်းမြက်ကာကွယ်နှိမ်နင်းရေး အလေးထား၍ ပေါင်းမြက်မပေါက်မီနှင့် ပေါက်ကာစကပင် စနစ်တကျလုပ်ဆောင်ရန် လိုအပ်မည်ဖြစ်သည်။

   ပေါင်းမြက်ကြောင့် စပါးအထွက်ဆုံးရှုံးမှု မဖြစ်ပေါ်စေရန် ဓါတုပေါင်းသတ်ဆေးကို အမျိုးအစားမှန်၊ စနစ်မှန်ဖြင့် မဖြစ်မနေသုံးစွဲပြီး ကာကွယ်နှိမ်နင်းရန်လိုသည်။ လိုအပ်ပါက လက်ပေါင်းလိုက်ကာ ပေါင်းမြက်ကင်းစင်စေရေး အလေးထားဆောင်ရွက်ရန် ဖြစ်ပါသည်။

   သီးနှံစိုက်စွမ်းအားမြင့်မားရေး၊ သီးနှံထုတ်လုပ်မှု တိုးတက်ရေးအတွက် အလျင်အမြန်မြေပြုပြင်ခြင်း၊ တစ်သီးပြီးတစ်သီး စိုက်လာခြင်း၊ သက်တမ်းတိုမျိုးများကို အသုံးပြုလာခြင်း၊ မိုးရွာသွန်းမှု လျော့နည်းလာခြင်း၊ ဆည်ရေရရှိမှု အကန့်အသတ်ဖြစ်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာမည့် ပိုးမွှားရောဂါနှင့် ပေါင်းမြက်အဟန့် အတားများကို ဖြေရှင်းနိုင်ရေးအလေးထားဆောင်ရွက်ရန် လိုမည်ဖြစ်ပါသည်။

ဆင်းသီဟ

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်