“တောင်သူတွေအတွက် သီးနှံအထွက်ကောင်းပြီး လက်ဖက်ထက်စျေးနှုန်းပိုရတဲ့ သီးနှံမျိုးစိုက်ရရင် ကျွန်တော်တို့ ဘိန်းမစိုက်ဘူးလို့ အာမခံပါတယ်”

08/12/2017 22:29 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဘိန်းစိုက်တောင်သူတစ်ဦးနှင့်တွေ့ဆုံခြင်း
--------------
ရေးသားသူ- မောင်တာ

မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှုသည် ၂၀၀၆ ခုနှစ်မှစ၍ ပြန်လည်မြင့်တက်လာခဲ့ပြီး ၂၀၁၃ ခုနှစ်သည် ဆယ်စုနှစ်တစ်စုအတွင်း ဘိန်းစိုက်ပျိုးမှုစံချိန်တင်ခဲ့သည်ဟု ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး(UNODC)၏၂၀၁၃ စစ်တမ်းတွင် ဖော်ပြထားသည်။

၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံတွင် ဘိန်း ၅၇၈၀၀၀ ဟက်တာ စိုက်ပျိုးခဲ့ပြီး ဘိန်း ၈၇၀ တန် ထုတ်လုပ်ခဲ့သည်ဟု စစ်တမ်းကဆိုသည်။ ၎င်းမှာ ပြီးခဲ့သည့်နှစ်ထက် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ၂၆ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်သည်။ မြန်မာအစိုးရအနေဖြင့် လာမည့် ၂၀၁၉ ခုနှစ်တွင် နိုင်ငံတွင်း ဘိန်းစိုက်ပျိုးမှု အလုံးစုံပပျောက်ရေး စီမံချက်ချဆောင်ရွက်လျက်ရှိပြီး လက်ရှိအချိန်တွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုလျှော့ချနိုင်ရေး ဘိန်းစိုက်ခင်းများအား ရှာဖွေဖျက်ဆီးလျက်ရှိသည်။

ဘိန်းစိုက်ပျိုးမှု၏ ၉၂ ရာခိုင်နှုန်းကို ရှမ်းပြည်နယ်အတွင်း စိုက်ပျိုးနေခြင်းဖြစ်သည်။ တောင်သူများအနေဖြင့် မည်သည့်အတွက်ကြောင့် ဘိန်းစိုက်ပျိုးသည်၊ အစိုးရက ဘိန်းစိုက်ပျိုးမှုပပျောက်ရေး ဆောင်ရွက်နေမှုများနှင့် ဘိန်းစိုက်ပျိုးမှုပပျောက်ရန် မည်သို့လုပ်ဆောင်ပေးရန်လိုအပ်မည် စသည့်အကြောင်းအရာများ သိရှိနိုင်ရန် ရှမ်းပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးမှုအများဆုံးမြို့နယ်များထဲတွင် ပါဝင်သည့် ပင်လောင်းမြို့နယ်မှ ဘိန်းစိုက်ပျိုးတောင်သူတစ်ဦးဖြစ်သော ကိုခွန်လှနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

ကိုခွန်လှမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ထီပေါင်းကျေးရွာအုပ်စု၊ ထာဠိကျေးရွာဇာတိ ဖြစ်သည်။

မေး- ဒီဒေသမှာ ဘိန်းမစိုက်ခင် ဘာသီးနှံတွေစိုက်ပျိုးပါသလဲ။
ဖြေ- လက်ဖက်၊ လိမ္မော်၊ ထောပတ် စတဲ့သီးနှံမျိုးစုံစိုက်တယ်။ အာလူး၊ ပန်းဂေါ်ဖီတွေလည်း စိုက်တယ်။

မေး- အဲဒီလိုသီးနှံတွေ စိုက်ပျိုးရေးလုပ်နေတာကနေ ဘာကြောင့် ဘိန်းကိုပြောင်းစိုက်တာလဲ။
ဖြေ- ဘိန်းစိုက်မယ်ဆိုရင် ပိုက်ဆံနည်းနည်းပိုရတယ်။ စားဝတ်နေရေးအဆင်ပြေအောင်လို့ စိုက်ကြတာပါ။

မေး- ဘိန်းပြောင်းလဲစိုက်ပျိုးတာ ဘယ်နှနှစ်ရှိပြီလဲ။
ဖြေ- ဘိန်းပြောင်းစိုက်တာ နှစ်နည်းနည်းကြာသွားပြီ။ ကျွန်တော်တို့ ဟိုးလွန်ခဲ့တဲ့ဆယ့်လေးငါးနှစ်လောက်ကတည်းက စိုက်ခဲ့တာ။

မေး- အစ်ကို့အနေနဲ့ရော ဘယ်နှဧကစိုက်ထားလဲ။
ဖြေ- ဒီနှစ်ဆိုရင် စိုက်တဲ့ဧကနည်းတယ်။ ပြီးခဲ့တဲ့နှစ်ကထက် သုံးပုံတစ်ပုံလောက် လျှော့လျှော့ပြီးတော့ စိုက်တယ်။ ဒီနှစ်ဆိုရင် ကျွန်တော်တို့အုပ်စုမှာ ဧကတစ်ထောင်လောက်စိုက်တယ်။ ဖျက်တယ်ဆိုရင် အောက်တိုဘာ၊ နိုဝင်ဘာနဲ့ ဒီဇင်ဘာမှာ ဧက ၇၀၀ လောက် ဖျက်တယ်။

မေး- အစ်ကိုတစ်ယောက်တည်းအနေနဲ့ဆိုရင်ရော ဘယ်နှဧကစိုက်သလဲ။
ဖြေ- ကျွန်တော်တို့ တောင်သူအနေနဲ့က တစ်ဦးကို အများဆုံးမှ တစ်ဧက၊ နှစ်ဧကပဲ စိုက်နိုင်တယ်။ ဘာလို့လည်းဆိုတော့ မြေသြဇာဖိုးနဲ့ မြေသြဇာမထည့်နိုင်လို့၊ မြေမရှိလို့ များများစိုက်ဖို့မလွယ်ဘူး။ တစ်ဧက၊ နှစ်ဧကပဲ စိုက်နိုင်တယ်။

မေး- ဘိန်းကို ဘယ်လိုနေရာတွေမှာ စိုက်သလဲ။
ဖြေ- သူတို့က မြေပြန့်မှ စိုက်လို့ရတယ်လေ။ မြေသားကောင်းပြီး အစိုဓာတ်ရှိမှရတယ်။ ကျောက်ကြားတွေထဲဆိုရင် စိုက်လို့သိပ်အဆင်မပြေဘူး။

မေး- ဘိန်းစိုက်ရာသီတစ်ခုမှာ တစ်ဧကစိုက်ရင် ဘိန်းဘယ်နှပိဿာလောက်ထွက်လဲ။
ဖြေ- အဓိကတော့ မြေကောင်းဖို့ပဲဗျ။ မြေကောင်းရင် ပိုရတယ်။ မြေမကောင်းဘူးဆိုရင်တော့ ဘိန်းနည်းနည်းပဲရတယ်။ မြေကောင်းရင် တစ်ဧကနှစ်ပိဿာလောက်ရတယ်။ မြေမကောင်းရင်တော့ တစ်ဧကတစ်ပိဿာပဲရတယ်။

မေး- ဒီဒေသမှာ ဘိန်းစိမ်းတစ်ပိဿာကို လက်ရှိပေါက်စျေး ဘယ်လောက်ရှိလဲဗျ။
ဖြေ- အခုလောလောဆယ် တစ်ပိဿာကို လေးသိန်းလောက်တော့ရတယ်။

မေး- စိုက်ပျိုးပြီးတော့ ထွက်လာတဲ့ဘိန်းတွေကို ဘယ်လိုရောင်းလဲ။
ဖြေ- သူတို့က တောထဲမှာချိန်းပြီးတော့ ရောင်းတယ်လို့ပဲသိတယ်။ သူတို့က တောကနေမှ ချိန်းပြီးတော့ အရောင်းအဝယ်လုပ်ကြတာ။ အခြားတောကနေ လာဝယ်ကြတာပါ။ ဒီဒေသမှာတော့ အဝယ်သမားမရှိဘူး။

မေး- ဘိန်းစိုက်တဲ့ တောင်သူတွေမှာ ဘိန်းကိုပြန်ပြီး သုံးစွဲတဲ့သူတွေရှိလား။
ဖြေ- တချို့လူလည်း သုံးစွဲတဲ့သူရှိတယ်။ တချို့လည်းမရှိဘူး။ သုံးစွဲတဲ့သူတွေ အဖမ်းခံရတာများတယ်။ အဖမ်းခံရတာမျိုးရှိတယ်။

မေး- ဘိန်းစိုက်ခင်းတွေ ဖျက်တာကရော ရဲတပ်ဖွဲ့အနေနဲ့ပဲ ဖျက်တာလား။ တခြား PNO တို့လို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက လာဖျက်တာမျိုးရောရှိလား။
ဖြေ- ပူးပေါင်းအဖွဲ့တွေက လာဖျက်တာတော့ရှိတယ်။ ခုလောလောဆယ်ဆိုရင် ၁၅ ကြိမ်လောက် လာဖျက်တာရှိတယ်။

မေး- ဘိန်းစိုက်ခင်းတွေကို ရဲတပ်ဖွဲ့တွေက လာရောက်ဖျက်ဆီးတဲ့အခါ တောင်သူတစ်ယောက်အနေနဲ့ ဘယ်လိုခံစားရလဲ။
ဖြေ- နှမြောတာပေါ့။ မိသားစုအနေနဲ့လည်း စီးပွားရေးသိပ်အဆင်မပြေဘူး။ တခြားသီးနှံတွေကလည်း စျေးနှုန်းမကောင်းဘူးဆိုတော့ နည်းနည်းတော့ နှမြောတာပေါ့။ အဲဒီလို ခံစားရတာပေါ့။ ကျွန်တော်တို့ တောင်သူအနေနဲ့ဆို ဘိန်းစိုက်တယ်ဆိုရင် ပိုက်ဆံနည်းနည်းပိုရတယ်။ ပိုက်ဆံပိုရရင် စားဝတ်နေရေး ပိုပြီးအဆင်ပြေတာပေါ့။ ခုလိုမျိုး ဖျက်ဆီးတယ်ဆိုရင် နှမြောတော့နှမြောတာပေါ့။ ဒါပေမဲ့ ဥပဒေနဲ့မလွတ်ကင်းတာဆိုတာ ဂရုမစိုက်လို့မရဘူးပေါ့။

မေး- ဘိန်းစိုက်တာနဲ့ပတ်သက်လို့ လက်နက်ကိုင်အဖွဲ့တွေကို အခွန်ပေးရတယ်ဆိုတာ ဟုတ်လား။
ဖြေ- အဲဒါကတော့ အတိအကျမဟုတ်ဘူးဗျ။ အဲဒါဟာဆိုရင် ကောလာဟလလိုပဲပေါ့။

မေး- ဒီဒေသ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုတော့ ခုလိုမျိုး ဘိန်းစိုက်တဲ့အခါ သူတို့ကို အခွန်ဆောင်ရတာတို့၊ ပေးရတာတို့ရှိလား။
ဖြေ- အဲလိုမျိုးပေးရတာမရှိဘူးဗျ။ မရှိဘူး။ ဒါပေမဲ့ သူတို့လာပြီး ဟောပြောတာတော့ရှိတယ်။ မစိုက်နဲ့ မစိုက်နဲ့ဆိုပြီး ဌာနဆိုင်ရာတွေရော ပူးပေါင်းအဖွဲ့က လာဟောပြောတာတော့ ရှိတယ်။ ကျွန်တော်တို့တောင်သူတွေကလည်း လမ်းပန်းဆက်သွယ်ရေးမကောင်းလို့၊ စားဝတ်နေရေးမလောက်လို့ စိုက်နေတာ။

မေး- ဘိန်းစိုက်တောင်သူတွေအနေနဲ့ ဘိန်းသီးနှံတစ်မျိုးတည်း စိုက်ပျိုးပြီး မိသားစုစားဝတ်နေရေး ရပ်တည်လို့ရလား။ မိသားစုစားဝတ်နေရေးအတွက် ဘိန်းစိုက်ပျိုးမှုအပေါ် ဘယ်လောက်အထိ မှီခိုနေရလဲ။
ဖြေ- ဘိန်းစိုက်ပျိုးလို့ ရလာတဲ့ဝင်ငွေ သုံးလ၊ လေးလလောက် မှီခိုလို့ရတယ်။ ဘာလို့လည်းဆိုတော့ မြေသြဇာဖိုးတွေ၊ လုပ်အားခတွေ ပြန်နုတ်လိုက်ရင် အမြတ်သိပ်မကျန်ဘူး။ သုံးပုံတစ်ပုံလောက်ပဲ အမြတ်ကျန်တယ်။

မေး- အဲဒီလို သုံးလလောက်ပဲ အဆင်ပြေတယ်ဆိုတော့ ကျန်တဲ့အချိန်တွေဆိုရင် ဘာလုပ်ငန်းတွေလုပ်ကြလဲ။
ဖြေ- နွေဘက်ဆိုရင် လက်ဖက်လုပ်ငန်းစလုပ်ကြတယ်။ တောင်သူသီးနှံတွေပဲ ပြန်လုပ်ကြတာပေါ့။ အဓိကတော့ လက်ဖက်ပေါ့။ လက်ဖက်က ဒီတစ်လ၊ နှစ်လောက်ပဲ ပြတ်တယ်။ တန်ခူးလဆိုရင် ပြန်နုလာတယ်။ ဒီဘိန်းပြီးရင်တော့ လက်ဖက်နဲ့ပဲ ပြန်လည်လုပ်ကိုင်ရတယ်။

မေး- ဒီဒေသမှာရှိတဲ့ ဘိန်းစိုက်တောင်သူတွေ ဘိန်းစိုက်စရာမလိုဘဲနဲ့ စားဝတ်နေရေးပြေလည်ဖို့ အစိုးရအပါအဝင် ကုလသမဂ္ဂ၊ အင်န်ဂျီအိုတွေ၊ အိုင်အင်န်ဂျီတွေ စသဖြင့်ပေါ့လေ။ အဖွဲ့အစည်းတွေက ထောက်ပံ့ပေးတာမျိုးရှိလား။
ဖြေ- ထောက်ပံ့ပေးတာမရှိဘူး။ ခုလက်ရှိတော့ ထောက်ပံ့ပေးတာ ဘာမှမရှိသေးဘူး။ လာမယ်လို့တော့ ကြားတယ်။ ထောက်ပံ့စရိတ်တွေ လာပေးမယ်လို့တော့ ကြားတယ်။ ခုတော့ မလာသေးဘူး။

မေး- အခုလို ဘိန်းခင်းတွေတော့ လာဖျက်သွားတယ်။ အစားထိုးသီးနှံစိုက်ပျိုးပေးတာတို့၊ ကူညီထောက်ပံ့တာတို့ မရှိဘူးဆိုတော့ အစ်ကိုတို့အတွက် စားဝတ်နေရေးကို ဘယ်လိုဖြေရှင်းသလဲ။
ဖြေ- ဘိန်းအစားထိုးသီးနှံမရှိတော့ လက်ဖက်လောက်ပဲရတယ်။ လက်ဖက်နဲ့ဆိုတော့ စားဝတ်နေရေး နည်းနည်းပဲအဆင်ပြေပြီး နည်းနည်းတော့ ခက်ခဲတာပေါ့။ အစားထိုးဆိုရင် ဒီတောင်ပေါ်မှာဆိုရင် သီးနှံဆိုလည်း အကုန်ထွက်လို့ရတယ်။ ဘိန်းမရှိလည်း သီးနှံရှိတော့ စားဝတ်နေရေး နည်းနည်းတော့ ခက်ခဲတယ်။ အားလုံးတော့ မခက်ခဲဘူးပေါ့။

မေး- ဘိန်းစိုက်တောင်သူတစ်ယောက်အနေနဲ့ သူ့ရဲ့ဘိန်းစိုက်ပျိုးမှုတွေကို စွန့်လွှတ်ဖို့ဆိုရင် ဘယ်လိုအခြေအနေမျိုးတွေ လိုအပ်မလဲ။
ဖြေ- ဘယ်လိုအခြေအနေမျိုး လိုအပ်မလဲဆိုရင် ထောက်ပံ့စရိတ်လေးတစ်ခုရတာနဲ့ ဒေသတောင်ပေါ်သီးနှံတွေ စျေးနှုန်းကောင်းရတယ်ဆိုရင် ဘိန်းစိုက်တာ စွန့်လွှတ်ဖို့ သေချာပါတယ်။

မေး- ဘိန်းမစိုက်ဘဲနဲ့ စားဝတ်နေရေး အဆင်ပြေဖို့အတွက်ဆိုရင် အစိုးရအနေနဲ့ ဒေသခံတောင်သူတွေကို ဘာတွေကူညီပေးဖို့လိုမလဲ။
ဖြေ- တကယ်အကူအညီပေးမယ်ဆိုရင် လမ်းပန်းဆက်သွယ်ရေး ကောင်းအောင်လုပ်ပေးဖို့လိုပါတယ်။ ကျွန်တော်တို့ တောင်သူအတွက် သီးနှံအထွက်ကောင်းပြီး လက်ဖက်ထက် စျေးနှုန်းပိုရတဲ့ သီးနှံမျိုးစိုက်ရရင် ကျွန်တော်တို့ ဘိန်းမစိုက်ဘူးလို့ အာမခံပါတယ်။

မေး- ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာဆိုရင် ဒီအစ်ကိုတို့ ဒေသတွေပေါ့လေ။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာဆိုရင် ဘိန်းစိုက်ပျိုးခွင့်ရမှ မဲပေးမယ်ဆိုပြီး တောင်သူတွေက ပြန်လည်တောင်းဆိုတာမျိုးရှိတယ်လို့ PNO က ပြောပြလို့သိထားရပါတယ်။ အဲဒီတော့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာရော အစ်ကိုတို့တောင်သူတွေက ဘိန်းစိုက်ခွင့်ရမှ မဲပေးမယ်ဆိုတာမျိုး တောင်းဆိုကြဦးမလား။
ဖြေ- အဲလိုမျိုးတော့မရှိပါဘူး။ ဒါပေမဲ့ သူတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကာလအတွင်းမှာ ဘိန်းစိုက်ပျိုးမှုပပျောက်အောင် လုပ်မယ်လို့ တော့ ရွေးကောက်ပွဲလုပ်တဲ့အချိန်တုန်းက ပြောထားတယ်။

မေး- ဘိန်းလုံးဝမစိုက်တော့ဘူးဆိုရင် နောက်ဆုံးဘာတွေစိုက်ဖြစ်မလဲ။
ဖြေ- တောင်သူတွေအနေနဲ့တော့ တခြားပြောင်းလဲစိုက်ပျိုးစရာက အာလူးတို့၊ ပန်းဂေါ်ဖီတို့၊ ပဲတို့၊ ပြောင်းတို့ပဲ စိုက်စရာရှိတယ်။ ဘိန်းအစား အဲဒီသီးနှံတွေပဲ ပြောင်းလဲစိုက်ကြမှာပါ။

မေး- အဲဒါတွေစိုက်ဖို့ ဘာတွေအခက်အခဲရှိသလဲ။
ဖြေ- အဲဒါတွေကို စိုက်မယ်ဆိုရင် ဝင်ငွေနည်းနည်းပဲရမယ်။ ဝင်ငွေနည်းရင် မိသားစုစားဝတ်နေရေး ခက်ခဲမယ်ပေါ့။ သူတို့မိသားစုတွေအတွက် ပညာရေး၊ ကျန်းမာရေးကို မထောက်ပံ့ပေးနိုင်ဘူးဆိုရင်တော့ ဆင်းရဲမှာပေါ့။

အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ဓာတ္ပုံ- ေမာင္တာ

 

REF : 7Day News Journal

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်