ပျိုးပင်ပေါက်ငယ်လေးများကို မြေသြဇာကျွေးနည်း

16/05/2025 11:00 AM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

ပုံမှန်အားဖြင့်ဆိုရင် မျိုးစေ့တွေမှာ သဘာဝအတိုင်း အာဟာရဓာတ်အချို့ ပါဝင်နေပြီးသားဆိုပေမဲ့လည်း အဆိုပါအာဟာရဓာတ်တွေဟာ  မျိုးစေ့ကနေအပင်အဖြစ် ကြီးထွားလာပြီးတဲ့နောက် ရက်သတ္တပတ်အနည်းငယ်ကြာမှာ လျင်မြန်စွာနဲ့ ကုန်ခမ်းသွားတတ်ကြတာဖြစ်ပါတယ်။ ထို့ကြောင့် ပျိုးပင်ငယ်လေးများအား အာဟာရထောက်ပံ့ပေးမှုကို စနစ်တကျစီမံထားသင့်ပြီး ရွှေ့ပြောင်းမစိုက်မချင်း ကျန်းမာသန်စွမ်းနေအောင် ထိန်းသိမ်းထားရမှာ ဖြစ်ပါတယ်။ ယခုဆောင်းပါးမှာတော့ သေးငယ်လှတဲ့ ပျိုးပင်ငယ်လေးများကို စနစ်တကျအာဟာရကျွေးနိုင်ရန်အတွက် အကြံပြုချက်အချို့ကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ 

ပျိုးပင်ငယ်များကို စနစ်တကျမြေသြဇာကျွေးခြင်းဟာ အပင်ရဲ့ ကြီးထွားမှုနှောင်းပိုင်းကာလမှာ ကျန်းမာသန်စွမ်းသော သီးနှံများရရှိလာစေဖို့ အဓိကကျတဲ့ခြေလှမ်းတစ်ရပ်လည်း ဖြစ်ပါတယ်။ နိုက်ထရိုဂျင်၊ ဖော့စဖောရပ်စ်နဲ့ ပိုတက်စီယမ်ဓာတ်များဟာ အပင်များရှင်သန်ကြီးထွားဖို့ရာအတွက် အဓိကကျတဲ့ အာဟာရဓာတ်တွေ ဖြစ်ပါတယ်။ အခြားသော ဒုတိယအများလို အာဟာရဓာတ်များနဲ့ အနည်းလိုအာဟာရဓာတ်များကတော့ သီးနှံပင်များအတွက် သေးငယ်သောပမာဏနဲ့ အကျိုးပြုကြတာ ဖြစ်ပါတယ်။ ပျိုးပင်ငယ်လေးများကို ကျွေးရမဲ့မြေသြဇာပမာဏနဲ့ ကျွေးရမဲ့အချိန်ကတော့ အသုံးပြုစိုက်ပျိုးထားတဲ့ မျိုးစေ့များနဲ့ မြေဆီလွှာရဲ့အခြေအနေပေါ်မှာ များစွာမူတည်တာ ဖြစ်ပါတယ်။ အချို့သော အပင်များနဲ့ ‌မြေဆီလွှာများကတော့ အာဟာရဓာတ်များ ထပ်မံပံ့ပိုးပေးဖို့လိုအပ်ပြီး အချို့ကတော့ မြေသြဇာအသုံးမပြုရဘဲနဲ့ အဆင်ပြေတာမျိုးလည်း ရှိကြပါတယ်။ ထို့ကြောင့် မိမိအသုံးပြု စိုက်ပျိုးထားတဲ့အပင်များနဲ့ မြေအမျိုးအစားကို သိရှိထားခြင်းဟာ အာဟာရဓာတ် ထည့်ပေးရမဲ့အချိန်နဲ့ ပမာဏဘယ်လောက် အသုံးပြုရမယ်ဆိုတာကို ဆုံးဖြတ်ဖို့ရာအတွက် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။

ပျိုးပင်ငယ်လေးများအား မြေသြဇာကျွေးဖို့ရာအတွက် ထည့်သွင်းစဉ်းစားသင့်သော အချက်များ 

၁။ ပျိုးပင်ငယ်လေးများရဲ့ အစောပိုင်းအဆင့်မှာ ‌မြေသြဇာမကျွေးသင့်ပါ 

အထက်မှာဖော်ပြခဲ့သလိုပဲ မျိုးစေ့တွေမှာ သူတို့ရဲ့သဘာဝအတိုင်း စွမ်းအင်အချို့နဲ့ သကြားဓာတ်တွေ ပါရှိနေပြီးသားဖြစ်တာကြောင့် သေးငယ်တဲ့ပျိုးပင်ငယ်လေးများဟာ အာဟာရဓာတ်အများအပြား မလိုအပ်ဘဲ ကောင်းမွန်စွာနဲ့ ရှင်သန်ကြီးထွားနိုင်ကြတာ ဖြစ်ပါတယ်။ မျိုးစေ့များကို စတင်စိုက်ပျိုးတဲ့ အချိန်မှာ မြေသြဇာထည့်ပေးခြင်းဟာ ပျိုးပင်များရဲ့ သေးငယ်တဲ့အမြစ်များအနေနဲ့ အာဟာရဓာတ် အရင်းအမြစ်များကို ပိုမိုကိုင်တွယ်စီမံရတာကြောင့် ကောင်းကျိုးထက် ဆိုးကျိုးကိုပိုဖြစ်စေနိုင်ပါတယ်။ 

အပင်စိုက်ပျိုးရာမှာအသုံးပြုတဲ့ အချို့သောစပ်မြေတွေမှာတော့ အပင်တွေအတွက် လိုအပ်သောအာဟာရဓာတ်များ အသင့်ပါရှိနေတာဖြစ်ပြီး များသောအားဖြင့်တော့ အော်ဂဲနစ်ပါဝင်ပစ္စည်းများ ဖြစ်ကြပါတယ်။ အော်ဂဲနစ်အမျိုးအစားများဟာ ဓာတုမြေသြဇာများနဲ့မတူဘဲ အပင်ငယ်များဆီသို့ အာဟာရဓာတ်များ မထုတ်လွှတ်ခင်မှာ ကောင်းစွာဆွေးမြည့်ပြိုကွဲရန်အတွက် အချိန်တစ်ခုလိုအပ်တာ ဖြစ်ပါတယ်။ ပျိုးပင်ငယ်တွေမှာ ဓာတုမြေသြဇာတစ်မျိုးတည်း အသုံးပြုတဲ့အခါ အရွက်များနဲ့ပင်စည်များကို လောင်ကျွမ်းစေနိုင်တာကြောင့် သတိပြုရမှာဖြစ်ပါတယ်။ ထို့ကြောင့် ပျိုးပင်ငယ်လေးများကို ဓာတ်‌မြေသြဇာကျွေးဖို့ စဉ်းစားထားတယ်ဆိုရင် အရွက်အစစ် (true leaves) များ ထွက်လာတဲ့အထိ စောင့်ပြီးမှ ကျွေးသင့်ပါတယ်။

အရွက်အစစ်ဆိုတာကို နားလည်လွယ်အောင်ပြောရရင် မျိုးစေ့ကနေ အပင် စပေါက်လာပြီးတဲ့နောက်မှာ အစေ့ရွက် (cotyledon) လို့ ခေါ်တဲ့ အရွက်တစ်ရွက် (သို့မဟုတ်) အရွက်တစ်စုံ ထွက်လာမှာ ဖြစ်ပါတယ်။ အရွက်အစစ်ဆိုတာကတော့ အပင်ငယ်လေးမှာရှိတဲ့ ဒုတိယမြောက် အရွက်တစ်စုံကို ဆိုလိုတာဖြစ်ပြီး ၎င်းတို့ဟာ အရွယ်ရောက်ပီးသား အပင်ရဲ့ အရွက်ပုံသဏ္ဍာန်နဲ့လည်း ဆင်တူကြပါတယ်။ အရွက်အစစ်များဟာ ကိုယ်တိုင်အစာချက်လုပ်နိုင်ပြီး အပင်ဆက်လက်ကြီးထွားဖို့ရာအတွက် အာဟာရဓာတ်တွေကို ထောက်ပံ့ပေးနိုင်တာ ဖြစ်ပါတယ်။ ထို့အပြင် ပျိုးပင်ငယ်လေးတွေမှာ ဓာတ်မြေသြဇာအသုံးပြုမယ်ဆိုရင် အော်ဂဲနစ်ပစ္စည်းတွေနဲ့ အတူတွဲသုံးပါက ပိုမိုစိတ်ချရမှာလည်း ဖြစ်ပါတယ်။ 

၂။ အပင်ငယ်လေးများ ၃ လက်မအရွယ်အထိ ရောက်အောင်ထားပါ

မျိုးစေ့ကနေ အညှောက်စပေါက်ပြီးတဲ့နောက်မှာ အပင်ငယ်လေးများဟာ အလင်းရောင်၊ ရေ၊ လေနဲ့ အာဟာရဓာတ်များကို စဉ်ဆက်မပြတ်ရရှိခြင်းဖြင့် လျင်မြန်စွာကြီးထွားလာမှာ ဖြစ်ပါတယ်။ အပင်ငယ်လေးများအနေနဲ့ ပိန်လှီပြီးအားနည်းတာမျိုး မဖြစ်စေဖို့အတွက် အလင်းရောင်အလုံအလောက် ရရှိဖို့လည်းလိုအပ်ပါတယ်။ သင့်တော်တဲ့ အစိုဓာတ်နဲ့ အလင်းရောင်ကို တသမတ်တည်းရရှိနေခြင်းဟာ ပျိုးပင်များကိုကျန်းမာသန်စွမ်းစေပြီး အချိန်တိုအတွင်း ကြီးထွားလာအောင် ကူညီပေးနိုင်မှာဖြစ်ပါတယ်။ အပင်ငယ်လေးများဟာ အမြင့်အားဖြင့် ၃ လက်မအထိရှိပြီး အရွက်အစစ် နှစ်ခု သို့မဟုတ် ၎င်းထက်ပိုသော အရွက်များထွက်ရှိနေပြီဆိုရင်‌တော့  ၎င်းတို့ကို မြေသြဇာကျွေးဖို့ရာ သင့်တော်ပြီဖြစ်ပါတယ်။ အပင်ငယ်များဟာလည်း အရွယ်ရောက်ပြီးသား အပင်များကဲ့သို့ပဲ အမြစ်များကြီးထွားရန်အတွက် ဖော့စဖောရပ်စ်ဓာတ် လိုအပ်ပြီး အရွက်များကြီးထွားရန်အတွက် နိုက်ထရိုဂျင်ဓာတ်ကို လိုအပ်ကြတာ ဖြစ်ပါတယ်။ အပင်ငယ်များဟာ အာဟာရဓာတ်အရင်းအမြစ် အနည်းငယ်ကိုသာ လိုအပ်သေးတာကြောင့် မြေသြဇာကျွေးတဲ့အခါ ရေမှာပျော်ဝင်နိုင်ပြီး အာဟာရဓာတ်ပါဝင်မှုနည်းတဲ့ အရောအနှောများကို ရွေးချယ်အသုံးပြုသင့်ပါတယ်။ 

အပင်အားလုံး ရှင်သန်ကြီးထွားဖို့ရာအတွက် အောက်ပါအာဟာရဓာတ်များ လိုအပ်ပါတယ်။ အဆိုပါ အာဟာရဓာတ်များထဲမှ အများလိုအာဟာရဓာတ်တွေကတော့ အရေးကြီးဆုံးဖြစ်ပါတယ်။ ထို့နည်းတူ ဒုတိယအများလို အာဟာရဓာတ်များနဲ့ အနည်းလိုအာဟာရဓာတ်များဟာလည်း အပင်ကျန်းမာရေးအတွက် အရေးကြီးပါတယ်။  

အများလို အာဟာရဓာတ်များ 

နိုက်ထရိုဂျင်၊ ဖော့စဖောရပ်စ်၊ ပိုတက်စီယမ် 

ဒုတိယအများလို အာဟာရဓာတ်များ 

ဆာလ်ဖာ၊ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ် 

အနည်းလို အာဟာရဓာတ်များ 

ဇင့်၊ အိုင်ယွန်း၊ ကော့ပါး၊ မဂ္ဂနိစ်၊ ဘိုရွန်၊ မိုလစ်ဒီနမ်၊ ကလိုရင်း 

၃။ ဓာတုမြေသြဇာ (သို့မဟုတ်) အော်ဂဲနစ် မြေသြဇာ

ဓာတုမြေသြဇာနဲ့ အော်ဂဲနစ်မြေသြဇာတွေဟာ အားသာချက်အားနည်းချက် ကိုယ်စီရှိကြတာ ဖြစ်ပါတယ်။ ဓာတုအမျိုးအစားတွေဟာ အသုံးပြုရလွယ်ကူသော်လည်း မြေဆီလွှာအတွင်းရှိ အဏုဇီဝသက်ရှိများကို ထိခိုက်စေနိုင်တာဖြစ်ပါတယ်။ အဆိုပါ အဏုဇီဝသက်ရှိများဟာ အော်ဂဲနစ်ဒြပ်စင်များကို အပင်စားသုံးနိုင်တဲ့အာဟာရအဖြစ်သို့ ပြောင်းလဲပေးနိုင်တဲ့ အကျိုးပြုအဏုဇီဝများ ဖြစ်ကြပါတယ်။ မြေဆီလွှာမှာ အကျိုးပြုအဏုဇီဝသက်ရှိများ လျော့နည်းလာတဲ့အခါ ရေရှည်မှာ ဓာတုမြေသြဇာများအပေါ် ပိုမိုမှီခိုရတဲ့ အခြေအနေများဆီကို ဦးတည်သွားမှာဖြစ်ပါတယ်။

ဒီတော့ အော်ဂဲနစ်အမျိုးအစားနဲ့ ဓာတုအမျိုးအစားမှာ ဘယ်ဟာကို ပိုမိုရွေးချယ်သင့်ပါသလဲ။ ဓာတုအမျိုးအစားတွေကို ရွေးချယ်သင့်တဲ့ အဓိကအကြောင်းအရင်းတစ်ခုကတော့ အသုံးပြုရလွယ်ကူပြီး ထိရောက်မှုမြန်ဆန်တာဖြစ်ပါတယ်။ အော်ဂဲနစ်မြေသြဇာတွေကတော့ အပင်များဆီသို့ တဖြည်းဖြည်းချင်း အာဟာရဓာတ်တွေကို ထုတ်လွှတ်ပေးတာကြောင့် အချိန်ယူရပါတယ်။ အသုံးပြုလိုက်တဲ့ အာဟာရဓာတ်တွေကို အပင်ရဲ့အမြစ်များကနေ ထိရောက်စွာစုပ်ယူစားသုံးနိုင်ခြင်း ရှိ၊ မရှိကတော့ မြေဆီလွှာအတွင်းရှိ အဏုဇီဝသက်ရှိများရဲ့ တက်ကြွလှုပ်ရှားမှုအပေါ်မှာ မူတည်နေတာဖြစ်ပါတယ်။ အဏုဇီဝသက်ရှိများ တက်ကြွလှုပ်ရှားမှု ရှိနေတဲ့အခါမှာ မြေဆီလွှာအတွင်းရှိ အော်ဂဲနစ်ဒြပ်စင်များကို အပင်များအသုံးပြုနိုင်မဲ့ အာဟာရပုံစံအဖြစ်သို့ ပြောင်းလဲပေးမှာဖြစ်ပါတယ်။ အဏုဇီဝသက်ရှိများ အရေအတွက် အနည်းငယ်သာရှိနေသော မြေဆီလွှာမှာဆိုရင်တော့ အော်ဂဲနစ်ဒြပ်စင်များဟာ အပြည့်အဝပြိုကွဲနိုင်မှာ မဟုတ်ပါဘူး။ အပင်ငယ်လေးတွေကို မြေသြဇာကျွေးတဲ့အခါ သဘာဝမြေဆွေးနဲ့ ရောစပ်ပြီးအသုံးပြုခြင်းဟာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ သဘာဝမြေဆွေးဟာ ဓာတ်မြေဩဇာနဲ့ အခြားအော်ဂဲနစ်ပစ္စည်းများရဲ့ အာဟာရဓာတ်ပါဝင်မှုကို တည်ငြိမ်စေပြီး အပင်အတွက်လိုအပ်သော အာဟာရဓာတ်များကို ဖြည်းညှင်းစွာထုတ်လွှတ်ပေးတာကြောင့် အာဟာရဓာတ်ဆုံးရှုံးမှုနဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုများကိုလည်း လျော့နည်းစေနိုင်တာ ဖြစ်ပါတယ်။ 

၄။ အာဟာရဓာတ်များကို စနစ်တကျအသုံးပြုပါ 

ပျိုးပင်လေးတွေမှာ အာဟာရဓာတ်အသင့်တင့်ပါဝင်တဲ့ ဓာတ်မြေသြဇာများကို စနစ်တကျအသုံးပြုခြင်းဖြင့် အကျိုးကျေးဇူးရရှိနိုင်ပါတယ်။ ၂ - ၂ - ၃ အချိုးဟာဆိုရင် ပျိုးပင်ငယ်လေးတွေအတွက် သင့်တော်တဲ့ အချိုးပမာဏဖြစ်ပါတယ်။ အဆိုပါ ကိန်းဂဏန်းအချိုးများဟာ အာဟာရဓာတ်ပါဝင်မှုရာခိုင်နှုန်းကို ရည်ညွှန်းတာဖြစ်ပါတယ်။ ၂ - ၂ - ၃ အချိုးမှာဆိုရင် နိုက်ထရိုဂျင် ၂ ရာခိုင်နှုန်း၊ ဖော့စဖောရပ်စ် ၂ ရာခိုင်နှုန်းနဲ့ ပိုတက်စီယမ်ဓာတ် ၃ ရာခိုင်နှုန်းတို့ကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ 

ရည်ဖျော်မြေသြဇာတွေကတော့ ပျိုးပင်များအတွက် အကောင်းဆုံးဖြစ်ပါတယ်။ ၎င်းတို့ဟာ အခြားသော မြေသြဇာများနဲ့ ရောနှောပြီးအသုံးချဖို့ရာလည်း လွယ်ကူပါတယ်။ ငါးအမိုင်နိုနဲ့ ပင်လယ်ရေမှော်ကနေ ရရှိတဲ့မြေသြဇာ (kelp emulsion) တွေကတော့ အလွယ်တကူ အသုံးပြုနိုင်ပြီး အလွန်ကောင်းမွန်တဲ့ အော်ဂဲနစ်မြေသြဇာ အရည်အမျိုးအစားများပဲ ဖြစ်ပါတယ်။ မြေသြဇာတွေအသုံးပြုတဲ့အခါ အပင်ငယ်လေးတွေရဲ့ အရွက်များအပေါ်မှာ အဝါရောင်ပြောင်းပြီး ညှိုးနွမ်းသွားတာမျိုး (သို့မဟုတ်) အရွက်ပေါ်မှာ အဝါရောင်အကွက်များ တွေ့ရှိလာမယ်ဆိုရင်တော့ အဆိုပါ လက္ခဏာတွေဟာ မြေသြဇာလောင်တာမျိုး ဖြစ်နိုင်တဲ့အတွက် အသုံးပြုတာကို တစ်ပတ်ခန့် ရပ်နားလိုက်သင့်ပါတယ်။ တခါတရံမှာတော့ အရွက်များမကြွေကျခင်မှာ အရွက်ထိပ်ဖျားတွေဟာ တဖြည်းဖြည်းနဲ့ အညိုရောင် သို့မဟုတ် အဝါရောင်ပြောင်းလာတာမျိုးလည်း တွေ့ရှိရမှာဖြစ်ပါတယ်။ အကယ်လို့ အပင်တွေမှာ မြေသြဇာအများအပြား အသုံးပြုမိထားတယ်လို့ သံသယရှိပါက ပိုလျှံနေသောအာဟာရဓာတ်များကို စွန့်ထုတ်ရန်အတွက် ရေလောင်းပေးပြီး မြေဆီလွှာမှတဆင့် စိမ့်ထွက်သွားအောင် ပြုလုပ်နိုင်ပါတယ်။ ထို့နောက် ‌‌မြေသြဇာများထပ်မထည့်သေးဘဲ နှစ်ပတ်ခန့် စောင့်ကြည့်သင့်ပါတယ်။

၅။ ရွှေ့ပြောင်းစိုက်ပျိုးခြင်း 

ပျိုးပင်ငယ်လေးများဟာ ယေဘုယျအားဖြင့် ၆ လက်မခန့် အရွယ်ရောက်ပီဆိုရင် ပျိုးပေါင်ကနေ စိုက်ခင်းအတွင်းကို ပြောင်းရွှေ့စိုက်ပျိုးနိုင်ပြီ ဖြစ်ပါတယ်။ နူးညံ့သောအပင်ငယ်လေးများကို ၎င်းတို့ရဲ့ပျိုးခင်းကနေ ညင်သာစွာနှုတ်ယူပြီးနောက် မြေနေရာအသစ်မှာ အစားထိုးစိုက်ပျိုးနိုင်ပါတယ်။ အပင်ငယ်လေးတွေမှာ ပိုမိုများပြားတဲ့ အရွက်အစစ်များ၊ ပင်စည်များနဲ့ အညွန့်များထွက်လာပြီဆိုရင် နကိုယ်ထက်ကျယ်ဝန်းတဲ့ စိုက်ခင်းနေရာမှာ ရွှေ့ပြောင်းစိုက်ပျိုးပေးခြင်းဖြင့် ကောင်းမွန်စွာရှင်သန်နိုင်မှာ ဖြစ်ပါတယ်။ အပင်အရွယ်အစား ကြီးထွားလာတာနဲ့အမျှ အမြစ်များဟာလည်း ပိုမိုများပြားလာမှာဖြစ်တာကြောင့် ကျယ်ဝန်းတဲ့မြေနေရာအသစ် လိုအပ်မှာဖြစ်ပါတယ်။ ပြောင်းရွှေ့စိုက်ပျိုးပြီးနောက် ရေလောင်းတဲ့အခါ အရွက်များပေါ်တိုက်ရိုက်မဖြန်းဘဲ ပျိုးပင်များကို ညင်သာစွာ ရေလောင်းပေးသင့်ပါတယ်။ မြေသြဇာအနေနဲ့ကတော့ ပုံမှန်အားဖြင့်တော့ ၂ ပတ် ၁ ကြိမ် ကျွေးမယ်ဆိုရင် ပျိုးပင်လေးများအတွက် လုံလောက်ပါတယ်။ သို့ပေမဲ့ အပင်လေးတွေရဲ့ တုံ့ပြန်မှုကိုစောင့်ကြည့်ပြီး လိုအပ်ပါက မြေသြဇာအသုံးပြုခြင်းကို ချိန်ညှိနိုင်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်