လူနှင့် တိရစ္ဆာန်များအတွက် ပြည့်ဝသောအာဟာရဓာတ်ကို ပေးစွမ်းနိုင်သည့် ဆီထွက်သီးနှံများ

11/12/2023 14:10 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (102)  Oilseed Crops (Part - 1)

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၁၀၂) ဆီထွက်သီးနှံများ (အပိုင်း - ၁)

ဆီထွက်သီးနှံများသည် နှံစားသီးနှံများ (Cereal Crops) ပြီးလျှင် လူသားအားလုံးနှင့် တိရစ္ဆာန်များအတွက် ပြည့်ဝသော အာဟာရဓာတ် (Highly Nutritious Human and Animal Food) ပေးစွမ်းသည်။  အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသများအတွက် အရေးပါသော စိုက်ပျိုးသီးနှံများ (Important Tropical and Sub-tropical crops) ဖြစ်ပါသည်။

ဆီနှင့်အဆီ (Oils and Fats)

လူသားတို့၏ အာဟာရဓာတ်လိုအပ်ချက် (Human Diets) ကို ဖြည့်စည်းပေးနေသည့်အပြင် ဆပ်ပြာထုတ်လုပ်ခြင်း (Manufacturing Soaps)၊ သုတ်ဆေး၊ အရောင်တင်ဆီ (Paints and Varnishes) များထုတ်လုပ်ခြင်း၊ ခေါင်းလိမ်းဆီ (Hair Oil)၊ ချောဆီ (Lubricants) နှင့် ဆေးဝါးဖော်စပ်မှုနှင့်ဆိုင်သော လုပ်ငန်းများ (Pharmaceuticals) ကအစ မရှိမဖြစ် လိုအပ်နေသော ကုန်ကြမ်း (Imporatnt Raw Materials) ဖြစ်ပါသည်။

ထို့အပြင် 

(၁) ပြည့်ဝဖက်တီးအက်ဆစ် (Saturated Fatty Acids) ပါဝင်သော ဆီထွက်သီးနှံများသည် အခန်းအပူချိန်တွင် အခဲ (Solid) အဖြစ်သို့ ပြောင်းလဲသွားပြီး အောက်ဆီဂျင်ကြောင့် ပြိုကွဲမှု (Oxidation) နည်းပါသည်။  ဥပမာ - စားအုန်းဆီ (Palm Oil)၊ အုန်းဆီ (Coconut Oil)

(၂) မပြည့်ဝဖက်တီးအက်ဆစ် (Unsaturated Fatty Acids) ပါဝင်သော ဆီထွက်သီးနှံများသည် အခန်းအပူချိန်တွင် အရည် (Liquid) အဖြစ်နှင့်တည်ငြိမ်နေပါသည်။ အောက်ဆီဂျင်ကြောင့် ပြိုကွဲနိုင်ပါသည်။ ၎င်းတို့ကို ထပ်မံအမျိုးအစားခွဲရလျှင် -

(၂-က) တစ်ခုတည်းမပြည့်ဝသောအဆီ (Monounsaturated Fats) ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်ပါသည်။ ဥပမာ - သံလွင်ဆီ (Olive Oil)၊ ကနိုလာမုံညင်းဆီ (Canola Oil)။

(၂-ခ) အများမပြည့်ဝသောအဆီ (Polyunsaturated Fats) ကျန်းမာရေးအတွက် စားသုံးရန် အလယ်အလတ် ဖြစ်ပါသည်။ ဥပမာ - ပဲပုပ်ဆီ (Soybean Oil)၊ နေကြာဆီ (Sunflower Oil)၊ ပြောင်းဖူးဆီ (Corn Oil)။

ပုံ - ၁ ပြည့်ဝနှင့် မပြည့်ဝဆီများ

အသီးအနှံများမှရရှိသောဆီ (Vegetable Oil) များတွင် စားသုံးနိုင်သောဆီ (Edible Oil)၊ မစားသုံးနိုင်သော်လည်း စက်မှုလက်မှုလုပ်ငန်းများတွင် အသုံးပြုနိုင်သောဆီ (Non-edible Oil for Industrial uses) များစွာထုတ်လုပ်ရန်လိုအပ်ပါသည်။

မြန်မာနိုင်ငံတွင် စားသုံးသောဆီများ

(က) မြေပဲ (Peanut/Groundnut, Arachis hypogaea L.)

မြေပဲဆီကို ဟင်းချက်ဆီ (Cooking Oil) အဖြစ်အသုံးပြုနေသော်လည်း စုစုပေါင်းအထွက်၏ ၁၀-၁၅ ရာခိုင်နှုန်းလောက်မှာ မျိုးစေ့ အဖြစ် ပြန်လည်အသုံးပြုနေရသဖြင့် စိုက်ဧရိယာ တိုးချဲ့မှုမှာ အလွန်ကြိုးစားရပါမည်။ မြန်မာနိုင်ငံတွင် ၂၀၂၀-၂၁ ခုနှစ်၌ မြေပဲ ၁,၁၄၁,၀၀၀ ဟက်တာ (၂,၈၁၈,၀၀၀ ဧကခန့်) စိုက်ပျိုးထုတ်လုပ်ပါသည်။ မြေပဲတွင် ပင်ထောင် (၁၀၀-၁၂၀ ရက်ခန့်) နှင့် ပင်ပြန့် (၁၅၀-၁၈၀ ရက်ခန့်) ကြာတတ်ပါသည်။

ပုံ - ၂ မြေပဲစေ့နှင့် မြေပဲဆီ 

(ခ) နှမ်း (Sesame – Sesamum indicum L.) နှမ်းကိုလည်း ဟင်းချက်ဆီအဖြစ် အသုံးပြုသည့်အပြင် နိုင်ငံခြားသို့လည်း တိုက်ရိုက်တင်ပို့နေပါသည်။ နှမ်း၏အားသာချက်သည် မျိုးစေ့ အသုံးပြုနှုန်း မြေပဲလောက်မများပါ။ သို့သော် ရာသီဥတု ဖောက်ပြန်လာပါက အပင်၏ သဘာဝအရ ခံနိုင်ရည်ရှိမှု နည်းပါသည်။ မြန်မာနိုင်ငံ ဆီထွက်သီးနှံများတွင် နှမ်းစိုက်ပျိုးမှု ဧရိယာသည် အများဆုံးဖြစ်ပြီး၊ မိုးကြို၊ မိုးနှောင်း စသည်ဖြင့် အချိန်အမျိုးမျိုး စိုက်ပျိုးနိုင်ပါသည်။ စိုက်ဧရိယာမှာ ၂၀၂၀-၂၁ ခုနှစ်၌ နှမ်း ၁,၅၂၂,၀၀၀ ဟက်တာ (၃,၇၆၀,၀၀၀ ဧကခန့်) စိုက်ပျိုးထုတ်လုပ်ပါသည်။

ပုံ - ၃ နှမ်းပင်

(ဂ) နေကြာ (Sunflower - Helianthus annuus) နေကြာဆီသည် ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီ (Healthy Edible Oil) ထဲတွင်ပါဝင်သော်လည်း ပင်ခြားဝတ်မှုံကူးမှု (Cross-Pollination) ဖြစ်နေသဖြင့် မျိုးစေ့အောင်မြင်အောင် (Fertilization) နည်းပညာ ဖြင့် ကြိုးစားနေရသေးသဖြင့် ကျွန်တော်တို့နိုင်ငံတွင် စိုက်ပျိုးမှု နည်းပါးပါသည်။ စိုက်ဧရိယာမှာ ၂၀၂၀-၂၁ ခုနှစ်၌ နေကြာ ၂၅၂,၀၀၀ ဟက်တာ (၆၂၂,၀၀၀ ဧကခန့်) သာ စိုက်ပျိုးထုတ်လုပ်ပါသည်။

ပုံ - ၄ နေကြာခင်းပျားများဖြင့် ပင်ခြားဝတ်မှုံကူးနေပုံ

(ဃ) ဆီအုန်း (Oil Palm – Elaeis guineensis) မြန်မာနိုင်ငံတွင် စိုက်ပျိုးမှုမှာ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဘက်တွင်သာရှိ သော်လည်း နိုင်ငံခြားမှ အများဆုံး တင်သွင်းရသည့် စားသုံးဆီ ဖြစ်နေပါသည်။ ကျနော်တို့နိုင်ငံတွင် ဆီကြမ်းဘဝမှ စာသုံးနိုင်အောင် ထုတ်လုပ်ရသော နည်းပညာ လိုပါသေးသည်။ ကျန်းမာရေးရှုထောင့်မှ ကြည့်လျှင် စားသုံးရန်မသင့်ပါ။ စိုက်ဧရိယာမှာ ၂၀၁၉-၂၀ ခုနှစ်၌ ဆီအုန်း ၁၆၃,၀၀၀ ဟက်တာ (၄၀၂,၀၀၀ ဧကခန့်) စိုက်ပျိုးလျက်ရှိနေပါသည်။

ပုံ - ၅ ဆီအုန်းပင်နှင့်ဆီအုန်းခင်း 

(င) ပဲပုပ်ဆီ (Soybean – Glycine max) နိုင်ငံတကာတွင်ပဲပုပ်ဆီမှာ အများဆုံး စားသုံးနေသော သီးနှံတစ်ခုဖြစ်သော်လည်း မြန်မာနိုင်ငံတွင်မူ နည်းပညာ အခက်အခဲကြောင့် စီးပွားဖြစ် ဆီကြိတ်ထုတ်လုပ်မှု မဖြစ်ကြသေးပါ။

ပုံ - ၆ ပဲပုပ်ဆီထုတ်လုပ်ပုံ 

(စ) ဆီမုန်ညင်း (Rape Seed/Canola – Brassica napus) အထူးသဖြင့် တောင်ပေါ်ဒေသများတွင်  သီးညှပ်သီးနှံ (Mixed Crops) အဖြစ် စိုက်ပျိုးနေပါသည်၊

(ဆ) ဝါစေ့ဆီ (Cotton Seed Oil) ဝါပင် (Cotton – Gossypium spp) မှ ဝါဂွမ်းထုတ်ရင်း ဘေးထွက်ပစ္စည်း ဝါစေ့ကို ဆီကြိတ်ခြင်းဖြစ်ပါသည်။

(ဇ) ဖွဲနုဆီ (Bran Oil) စပါး (Rice – Oryza sativa L.)  မှ ဆန်ကြိတ်ရင်း ဆန်စက်များ တွင် ဘေးထွက်ပစ္စည်း အဖြစ် ဖွဲနုရရှိကာ ဆီကြိတ်ခြင်းဖြစ်ပါသည်။

အခြားဆီရရှိနိုင်သော အပင်များမှာ - 

(ဈ) ပန်းနှမ်းဆီ (Niger – Guizotia abyssinica)

(ည) ဆူးပန်းဆီ (Safflower – Carthamus tintorius)

(ဋ) လင်စိဆီ/ဗီသွာ/နှမ်းကြပ်ပင် (Linseed/Flax – Linum usitatissimum)

(ဌ) ကြက်ဆူဆီ (Castor Oil – Racinus communis) 

(ဍ) အုန်းဆီ (Coconut Oil – Cocos nucifera) စသည်တို့ဖြစ်ပါသည်။

အုန်းဆီသည် နိုင်ငံအတော်များများတွင် ဟင်းချက်ရန် (Cooking)၊ အသားအရေလှပစေရန် (Skincare)၊ ဆံပင်လိမ်းရန် (Haircare)၊ ဆေးဘက်သုံးပစ္စည်း (Medicinal Purposes) စသည်များအတွက် အသုံးပြုသည်၊ အာရှတိုက်နိုင်ငံများဖြစ်သော အိန္ဒိယ၊ သီရိလင်္ကာ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများတွင် များပြားစွာ စိုက်ပျိုးဖြစ်ထွန်းပြီး အသုံးပြုပါသည်။

ဇယား - ၁ ဆီထွက်သီးနှံများ မြန်မာ၊ ကမ္ဘာ့ အထွက်နှုန်းများ၊ အများဆုံးထွက်နိုင်မှု (ကီလို/ဟက်တာ) ၂၀၂၀-၂၁

ဆီထွက်သီးနှံများတိုးမြင့်ထုတ်လုပ်ရေးအတွက် ကန့်သတ်ချက်များ (Constrants to increase Oilseed Crops Production)

(က) ပတ်ဝန်းကျင်ဆိုင်ရာ ကန့်သတ်ချက်များ (Environmental Constraints) အထူးသဖြင့် မြေဆီအာဟာရဓာတ်နည်းသော နေရာရှိ မိုးတွင်းစိုက်သီးနှံများတွင် မိုးရွာမှု မမှန်သောကြောင့် အထွက်လျော့ပါသည်။

(ခ) နည်းပညာဆိုင်ရာ ကန့်သတ်ချက်များ (Technological Constraints) ဒေသအလိုက်၊ ရာသီဥတုလိုအပ်ချက်အလိုက် သင့်တော်သော မျိုးသစ်များ သီးသန့်ထုတ်လုပ်သင့်ပါသည်။ ရိတ်သိမ်းချိန်လွန်နည်းပညာများလိုအပ်နေသေးခြင်း၊ စိုက်ချိန်မှစ၍ ရိတ်ချိန်တစ် လျှောက်လုံး  အပင်ဦးရေပြည့်ဝမှုမရှိခြင်း (ကွက်ပြောက်များခြင်း)၊ သင့်တော်သောမြေဩဇာ သုံးစွဲမှုနည်းပါးခြင်း၊ ပေါင်းနှိမ်နှင်းမှုအားနည်းခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ စက်ကိရိယာများ နည်းပါးခြင်း။ 

(ဂ) ဇီဝဆိုင်ရာ ကန့်သတ်ချက်များ (Biological Constraints) ဒေသတစ်ချို့တွင် ကြွက်နှင့် စာကလေးစသည့် အဖျက်ကောင်များ ပေါများနေခြင်း။

(ဃ) လူမှုစီးပွားဆိုင်ရာ ကန့်သတ်ချက်များ (Socio-Economic Constraints) တစ်ဦးခြင်းပိုင် စိုက်ပျိုးမြေနည်းပါး၍ လုပ်ကွက်ငယ်ယာသမားများပြားနေခြင်း၊ ထုတ်လုပ်သူတောင်သူများ ဈေးမှန်ရရှိမှု နည်းပါးပြီး ကြားပွဲစားများပြားနေခြင်း။

ဆီကြိတ်ရာတွင်လည်း ခေတ်မမီသော ဆီစက်များကြောင့် ဆီ ၆-၇ ရာခိုင်နှုန်း ဆုံးရှုံးမှု ရှိပါသည်။ တောင်သူအများစုက သွင်းအားစု (Inputs) များအပြည့်အဝမသုံးစွဲနိုင်ပါ။

(င) မြေဆီလွှာမညီညာမှုကန့်သတ်ချက်များ (Topographical Constraints) စိုက်ပျိုးမြေ မညီညာမှုနှင့် မြေဆီလွှာတိုက်စားမှု (Soil Erosion) နှင့် မြေဆီလွှာအာဟာရဓာတ်နည်းပါးခြင်း (Poor Soil fertility) ။

(စ) အဖွဲ့အစည်းဆိုင်ရာကန့်သတ်ချက်များ (Institutional Constraints) ဌာနဆိုင်ရာ အချင်းချင်း၊ ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်း၊ ပံ့ပိုးပေးသောသွင်းအားစုများ အချိန်မီ မရောက်ရှိခြင်း၊ သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ မပြည့်စုံခြင်း။

(ဆ) အခြေခံ အဆောက်အဦးဆိုင်ရာကန့်သတ်ချက်များ (Infrastructure Constraints) အခြောက်သီးနှံများအတွက် ရေသွင်း၊ ရေထုတ် နည်းပညာအားနည်းခြင်းစသည်တို့ ဖြစ်ပါသည်။

 

ဇယား - ၂ ဆီကြိတ်ဖတ်များတွင်အရေးကြီးသော အမိုင်နိုအက်ဆစ် (Amino Acid) ပါဝင်မှုရာခိုင်နှုန်း

(ဆီထွက်သီးနှံတစ်မျိုးခြင်းအလိုက် စိုက်ပျိုးထုတ်လုပ်ပုံအကြောင်း ဆက်ပါဦးမည်)

မှီငြမ်းစာအုပ် (Reference Book) နှင့် စာတန်း (Reference Paper)

Ahmad, P. (2017) Oilseed Crops: Yield and Adaptations under Environmental Stress. Wiley Blackwell. 295p.

Mandal, B.C. (2008) Manual on Major Oilseed Crops of Myanmar. FAO 78p.

Weiss, E.A. (2000) Oilseed Crops. 2nd Ed. Blackwell Science. 364p. 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်