အပင်တွေအချင်းချင်း ဘယ်လိုစကားပြောကြတာလဲ?

16/07/2020 15:00 PM တွင် ထွန်းရာဇာ ထွန်းရာဇာ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မင်္ဂလာပါ ဦးကြီးတို့ 

    ကျွန်တော်တို့ မြန်မာတွေအယူအဆမှာတော့ အပင်နဲ့ဆိုင်တဲ့ဒဏ္ဍာရီတွေ အများကြီးပါ။ သိပ္ပံဘက်ကချဉ်းကပ်ကြည့်မယ်ဆို လေ့လာစရာတစ်ခု ဖြစ်လာမှာပါ။ ဒါတွေထဲကမှ အပင်တွေစကားပြောတဲ့အကြောင်းကို လေ့လာကြည့်ရအောင်ပါ။

    ကိုယ့်စိုက်ခင်းထဲက အပင်လေးတွေကိုကြည့်ပြီး စကားပြောဖူးကြလား။ သူတို့ကရော ကျွန်တော်တို့ပြောတဲ့စကားကို နားထောင်နေတယ်လို့ ခံစာရတာမျိုး ကြုံဖူးကြလား။ အပင်ကို ရူးရူးမူးမူးချစ်တဲ့ ဥယျာဥ်မှူးတွေကတော့ ခုလိုမျိုးတွေ လုပ်ဖူးကြမှာပါ။

အပင်တွေက တကယ်ပဲ  စကားပြောနိုင်ကြတာလား?

    အပင်တွေမှာ တကယ့်ကို အံ့သြသင့်စရာကောင်းတဲ့ ရှင်သန်နိုင်စွမ်းတွေနဲ့ အလိုက်သင့်ပြောင်းလဲနိုင်စွမ်းတွေ ရှိကြပါတယ်။ အပင်တွေက အလင်းရောင်ရှိမှ ရှင်သန်နိုင်တယ်ဆိုပေမယ့် တစ်ချို့အပင်တွေက ခပ်မှောင်မှောင်နေရာတွေမှာ အချိန်တော်တော်ကြာ ရှင်သန်နိုင်ပါတယ်။ တစ်ချို့ကတော့ အဆိပ်ဟော်မုန်းတွေမရှိပါပဲ တခြားအပင်တွေကို သူ့ဘေးနားကနေ ဖယ်ရှားသွားအောင် လုပ်နိုင်ကြပါတယ်။ ဒီတော့ အပင်တွေအချင်းချင်း ဘယ်လိုနည်းနဲ့ ပြောဆိုဆက်ဆံနေကြသလဲဆိုတာ စဉ်းစားစရာဖြစ်သွားပါပြီ။ "ဟိတ်ကောင် မင်း ငါနဲ့ဝေးဝေးမှာနေ " ဒီလိုပြောပြီးဖယ်ခိုင်းတယ်ဆိုရင် ဘယ်နေရာကနေ စကားပြောနေကြတာပါလဲ??

    အပင်မှာပါတဲ့ တစ်ချို့ အော်ဂဲနစ်ကွန်ပေါင်းတွေ၊ အမြစ်တွေ ဒီလိုအရာတွေက သူတို့အချင်းချင်း အဆက်အသွယ်ရအောင် လုပ်ပေးကြပါတယ်တဲ့ဗျာ။ ဦးကြီးတို့သိပြီးသားဖြစ်ကြတဲ့ အောက်ဇင်လို ဟော်မုန်းတွေလည်း ပါပါတယ်။ အနက်ရောင်သစ်ချပင်မှာပါတဲ့ Juglone လို့ခေါ်တဲ့ အဆိပ်ဟော်မုန်းတစ်မျိုးက တခြားအပင်တွေကို သူနားကိုစုပြုံမလာဖို့ပြောပါတယ်တဲ့။ ကျွန်တော်တို့ လူသားတွေ ခုမှကျင့်သုံးကြတဲ့( social distancing) ခပ်ခွာခွာနေပါဆိုတဲ့ သဘောတရားကို အပင်တွေရဲ့သဘာဝမှာ ဒီလိုဟော်မုန်းတွေနဲ့ အချင်းချင်းပြောထားကြပြီးသားပါတဲ့ဗျာ။ ဟော်မုန်းတစ်ခုကို ထုတ်လွှတ်နေပြီး အနားကပ်မလာဖို့ ပြောနေကြပါတယ်တဲ့ဗျာ။ Sagebrush plant လို့ခေါ်တဲ့ အမွှေးနံ့ရှိတဲ့ ခြုံပုတ်ပင်တစ်မျိုးမှာ သူ့အရွက်ပျက်စီးသွားတဲ့အခါမှာ ပရုတ်အနံထုတ်လွှတ်ပါတယ်။ တစ်ပင်ကထိခိုက်ခံရပြီလို့ ဒီအနံ့နဲ့သိစေပြီး တခြားကောင်းတဲ့အပင်တွေကပါ ပရုတ်နံထုတ်ကြပါတယ်။ ဒီလက္ခဏာကတော့ မျိုးစိတ်တစ်ခုအတွင်းမှာ သူတို့အချင်းချင်း ဆက်သွယ်ကြတဲ့ပုံစံပဲဖြစ်ပါတယ်တဲ့ဗျာ။

အချင်းချင်းရော ဘယ်လို စကားပြောကြလား

     အပင်တွေက သူတို့အမြစ်တွေနဲ့  အချင်းချင်းစကားပြောကြတယ်လို့ သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ သူတို့က သတင်းအချက်အလက်တွေမျှဝေဖို့ မြေအောက်မှာ မှိုတွေရဲ့အကူအညီနဲ့ ကွန်ရက်ကြီးတစ်ခု ဖန်တီးထားကြပါတယ်တဲ့။ ကျွန်တော်တို့သုံးနေတဲ့ အင်တာနက်ကွန်ရက်ကြီးလိုပေါ့။ ဒီမြေအောက်မှိုလေးတွေက အပင်ရဲ့အခြေအနေအရပ်ရပ်ကို မျှဝေကြပြီး အဟာရတွေကိုလည်း အနီးနားကအပင်တွေဆီ ပို့ဆောင်မျှဝေတာတွေလုပ်ပါတယ်တဲ့။ အင်းဆက်တွေ အစုလိုက်အပြုံလိုက်ကျတော့မယ်ဆိုရင်တောင်မှ ဒီကွန်ရက်ကြီးကနေ အချင်းချင်း အသိပေးကြပါတယ်တဲ့။ ကဲ….ချစ်စရာမကောင်းဘူးလား။ (ဒါကြောင့် မြေထဲမှာ မှိုလေးတွေနေနိုင်အောင်လုပ်ဖို့ ပြောနေကြတာပါ)

    ဒီလိုသတိပေးချက်မျိုးကို အနီးနားကအပင်တွေက သိလိုက်ပြီဆိုတာနဲ့ အင်းဆက်တွေမကြိုက်တဲ့ ဓာတုပစ္စည်းတစ်မျိုးကို အပင်တွေက ထုတ်လွှတ်ပါတော့တယ်။ မကြာသေးခင်က လေ့လာတွေ့ရှိမှုတွေအရ အပင်တွေက သတင်းအချက်အလက်တွေမျှဝေတဲ့အခါ လျှပ်စီးကြောင်းတစ်ခုကို ဖြတ်သန်းသွားရတယ်လို့ ပြောပါတယ်။ အပင်တွေစကားပြောကြတဲ့အကြောင်း လေ့လာမှုက ခရီးရှည်ကြီးတစ်ခုပါ။ ဒါပေမယ့် ကွင်းထဲမှာကတော့ အပင်တွေက ဒီလိုဆက်သွယ်နေခဲ့ကြပြီးဖြစ်ပါတယ်။ လူသားတွေက ဒါကို လေ့လာနေကြတုန်းပါ။

ထွန်းရာဇာ

 Ref;https://www.gardeningknowhow.com/garden-how-to/info/can-plants-talk-to-each-other.htm

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်