ကြက်၊ ဘဲ အစရှိသော မွေးမြူရေးတိရစ္ဆာန်များနဲ့အတူ ခိုချေး (Pigeon droppings) ဟာလည်း အပင်များ အာဟာရဓာတ်ရရှိရန်အတွက် ထိရောက်တဲ့သဘာဝပစ္စည်းတစ်ခု ဖြစ်ပါတယ်။ အသုံးပြုရလည်း လွယ်ကူသလို ထိရောက်မှုရှိခြင်းတို့ကြောင့် အပင်စိုက်ပျိုးရာမှာ အသုံးပြုနိုင်တဲ့ သဘာဝမြေဩဇာ (Organic fertilizer) တစ်မျိုးပါ။ အသုံးပြုရ လွယ်ကူတယ်ဆိုပေမဲ့လည်း မြေဩဇာအနေနဲ့ အသုံးပြုမယ်ဆိုရင်တော့ သတ်မှတ်ထားတဲ့ နည်းလမ်းများနဲ့အညီ စနစ်တကျအသုံးပြုဖို့ လိုအပ်ပါတယ်။
ခိုချေးမှာဆိုရင် အပင်အတွက်လိုအပ်တဲ့ အနည်းလိုအာဟာရဓာတ်များနဲ့ အဓိကအာဟာရဓာတ်များ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ သူ့ရဲ့အာနိသင်ဟာ အခြားသော တိရစ္ဆာန်စွန့်ထွက်ပစ္စည်းတွေထက် ပိုမိုမြန်ဆန်စွာပြသနိုင်ပြီး အကျိုးကျေးဇူးလည်း များပါတယ်။ ၎င်းကို သီးနှံစိုက်ပျိုးရာမှာ စနစ်တကျ အသုံးပြုခြင်းဖြင့် ကောင်းမွန်တဲ့ အထွက်နှုန်းကို ရရှိစေနိုင်ပါတယ်။ ခိုချေးမှာ ပါဝင်နေတဲ့ အနည်းလိုအာဟာရဓာတ် ပမာဏဟာ မြင်းချေး နဲ့ နွားချေးတို့ထက် ပိုများပြားပါတယ်။ အကြောင်းကတော့ ငှက်တွေရဲ့သဘာဝအရ ထူးခြားတဲ့အစာအာဟာရ မှီဝဲမှုပုံစံနဲ့ အစာခြေစနစ် တည်ဆောက်ပုံတို့ကြောင့်ပဲ ဖြစ်ပါတယ်။ ခိုချေးမှာပါဝင်နေတဲ့ နိုက်ထရိုဂျင် (Nitrogen) ပမာဏဟာ မြင်းချေးထက် ၄ ဆခန့် ပိုမိုမြင့်မားပြီး ဖော့စဖရပ် (Phosphorus) ပါဝင်မှုဟာလည်း နွားချေးထက် ၈ ဆခန့် မြင့်မားပါတယ်။
ဓာတ်မြေဩဇာတွေဟာ သီးနှံအထွက်နှုန်းကို တိုးတက်စေနိုင်ပေမဲ့လည်း ပမာဏအများအပြား အသုံးပြုတဲ့အခါ နောက်ဆုံးထွက်ရှိလာမဲ့ စိုက်ပျိုးရေးထွက်ကုန်တွေမှာ ဘေးထွက်ပစ္စည်းများအဖြစ်နဲ့ စုပုံကျန်ရစ်နိုင်ပါတယ်။ ၎င်းဖြစ်ရပ်ကို ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများမှာ နိုက်ထရိတ် (Nitrates) ပါဝင်မှုနှုန်း သတ်မှတ်ချက်ထက် ကျော်လွန်နေခြင်းဖြင့် တွေ့ရှိနိုင်ပါတယ်။ ခိုချေးဟာ သဘာဝမြေဩဇာဖြစ်တာကြောင့် ၎င်းမှာပါဝင်တဲ့ အနည်းလိုအာဟာရဓာတ်များကို အပင်များက ကောင်းမွန်စွာစုပ်ယူနိုင်ပါတယ်။ ခိုချေးကို အပင်တွေမှာ အသုံးပြုလို့ရတယ်ဆိုပေမဲ့ ၎င်းတို့ဟာ စနစ်တကျမွေးမြူထားတဲ့ ကြက်၊ ဘဲတို့လိုမဟုတ်တာကြောင့် အစာအာဟာရကို ထိန်းချုပ်ထားနိုင်ခြင်း မရှိတဲ့အပြင် ၎င်းတို့စားသုံးထားသော အစားအစာများထဲမှာ ကပ်ပါးကောင်များနဲ့ ရောဂါပိုးမွှားတွေ ပါဝင်နေနိုင်တာကြောင့် အသုံးပြုတဲ့အခါမှာတော့ သတိပြုဖို့လိုအပ်ပါတယ်။
ခိုချေးနဲ့ ကြက်ချေး ဘယ်အမျိုးအစားက ပိုကောင်းသလဲ?
စိုက်ပျိုးရေး လုပ်ကိုင်သူအများစုကတော့ ကြက်ချေးကို အသုံးများကြပါတယ်။ ကြက်ချေးမှာဆိုရင် မဂ္ဂနီဆီယမ်အောက်ဆိုဒ် (Magnesium oxide)၊ ထုံး (Lime)၊ ဖော့စဖောရစ်အက်ဆစ် (Phosphoric acid)၊ ဆာလဖာ (Sulfur) နဲ့ ပိုတက်စီယမ် (Potassium) တို့ ပါဝင်နေပြီး ၎င်းမှာ နိုက်ထရိုဂျင် (Nitrogen) ဓာတ်လည်း ကြွယ်ဝပါတယ်။ ကြက်ချေးဟာ မြေဆီလွှာအတွင်း ဆားဓာတ်ပါဝင်မှုနှုန်းကို မြင့်တက်မသွားစေဘဲ သီးနှံများအတွက် လိုအပ်တဲ့အာဟာရဓာတ်တွေကို ပေးဆောင်နိုင်စွမ်းရှိပါတယ်။ ခိုများကတော့ မွေးမြူရေးတိရစ္ဆာန်တွေလို စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် မွေးမြူတာမျိုးမရှိပေမဲ့လည်း ခိုချေးမှာက အာဟာရဓာတ်တွေ အတော်လေးပါဝင်နေတာပါ။ လတ်ဆက်တဲ့အခြေအနေမှာ နှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုရင် ခိုချေးဟာ ကြက်ချေးထက် နိုက်ထရိုဂျင် (၁၇.၉%) နဲ့ ဖော့စဖောရစ်အက်ဆစ် (၁၈%) ပါဝင်မှု ပိုမိုသာလွန်တယ်လို့ ဆိုပါတယ်။ သို့ပေမဲ့ တိရိစ္ဆာန်စွန့်ထွက်ပစ္စည်းတွေရဲ့ အာဟာရဓာတ် ပါဝင်မှုဟာ ၎င်းတို့ကိုကျွေးမွေးတဲ့ (သို့မဟုတ်) စားသောက်တဲ့ အစားအစာပေါ်မှာလည်း များစွာမူတည်နေတာ ဖြစ်ပါတယ်။ ခိုချေးကို စနစ်တကျနဲ့မှန်ကန်စွာ အသုံးပြုခြင်းဖြင့် မြေဆီလွှာရဲ့ တည်ဆောက်ပုံနဲ့ ဓာတုဖွဲ့စည်းမှုတို့ကို ကောင်းမွန်စေရုံသာမက အပင်အတွက် လိုအပ်သော အာဟာရဓာတ်များကို ပြည့်ဝစေနိုင်တာကြောင့် မြေဆီလွှာရဲ့ ဇီဝကမ္မဖြစ်စဉ်ကိုလည်း ပိုမိုအားကောင်းလာစေမှာ ဖြစ်ပါတယ်။
ခိုချေးတွင် ပါဝင်သော အာဟာရဓာတ်များ
ခိုချေးမှာ ပါဝင်နေတဲ့ အာဟာရဓာတ်တွေဆိုတာဟာ သူတို့စားသုံးလိုက်တဲ့ အစာအမျိုးအစားပေါ်မှာ များစွာမူတည်ပါတယ်။ ခိုများကို မြက်နဲ့ ပဲမျိုးစုံ ကျွေးမယ်ဆိုပါက ခိုချေးမှာ နိုက်ထရိုဂျင် (Nitrogen) ဓာတ် ပိုမိုကြွယ်ဝလာစေမှာ ဖြစ်ပါတယ်။ နှံစားသီးနှံများကို ကျွေးပါက ပိုတက်စီယမ် (Potassium) ဓာတ်များကို တိုးပွားလာစေမှာ ဖြစ်ပါတယ်။
ထို့ပြင် ခိုချေးမှာ အပင်အတွက် လိုအပ်တဲ့ အောက်ပါအာဟာရဓာတ်များလည်း ပါဝင်ပါတယ်
- မဂ္ဂနီဆီယမ် (Magnesium)
- မန်းဂနိစ် (Manganese)
- သံဓာတ် (Iron)
- ကယ်လ်စီယမ် (Calcium)
- မိုလစ်ဒီနမ် (Molybdenum)
- ဆာလဖာ/ကန့် (Sulfur)
- ဘိုရွန် (Boron)

သတိပြုရန်နှင့် သိုလှောင်နည်းလမ်းများ
ခိုချေးကို ကြာရှည်စွာ သိုလှောင်ထားပါက ၎င်းမှာပါဝင်နေတဲ့ နိုက်ထရိုဂျင်ဓာတ်များဟာ တဖြည်းဖြည်းနဲ့ လျော့နည်းသွားမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ခိုချေးများကို လေဟာပြင်မှာ ကြာမြင့်စွာစုပုံထားပါက အာဟာရဓာတ်ဆုံးရှုံးမှု ပိုမိုမြန်ဆန်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် မြေဩဇာရဲ့ အာဟာရဓာတ်များကို မဆုံးရှုံးစေဘဲ ထိန်းသိမ်းနိုင်ရန်အတွက် စနစ်တကျ သိုလှောင်သင့်ပါတယ်။ လုံခြုံစွာ ပိတ်ထားသော အိတ် သို့မဟုတ် ပုံးများဖြင့် သိမ်းဆည်းနိုင်သလို ခြောက်သွေ့သောပုံစံ (သို့မဟုတ်) ရေနဲ့ဖျော်စပ်ထားသော အရည်ပုံစံတို့ဖြင့်လည်း သိုလှောင်သိမ်းဆည်းနိုင်ပါတယ်။
ခိုချေး ဘာကြောင့် အသုံးဝင်တာလဲ
ခိုချေးကို အသုံးပြုခြင်းဟာ အပင်များအတွက် အာဟာရဓာတ်ရရှိရုံသာမက အခြားသော အကျိုးကျေးဇူးများစွာလည်း ရှိပါတယ်။ ခိုချေးကဲ့သို့ သဘာဝမြေဩဇာတွေ မြေကြီးထဲသို့ ရောက်ရှိသွားတဲ့အခါ အပင်အတွက် အကျိုးပြုနိုင်သော အဏုဇီဝပိုးမွှားများ (Microorganisms) ကို ပိုမိုပေါက်ဖွားလာစေပြီး မြေဆီလွှာဖွဲ့စည်းပုံကို ကောင်းမွန်စေသည့် တီကောင်များကိုလည်း ဆွဲဆောင်နိုင်တာ ဖြစ်ပါတယ်။ တီကောင်များဟာ အပင်ကြွင်းအကျန်များကို စားသုံးပြီးတဲ့နောက် အပင်နဲ့ လူသားတွေအတွက် အကျိုးရှိစေတဲ့ ဟူးမိတ် (Humates) ခေါ် အာဟာရဓာတ်များကို ပြန်လည်စွန့်ထုတ်ပေးပါတယ်။ ထိုကဲ့သို့ သဘာဝမြေဩဇာများမှတစ်ဆင့် ရရှိလာတဲ့ ဟူးမစ်အက်ဆစ် (Humic acids) များဟာ ကျွန်ုပ်တို့စားသုံးနေတဲ့ အစားအစာများထဲမှာ ပါဝင်လာပြီး လူသားတွေရဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်းနဲ့ ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များကို သန့်စင်ပေးရာမှာ ကူညီပေးနိုင်တာ ဖြစ်ပါတယ်။
ခိုချေးကို အသုံးပြုခြင်းဖြင့် မိမိတို့စိုက်ခင်းရှိ မြေဆီလွှာရဲ့ တည်ဆောက်ပုံနဲ့ အာဟာရဓာတ်ပါဝင်မှုကို ပိုမိုကောင်းမွန်လာစေနိုင်ပါတယ်။ ခိုချေးမှာ အပင်များ ကြီးထွားရန်အတွက် လိုအပ်တဲ့ ဖော့စဖရပ် (Phosphorus) နဲ့ နိုက်ထရိုဂျင် (Nitrogen) ဓာတ်များ လုံလောက်စွာ ပါဝင်နေပါတယ်။ ပိုတက်စီယမ် (Potash) ဓာတ် ရရှိရန်အတွက် သစ်သားပြာ (Wood ash) ကို ခိုချေးနဲ့အတူ ရောစပ်အသုံးပြုမယ်ဆိုပါက ပိုမိုဘေးကင်းစိတ်ချနိုင်မှာ ဖြစ်ပါတယ်။ ခိုချေးကို အသုံးပြုမယ်ဆိုရင် သေချာဆွေးမြေ့အောင် ပြုလုပ်ပြီးမှ အပင်အတွက် အသုံးပြုသင့်ပါတယ်။ ခိုချေးခြောက်ကို မြေဩဇာအဖြစ် အသုံးပြုဖို့ရာ အကောင်းဆုံးအချိန်ကတော့ အပူချိန်နည်းတဲ့ကာလပဲ ဖြစ်ပါတယ်။ ခိုချေးခြောက်ကို အသုံးပြုမယ်ဆိုပါက သီးနှံမစိုက်ပျိုးမီ အနည်းဆုံး (၃) ပတ်ခန့် ကြိုတင်ပြီး မြေမှာ ထည့်သွင်းပေးထားရပါမယ်။ အကြောင်းကတော့ ခိုချေးရဲ့ သဘာဝအရ ပြင်းအားကောင်းတဲ့ နိုက်ထရိုဂျင်ဓာတ်တွေ ပါဝင်နေတာကြောင့် ၎င်းအာနိသင်များ လျော့နည်းသွားစေရန်နဲ့ မြေဆီလွှာအတွင်း အနည်းလိုအာဟာရဓာတ်များ ပျံ့နှံ့စိမ့်ဝင်သွားစေရန်အတွက် အချိန်လိုအပ်တာကြောင့် ဖြစ်ပါတယ်။
ခိုချေး စုဆောင်းခြင်း၊ သိုလှောင်သိမ်းဆည်းခြင်းနှင့် အသုံးပြုခြင်း
ခိုချေးအသုံးပြုတဲ့အခါ ခိုများမှာ ဖြစ်ပွားတတ်တဲ့ ရောဂါကူးစက်မှုအန္တရာယ် (Psittacosis) ကနေ ကင်းဝေးစေရန်အတွက် စနစ်တကျ ကိုင်တွယ်စုဆောင်းဖို့ လိုအပ်ပါတယ်။ ခိုချေးကို သစ်လွှစာမှုန့်နဲ့ ရောစပ်ပြီး သိမ်းဆည်းနိုင်သလို ခြောက်သွေ့အောင်ပြုလုပ်ပြီး စက္ကူအိတ် သို့မဟုတ် သင့်တော်ရာအိတ်များဖြင့် ထည့်သွင်းသိမ်းဆည်းနိုင်ပါတယ်။ ထို့အပြင် ခိုချေးကို သစ်ဆွေး (Peat)၊ ကောက်ရိုးတို့ဖြင့် တစ်ထပ်စီ အလွှာလိုက်ပုံပြီး ဆွေးမြည့်သွားအောင် ပြုလုပ်ပြီး အသုံးပြုနိုင်သလို မီးရှို့၍ရရှိလာသော ပြာကို အပင်အာဟာရအဖြစ်နဲ့လည်း အသုံးပြုလို့ရပါတယ်။ နိုင်ငံအတော်များများမှာတော့ ခိုချေးတွေကို အခြောက်ခံပြီးနောက် အမှုန့်ကြိတ်ပြီး အသုံးပြုကြပါတယ်။ ထိုသို့ အမှုန့်ကြိတ်ထားသော ခိုချေးကို အသုံးပြုရာမှာ ခိုချေး (၁) ဆ လျှင် ရေ (၁၀ - ၂၀) ဆ အချိုးဖြင့် ဖျော်စပ်ပြီး အသုံးပြုနိုင်ပါတယ်။
ခိုချေးကို မြေဩဇာအဖြစ် အပင်ခြေတွင်ကျွေးခြင်း (Top dressing) ကို ဥစားသီးနှံများနဲ့ သစ်သီးပင်များမှာ အများဆုံး အသုံးပြုကြပါတယ်။ သစ်သီးပင်တွေမှာဆိုရင် အပင်ငယ်များအတွက် တစ်နှစ်လျှင် (၄) ကီလိုဂရမ် ခန့်၊ အပင်ကြီးတွေအတွက် တစ်ရာသီလျှင် (၁၅) ကီလိုဂရမ် ခန့်အသုံးပြုနိုင်ပါတယ်။ ပင်စည်ဘေးပတ်လည်မှာ ခိုချေးများကို ညီညာစွာ ဖြန့်ခင်းပေးပြီးနောက် အပေါ်မှ မြေကြီး (၁၀) စင်တီမီတာ (၄ လက်မခန့်) အထူဖြင့် ပြန်လည်ဖုံးအုပ်ပေးရပါမယ်။ မြေစေး (Clay soil) မှာ ခိုချေးခြောက်ကို သုံးမယ်ဆိုရင် ဦးစွာ မြေကြီးထဲသို့ သဲ (Sand) အနည်းငယ် ရောစပ်ပေးခြင်းဖြင့် မြေသားကို ပွလာအောင် ပြုလုပ်ပြီးမှသာ အသုံးပြုသင့်ပါတယ်။ ထိုသို့ပြုလုပ်ပေးခြင်းဖြင့် မြေဆီလွှာရဲ့ တည်ဆောက်ပုံကို ပိုမိုကောင်းမွန်စေပြီး အာဟာရဓာတ်များကို အပင်က ပိုမိုစုပ်ယူနိုင်စေမှာ ဖြစ်ပါတယ်။
ခိုချေးကို အခြောက်အတိုင်း အသုံးပြုခြင်းထက် အရည်ဖျော်ပြီး အသုံးပြုတာကလည်း ထိရောက်မှုရှိပါတယ်။ အဆိုပါနည်းလမ်းဟာ အပင်အတွက် အာနိသင် ပိုမိုမြန်ဆန်စေသော်လည်း အပင်ကို ထိခိုက်မှုမရှိစေရန်အတွက် စနစ်တကျ အချိုးကျဖျော်စပ်ရန် အလွန်အရေးကြီးပါတယ်။ ပထမဦးစွာ သင့်တော်သော ပုံး သို့မဟုတ် ခွက်တစ်ခုအတွင်း ခိုချေးခြောက် (၁) ဆ လျှင် ရေ (၁၀ - ၂၀) ဆ နှုန်းဖြင့် ထည့်သွင်းပါ။ ပိုမိုထိရောက်စေဖို့အတွက် သစ်သားပြာ ထမင်စားဇွန်း (၂) ဇွန်း နဲ့ စူပါဖော့စဖိတ် (Superphosphate) (၁) ဇွန်း တို့ကိုလည်း ရောစပ်အသုံးပြုနိုင်ပါတယ်။ ပြီးပါက ၎င်းအရည်ကို (၂) ပတ်ခန့် ထားရှိရပါမယ်။ ထိုအတောအတွင်း အနည်များ သမသွားစေရန် ခပ်သွက်သွက် ရံဖန်ရံခါ မွှေပေးရပါမယ်။ သတိပြုရမဲ့အချက်ကတော့ အောက်ခြေမှာ ကျန်ရစ်နေတဲ့ အနည်များကို အသုံးမပြုရဘဲ အပေါ်ယံအရည်ကြည်ကိုသာ အသုံးပြုရမှာ ဖြစ်ပါတယ်။ ခိုချေးအရည်ကို (၂) ပတ်လျှင် တစ်ကြိမ် နှုန်းဖြင့် အသုံးပြုနိုင်ပါတယ်။ ၎င်းဟာ အာနိသင်ပြင်းတာကြောင့် အပင်ပေါ်ကို တိုက်ရိုက်ပက်ဖျန်းတာမျိုး မပြုလုပ်သင့်ပါဘူး။ နေပူရှိန်ပြင်းတဲ့ အချိန်မှာ မကျွေးသင့်ပဲ ညနေခင်း နေအေးချိန်မှာ ကျွေးတာကတော့ အကောင်းဆုံး ဖြစ်ပါတယ်။ နောက်ထပ်အရေးကြီးတဲ့ အချက်တစ်ခုကတော့ အပင်ခြေမှာ ခိုချေးရည် လောင်းပေးပြီးတာနဲ့ အပင်ကို ရေများများ ပြန်လောင်းပေးရမှာ ဖြစ်ပါတယ်။ သို့မှသာ အာဟာရဓာတ်များ မြေကြီးထဲသို့ စိမ့်ဝင်သွားပြီး အပင်လောင်ခြင်းကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
သတိပြုရန်အချက်များ
ခိုချေးဟာ အပင်များအတွက် အာနိသင်ကောင်းမွန်တဲ့ သဘာဝမြေဩဇာဖြစ်တာ မှန်ပေမဲ့လည်း အသုံးပြုတဲ့အခါ အောက်ပါအချက်များကို ဂရုစိုက်ရပါမယ်။
သတ်မှတ်ထားသော အချိုးအစားထက် ကျော်လွန်ပြီးအလွန်အကျွံ အသုံးပြုမိပါက အပင်များဟာ အရွက်နဲ့ အကိုင်းအခက်များသာ အဆမတန် ကြီးထွားလာနိုင်ပြီး အပွင့်မပွင့်၊ အသီးမသီးတာမျိုး ဖြစ်ပေါ်တတ်ပါတယ်။
နိုက်ထရိုဂျင် (Nitrogen) ဓာတ် အလွန်အမင်း များပြားသွားပါက အပင်လောင်ပြီး သေဆုံးသွားသည်အထိ ဖြစ်နိုင်ပါတယ်
အသုံးပြုမဲ့ခိုချေးဟာ ရောဂါပိုးကင်းစင်ရန် အရေးကြီးတာကြောင့် မည်သည့်နေရာကနေ စုဆောင်းရရှိထားတယ်ဆိုတာကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်
Reference:
https://gardentime-en.decorexpro.com/sad-i-ogorod/udobrenie/golubinyy-pomet-kak-udobrenie-kak-primenyat-otzyv.html
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။