ပြည်တွင်းဝက်မွေးမြူရေးကဏ္ဍတွင် မွေးမြူရေးကုန်ကျစရိတ်များ နှစ်ဆလောက်အထိ မြင့်တက်လာပြီး အရှုံးပေါ်သည့် အခြေအနေကြောင့် ဝက်မွေးမြူရေးလုပ်ငန်းကို ရပ်နားသူ ပိုများလာသည်ဟု မွေးမြူရေးလုပ်ကိုင်သူများထံမှ သိရသည်။
ကုမ္ပဏီထုတ် မွေးမြူရေးအစာဈေးနှုန်းများက လစဉ် တစ်အိတ်လျှင် ထောင်ဂဏန်းမှ အမြင့်ဆုံး သောင်းဂဏန်းအထိ ဆက်တိုက် တက်လာနေသလို ပြောင်း၊ ပဲဖတ်၊ ဆန်ကွဲ ဈေးကလည်း တက်လာပြီး ဝက်အရှင်ဖမ်းဈေးက ကျနေသည့်အတွက် အရှုံးပေါ်နေခြင်းကြောင့် ဝက်မွေးမြူရေးလုပ်ငန်းကို ရပ်နားသူ ပိုများလာခြင်း ဖြစ်သည်ဟု သိရသည်။
"အစာအိတ်ဈေးတွေက လတိုင်းနီးပါး တက်တယ်။ ဝက်ဈေးတက်လို့ လိုက်တာမျိုးဆို ဖြေသာပေမယ့် အခုက ဝက်ဈေးက ထပ်ထပ်ကျပြီး အစာဈေးက ထပ်တက်လာနေတာ အဆင်မပြေတော့ဘူး။ ဝက်ဈေးက ၁၅,၀၀၀ ပဲ ရှိလို့ ကတ္တားနဲ့ချိန်ရောင်းမနေဘဲ အကောင်ပြတ် ရောင်းလိုက်တယ်။ သုံးကောင်ကို အရင်က ၂၅ သိန်းလောက် ကုန်တယ်။ ရောင်းလိုက်တော့ ၂၄ သိန်းရတယ်။ လေးလ လောက် မွေးရတယ်။ အချိန်ကုန်တယ်။ ငွေရင်းထားရတယ်။ လုပ်အားဆုံးရှုံးတယ်။ ငွေတစ်သိန်း လည်း ရှုံးသေးတယ်။ ထပ်မမွေးတော့ဘူး" ဟု ပြည်မြို့နယ်ရှိ ဝက်မွေးမြူရေး လုပ်ကိုင်သူတစ်ဦးက ပြောသည်။

အသင့်ကျွေး ကုမ္ပဏီမွေးမြူရေးအစာဈေးများ တက်လာပြီး ဝက်အရှင်ဖမ်းဈေးကမူ တစ်ပိဿာလျှင် ကျပ် ၂၀,၀၀၀ အောက်တွင်ပဲ ရှိနေသည့်အပြင် အချို့ဒေသများတွင်ဆိုလျှင် ဝယ်ယူသူပင် ရှားပါးသည့် အခြေအနေကို ရင်ဆိုင်နေရသည်ဟု သိရသည်။
ထို့ကြောင့် တစ်နိုင်တစ်ပိုင် ဝက်မွေးမြူရေးလုပ်ကိုင်သူများ အရင်ကထက် ပိုနည်းလာကာ အချို့ကမူ ဝက်မကြီးဝယ်ယူပြီး သားဖောက်ကာ ဝက်သားခွဲအငယ်လေးများ ရောင်းချသည့် မွေးမြူရေးပုံစံ ပြောင်းလဲလုပ်ကိုင်မှု ရှိလာကြောင်း တွေ့ရသည်။
"ဝက်တော့ ဝယ်ပြီး မမွေးတော့ဘူး။ ဝက်မ မျိုးကောင်းတာ တစ်ကောင်လောက် ဝယ်ပြီး သားဖောက် ပြန်ရောင်းနေတယ်။ ခုတစ်ခါ ၁၀ ကောင်ပေါက်တယ်။ ၁ လခွဲ အများဆုံးပဲ မွေးပြီးရောင်းရင် တစ်ကောင် ၃ သိန်းဈေးနဲ့ ရောင်းရတယ်။ ဝက်ကြီးအရှင်ဈေးက မကောင်းဘူးလေ။ အကောင်ရေနည်းရင် ဈေးပိုနှိမ်ခံရတယ်။ ဝယ်သူလည်း သိပ်မရှိဘူး" ဟု ရန်ကုန်တိုင်း ဝက်သားခွဲ ရောင်းချသူတစ်ဦးက ပြော သည်။
လက်ရှိတွင် ဝက်အရှင်ဖမ်းဈေးက နေရာဒေသအပေါ် မူတည်၍ ဈေးနှုန်းကွာခြားမှု ရှိနေရာ ပဲခူးတိုင်းတွင် တစ်ပိဿာလျှင် ၁၀,၀၀၀ ကျပ်မှ ၁၅,၅၀၀ ကျပ် အများဆုံးရှိပြီး နေပြည်တော်တွင် ၁၅,၅၀၀ ကျပ်မှ ၁၆,၀၀၀ ကျပ်၊ မကွေးတိုင်းတွင် ၁၅,၅၀၀ ကျပ်၊ ဧရာဝတီတိုင်းတွင် အမြင့်ဆုံး ၁၇,၀၀၀ ကျပ်ခန့် ဈေးပေါက်သော်လည်း အချို့နေရာများတွင် ဝယ်ယူသူမရှိဟု သိရသည်။ယခင်က ဝက်အရှင်ဖမ်းဈေးမှာ တစ်ပိဿာလျှင် ၂၂,၀၀၀ ကျပ်အထိ မြင့်တက်ခဲ့ပြီး၊ အဲဒီနောက်ပိုင်း ဈေးနှုန်းဆက်တိုက် ပြန်ကျလာခြင်း ဖြစ်သည်ဟု သိရသည်။
ဝက်ကြီးအရှင် ဖမ်းဈေးကျသော်လည်း အသားဈေးကမူ တစ်ပိဿာလျှင် ၃၃,၀၀၀ ကျပ်အထိ ဈေးပေါက်နေသည့်အတွက် အချို့သော ဝက်မွေးမြူသူများက ဝက်အရှင်ဖမ်းဈေးဖြင့် မရောင်းချဘဲ အသားဈေးကွက်ထဲသို့ တစ်ပိဿာလျှင် ၂၇,၀၀၀ ကျပ်ဈေးဖြင့် ရောင်းချခြင်းမျိုး ပြုလုပ်လာကြသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။