နှစ်ရှည်သီးနှံများဖြစ်သည့် ကြက်ပေါင်စေးနဲ့ ရာဘာ

22/04/2024 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (120)  Perennial Crops – Natural Rubber (Part-1)

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၁၂၀) နှစ်ရှည် သီးနှံများ - ကြက်ပေါင်စေး/ရာဘာ (အပိုင်း-၁)

သဘာဝရာဘာ (Natural Rubber) သို့မဟုတ် ကြက်ပေါင်စေးအပင်ကို လယ်ယာသီးနှံ အမျိုးအစားခွဲခြားခြင်း (Agronomic Crops Classification) အုပ်စုများတွင် အစေးထွက် အပင်များ (Latex Producing Crops) အနေနှင့် အမျိုးအစားခွဲခြားပြီး စိုက်ပျိုးရေး လုပ်ငန်းမှ ပညာရှင်များက နှစ်ရှည်သီးနှံ (Perennial Crops/Trees)၊ စက်မှုကုန်ကြမ်းသီးနှံ (Industrial Crops/Plantation Crops) အနေနှင့်လည်း အမျိုးအစားခွဲခြားကြပါသည်။  

အစေးထွက်ရှိသောအပင်များမှာ-

(က) သဘာဝရာဘာ (Natural Rubber – Hevea brazienliensis) သဘာဝရာဘာရရှိသော အဓိကအပင်ဖြစ်ပါသည်။ အပူပိုင်းဒေသ အထူးသဖြင့် အရှေ့တောင်အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကနိုင်ငံများတွင် အစိုက်အများဆုံးဖြစ်ပါသည်၊

ပုံ - ၁ ကြက်ပေါင်စေးပင်အစေးထွက်နေပုံ

(ခ) ပီလောပီနံ (Cassava – Manihot esculenta) အစေးထွက်သော်လည်း မြန်မာနိုင်ငံတွင် ဥစား/အမြစ်စားသီးနှံ (Root Crops) အမျိုးအစားအောက်တွင် ထည့်ထားပါသည်။ ကော်အနေနှင့်သာအသုံးပြုမှုများသော်လည်း ပင်စည်ကထွက်သော ပီလောပီနံအစေး (Cassava Latex) က ဆေးဝါးလုပ်ငန်းများ (Pharmaceutical Industries) အစား အသောက် ထုတ်လုပ်ရေးလုပ်ငန်းများ (Food Processing Industries) တွင် အသုံးဝင်လျက် ရှိနေပါသည်။

ပုံ - ၂ ပီလောပီနံအစေးရရှိပုံ

(ဂ) ဂွာယူလေး (Guayule – Parthenium agrentatum) အမေရိကနှင့်မက္ကဆီကိုဒေသများ၏ မူရင်းဒေသအပင်ဖြစ်ပြီး အရွက်နှင့် ပင်စည်ကနေ အစေး (Latex) ထုတ်ယူနိုင်ပါသည်။

ပုံ - ၃ ဂွာယူလေးအစေးနှင့် ထုတ်ကုန်များ

(ဃ) ရုရှားဒင်ဒယ်လီယွန် (Russian Dandelion – Taraxacum kok-saghyz) (မြန်မာနိုင်ငံတွင်မရှိပါ)

(င) ရာဘာဖစ်စ်ရှ် (Rubber Fig – Ficus elastica) (မြန်မာနိုင်ငံတွင်မရှိပါ) 

(စ) ဂွတ်တာ ပါချာ (Gutta-percha - Palaquium gutta) ) (မြန်မာနိုင်ငံတွင်မရှိပါ)

(ဆ) ပနားမားရော်ဘာ (Panama rubber tree - Castilla elastica) ) (မြန်မာနိုင်ငံတွင်မရှိပါ)

(ဇ)  စပါးဂျပ်စ် (Spurges - Euphorbia spp.) စသညိတို့ဖြစ်ပါသည်။

နို့နှစ်ရောင်အစေး (Milky Fluid - Latex) ရရှိသော သဘာဝရော်ဘာ (Natural Rubber) အပင်မျိုးရင်းများမှာ (Family – Euphorbiaceae, Moraceae, Apocynaceae) တို့ဖြစ်ပြီး မျိုးစိတ် ၅၀ ကျော် (50-species) ရှိသော်လည်း ကြက်ပေါင်စေးပင် (Hevea brasiliensis) သာ ကမ္ဘာ့ရော်ဘာထုတ်လုပ်မှု၏ ၉၈ ရာခိုင်နှုန်းအထိရှိပြီး အရေးပါပါသည်။ 

ဇယား - ၁ ကမ္ဘာ့သဘာဝရော်ဘာ အများဆုံးထုတ်လုပ်သော နိုင်ငံများ (၂၀၂၂-၂၀၂၃)

ရော်ဘာအမျိုးအစားခွဲခြားခြင်း (Rubber Classification)

(က) သဘာဝရော်ဘာ (Natural Rubber) ကျုံ့နိုင်ဆန့်နိုင်သော ပေါ်လီမာ (Elastic Polymar) ဖြစ်သည်။ သဘာဝ အပင်ကရသော နို့စေး (Latex ) ဖြစ်ပါသည်။ ရေကို တွန်းကန်နိုင်ပြီး (Water Repellent) လျှပ်စီးမှုဒဏ်ခံနိုင်ရည် (Electric Resistant) ရှိပါသည်။

ကြက်ပေါင်စေးပင်သည် ၁၅ ရာစုနှစ်ကတည်းက ကမ္ဘာပေါ်တွင်ရှိခဲ့ပြီး ၁၇၉၁ ခုနှစ်တွင် စီးပွားဖြစ်ထုတ်လုပ်ခဲ့သည်။ ပြန်လည်အသုံးပြုလို့ (Recycable) ရနိုင်ပါသည်။ မီးလောင် လွယ်ပါသည် (Very Flammable)။ ပတ်ဝန်းကျင်ညစ်ညမ်းနိုင်ပါသည် (Create Pollution)။ အသုံးပြုပုံမှာ ကား၊ ဆိုင်ကယ်၊ စက်ဘီးတာယာမျိုးစုံ (Tyres)၊ ရေပိုက်အမျိုးမျိုး (Hoses)၊ ကြိတ်စက်များ၏ ရွေ့ရှားစက်ခါးပတ် အမျိုးမျိုး (Conveyor Belt) စသည်ဖြင့် များစွာအသုံးဝင်ပါသည်။

ပုံ - ၄ သဘာဝရော်ဘာထုတ်ကုန်များ

(က) ရော်ဘာတု (Natural Rubber) ရေနံထွက်ပစ္စည်းများမှ ထုတ်လုပ်သော ကျုံ့နိုင်စွမ်းရှိ ရော်ဘာတု (Obtained mainly from Petroleum, artificial elastomer) ဖြစ်သည်။ အရည်အသွေးကောင်းမွန်ပြီး ဈေးချိုသည် (Good quality and Cheap)။ ပြန်လည်အသုံးပြုနိုင်သည် (Recyclable)။ ၁၉၀၉ ခုနှစ်တွင် ဖရစ်ဟော့မန်း (Fritz Hofmann) ဆိုသူကတည်ထွင်ခဲ့ပြီး သဘာဝရော်ဘာထက် ဈေးချိုသည်။ ကမ္ဘာ့ရော်ဘာ အသုံးပြုမှု၏ ၂/၃ ပုံမှာ ရော်ဘာတုမှ ထုတ်ကုန်များဖြစ်ပါသည်။

သူ့ဂုဏ်သတ္တိများ (Properties) မှာ အမာအစိုင်အခဲဖြစ် (Soild)၊ ကွေးနိုင်၊ ဆန့်နိုင်၊ ကျုံ့နိုင် (Flexible) သည်။ တာရှည်ခံ (Durable) ပါသည်။ အေးသွားလျှင် ပိုမိုမာကြော လာ (Hardens when it is cooled) ပါသည်။ အပူပေးလိုက်ပါကလိုသလို ပုံစံသွင်းနိုင် (Can be molded when heated) ပါသည်။ အပူ၊ အလင်းရောင်နှင့် ဓာတုပစ္စည်းများ ဒဏ်ခံနိုင်ရည်ရှိပါသည်။ (Resistant to heat, Light and Chemicals) အပူနှင့်လျှပ်ကာပစ္စည်း (Heat and Electrical Insulators) အဖြစ်အသုံးပြုနိုင်ပါသည်။ 

ရော်ဘာတုမှ ပြုလုပ်နိုင်သောပစ္စည်းများမှာ ကားတာယာ (Car Tires) ၊ ကလေးကစားရော်ဘာအရုပ်များ (Flexible Rubber Toys)၊ သုတ်ဆေး (Paint)၊ ရှုးဖိနပ်အောက်ခံ (Shoe Soles)၊ ‌ရော်ဘာလက်အိတ် (Rubber Gloves) နှင့် ရေပိုက်မျိုးစုံ (Tubes and Hoses) တို့ဖြစ်ပါသည်။

ပုံ - ၅ ရော်ဘာတုထုတ်ကုန်များ

ကျွန်တော်တို့နိုင်ငံတွင် ၁၉၇၇-၇၈ ခုနှစ်ကဖွင့်လှစ်သော ဒေသကောလိပ် (Regional College) များတွင် ရော်ဘာလုပ်ငန်းအတတ်ပညာအထူးပြု ဘာသာတွဲ ပါဝင်ခဲ့ပါသည်။ သင်ခန်းစာများတွင် တင်ပြခဲ့သော ရော်ဘာ၏ ထူးခြားသော ဂုဏ်သတ္တိများမှာ - 

(က) ကြီးမားသော ပျော့ပြောင်းခံနိုင်မှု (Flexing Endurance) ရှိ၏၊ မပျက်မစီး၊ မကြိုးမပဲ့စေဘဲ အတော်အတန်အားဖြင့် ဆန့်နိုင်၊ ကွေးနိုင်၊ ချိုးနိုင်၏။

(ခ) ဆန့်အား (Tensile Strength) သည် ၃၀,၀၀၀ (Bf inch-2) ခန့်ရှိပြီး အလွန်ကြီးမား၏။

(ဂ) အတော်အတန်အားဖြင့် မိမိအလိုရှိ သလိုထိန်း၍ရ၏၊ ရော်ဘာပျော့မှ ရော်ဘာမာအထိ အမျိုးမျိုး လုပ်ယူ၍ရ၏။

(ဃ) စွမ်းအင်ကို စုပ်ယူ ထိန်းသိမ်းနိုင်သည့် သတ္တိကြီးမားသည်။

(င) ဓာတု ပစ္စည်း အတော်များများနှင့် ထိတွေ့ကလည်း ခံနိုင်စွမ်းရည်ရှိပါသည်။

(စ) လျှပ်ကန့်အား (Di-electric Strength) အလွန်ကောင်း သဖြင့် လျှပ်ကာပစ္စည်း အဖြစ် အသုံးချနိုင်ပါသည်။

(ဆ) မျက်နှာပြင်တိုင်းလိုလို အတွက် ၎င်း၏ ပွတ်မြောက်ဖေါ်ကိန်း (Coefficient of Friction) သည်ကြီးမားပါသည်။

(ဇ) ရေလုံ၏၊ ရေစိုခံနိုင်စွမ်းရှိပါသည်။

(ဈ) သာမိုဆက်တင် ပလတ်စတစ် (Thermo-setting Plastic) ဖြစ်ပြီး အလွယ် တစ်ကူ ပုံသွင်း၍ ရ၏။

(ည) အရောင်အသွေး အမျိုးမျိုးဆိုး ပြီးထုတ်လုပ်နိုင်သည်။ ဥပမာ  - ရော်ဘာသားရေကွင်း စသည်တို့ဖြစ်ပါသည်။ 

ရော်ဘာ၏ အခြားဂုဏ်သတ္တိများမှာ - ဥပမာ ရော်ဘာကို မော်တော်ကားတာယာ (Tyres) အဖြစ်အသုံးပြုနိုင်ခြင်းမှာ ၎င်း၏တိုက်စားခံနိုင်ခြင်း၊ လမ်းမျက်နှာပြင်များနှင့် ပွတ်တိုက် ခုခံမှုကောင်းခြင်း၊ ရေစိုခံနိုင်ခြင်း၊ ဒဏ်ရှိန်စုပ်ယူအား (Shock Absorption) ကောင်းခြင်း စသော အချက်များကြောင့် အလွန်အသုံးဝင်ပါသည်။ မော်တောကားကျွတ်၊ ဆိုင်ကယ်၊ စက်ဘီးကျွတ် (Tubes) များတွင် အသုံးပြုနိုင်ခြင်းမှာ ၎င်း၏ပျော့ပြောင်းနိုင်စွမ်း (Flexibility) နှင့် လေစိမ့်ဝင်မှု အားနည်းခြင်းတို့ကြောင့် ဖြစ်ပါသည်။

 

(အပိုင်း - ၂) ဆက်ပါဦးမည်။

Reference (မှီငြမ်းစာအုပ်များ)

Priyadarshan, P.M. (2011) Biology of Hevea Rubber. CABI. 226p.

Sethuraj, M.R. and Mathew, N.M. (1992) Natural Rubber: Biology, Cultivation and Technology. Elsevier. 610p.

(မြန်မာစာအုပ်များ)

ဦးမြင့်ဆွေ/ကိုရဲ (စိုက်ပျိုးရေး)  (၂၀၁၄) နှစ်ရှည်သီးနှံရော်ဘာအကြောင်း သိကောင်းစရာများ မိုးကျော်စာပေ၊ ၈၅-မျက်နှာ

နှစ်ရှည်သီးနှံဌာနခွဲ (၂၀၁၇) ရာဘာအစေးခြစ်ခြင်းနှင့်ထုတ်လုပ်ခြင်း၊ ၄၆-မျက်နှာ

နှစ်ရှည်သီးနှံဌာနခွဲ (၂၀၁၇) ရာဘာပျိုးခင်းတည်ထောင်ခြင်း၊ ၄၃-မျက်နှာ

တင်မောင်အေး (၂၀၁၄) မြန်မာနိုင်ငံရှိ ရာဘာစိုက်ခင်းများ၏ အဟာရဓာတ်ကို 4R နည်းဖြင့် စီမံခန့်ခွဲခြင်း၊ အပြည်ပြည်ဆိုင်ရာ အပင်အဟာရသုတေသနဌာန၊ ၁၉-မျက်နှာ

မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း (၁၉၈၉) ရော်ဘာအစေးပိုမိုထွက်ရှိစေမည့် နည်းလမ်းများ ၁၄-မျက်နှာ

ဦးတိုင်းအုပ် (၁၉၇၇) ရာဘာလုပ်ငန်းအတတ်ပညာ (ဒေသကောလိပ်၊ ဒုတိယနှစ်) ၂၆၃-မျက်နှာ

(သီးနှံပင်များအကြောင်း ဆက်လက်ရေးပါဦးမည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်