ရေလွှမ်းခံ စိုက်ပျိုးမြေများ၏ ပြသနာများနှင့် ပြန်လည်ပြုပြင်မွမ်းမံဆောင်ရွက်ရေးအတွက် ဖြစ်နိုင်ချေများ

19/01/2018 11:25 AM တွင် HanPhyoAung HanPhyoAung မှ ရေးသား

လူတွေရဲ့ သဘာဝပတ်ဝန်းကျင်ကြီးအပေါ် အရောင်ဆိုးမှုတွေကြောင့် ကမ္ဘာကြီးဟာ ရာသီဥတုဖောက်ပြန်မှုတွေ ကြုံတွေ့လာနေရပါပြီ။ ရာသီဥတုဖောက်ပြန်မှု သဘာဝဘေးအန္တရာယ်တွေထဲက တစ်ခုဖြစ်တဲ့ ရေကြီးခြင်းပြသနာဟာ ၂၁ ရာစုမှာ နိုင်ငံတော်တော်များကြုံတွေ့လာရတဲ့ ပြသနာ တစ်ခုဖြစ်ပါတယ်။

ရေကြီးရေလွှမ်းမိုးမှုကြောင့် ထိခိုက်ဆုံးရှုံးပျက်စီးရတဲ့အထဲမှာ စိုက်ပျိုးမြေတွေ ထိခိုက်ပျက်စီးမှုဟာလည်း နောက်ဆက်တွဲ ရင်ဆိုင်ဖြေရှင်းရမယ့် ပြသနာတစ်ခု ဖြစ်နေပါတယ်။ ရေကျသွားပြီးနောက် စိုက်ပျိုးမြေတွေကို အချိန်မီ ပြန်လည်စိုက်ပျိုးနိုင်အောင် ပြုပြင်မွမ်းမံ့ဆောင်ရွက်ဖို့ဟာ စိုက်ပျိုးရေးကို အခြေပြုနေရတဲ့ ကျနော်တို့ တိုင်းပြည်အတွက် အလေးထားဆောင်ရွက်သင့်တဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေထဲက တစ်ခုလို့ ဆိုနိုင်ပါတယ်။

ရေကြီးမှုကြောင့် ရေလွှမ်းမိုးခံရတဲ့ စိုက်ပျိုးမြေတွေနဲ့ ပတ်သက်လို့ ပျက်စီးဆုံးရှုံးမှု ဘာတွေဖြစ်နိုင်လဲ၊ ဖြစ်နိုင်ခြေရှိတဲ့ ပြန်လည်ပြုပြင်ရေးလုပ်ငန်းစဉ်တွေက ဘာတွေလဲဆိုတာ စာပေတွေက တစ်ဆင့်ရရှိတဲ့ အသိပေါ်မူတည်ပြီး သုံးသပ်ကြည့်ပါ့မယ်။

ရေကျသွားပြီးနောက် ပျက်စီးမြေများကို ပြန်လည်ပြုပြင်မွမ်းမံဆောင်ရွက်ရေးနဲ့ပတ်သက်လို့ ရေတိုက်စားခံရတဲ့ နေရာများနဲ့ အနည်အနှစ်ပို့ချတင်ကျန်ခဲ့တဲ့နေရာများ ဆိုပြီး အခြေအနေ(၂) မျိုးဖြစ်နိုင်ပါတယ်။

ပထမကတော့ ရေကြီးရေလွှမ်းမိုးခံရမှုကြောင့် မြေဆီလွှာရဲ့ ရုပ်ဂုဏ်သတ္တိ၊ ဓာတ်ဂုဏ်သတ္တိ၊ ဇီဝဂုဏ်သတ္တိများ ပြောင်းလဲမှုများစွာဖြစ်ပါတယ်။ ရေတိုက်စားမှုနဲ့အတူ စိုက်ပျိုးမြေအတွက် သင့်တော်သော အပေါ်ယံမြေဆီလွှာများ ပျက်စီးပြုန်းတီးမှုတွေ ဖြစ်ကျန်ခဲ့ပါမယ်။ အကျိုးပြု အဏုဇီဝသက်ရှိများ အထူးသဖြင့် အပင်များအတွက် အာဟာရဓာတ် ပို့ဆောင်ရာမှာ ကူညီပေးတဲ့ မှိုမျှင် (Mycorrhizal fungi) များ လျော့ကျဆုံးရှုံးသွားမှုတွေ ဖြစ်ပါတယ်။ ယင်းသို့ မြေဆီလွှာတည်ဆောက်ပုံများ ပျက်စီးခြင်း၊ ရေထိန်းသိမ်းနိုင်စွမ်း ကျဆင်းသွားခြင်း၊ အပင်အတွက် ရနိုင်သော အာဟာရဓာတ်များ ဆုံးရှုံးသွားခြင်းတို့ကြောင့် ရေလွှမ်းဒဏ်ခံထားရတဲ့ မြေတွေမှာ စိုက်ပျိုးရင် အထွက်နှုန်း ကျဆင်းနိုင်မလားဆိုတဲ့ အချက်ဖြစ်ပါတယ်။

ဒုတိယကတော့ တင်ကျန်ခဲ့တဲ့ မြေတွေဟာ မြေအဆီအနှစ်တွေဖြစ်လို့ စိုက်ပျိုးသီးနှံပင်တွေအတွက် ကောင်းလိမ့်မယ်လို့ မျှော်လင့် ယူဆချက်ပါ။ ဒီယူဆချက်ဟာ မြစ်ချောင်းသဲခုံ (River/creek beds) ပေါ်က နုန်းတင်မြေနုကျွန်း တွေပေါ်မှာ စိုက်တဲ့စနစ် (Crop production on alluvial soils) ပေါ် အခြေခံတယ်လို့ ပြောလို့ ရပါတယ်။ သို့သော်လည်း ဒီယူဆချက်ကို အခြေခံပြီး အခုရေကြီးလို့ ရေလွှမ်းမိုးခံရတဲ့ဒေသတွေက စိုက်ပျိုးမြေတွေလည်း အလားတူကောင်းလိမ့်မယ်လို့ ပြောဖို့တော့ ခက်ပါတယ်။ ရေကျသွားပြီးနောက် တင်ကျန်ခဲ့တဲ့ မြေ (Deposited materials) ပေါ်မှာ မူတည်ပါတယ်။ တင်ကျန်ခဲ့တဲ့မြေတွေဟာ နှုံးတင်မြေ (Silt and claydeposition) တွေ များတယ်ဆိုရင်တော့ ပိုတက်စီယမ်ဓာတ်၊ ထုံးဓာတ်နှင့် ဖော့စ်ပရပ်ဓာတ်တွေကြွယ်ဝနေတတ်လို့ စိုက်ပျိုးသီးနှံများအတွက် ယေဘုယျအားဖြင့် ကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ တင်ကျန်ခဲ့အရာတွေဟာ ရေတိုက်စားမှုနဲ့အတူပါလာတဲ့ ကျောက်ခဲတွေ သဲတွေသာများမယ်ဆိုရင်တော့ မကောင်းပါဘူး။

ရေကြီး ရေလွှမ်းမိုးမှုကြောင့် ပျက်စီးသွားတဲ့ စိုက်ပျိုးမြေတွေကို တခြားတိုင်းပြည်တွေမှာ ဘယ်လို ပြန်လည်ပြုပြင်ထိန်းသိမ်းဆောင်ရွက်သလဲ၊ သူတို့ဆောင်ရွက်ကြသလို ကျနော်တို့ ဆောင်ရွက်နိုင်ပါ့မလားဆိုတာတွေကို ကြည့်ကြည့်ပါမယ်။

၁။ ရေလွှမ်းခံရတဲ့ စိုက်ပျိုးမြေတွေက မြေနမူနာယူပြီး ဓာတ်ခွဲစမ်းသပ်ဖို့
အဓိကရည်ရွယ်ချက်ကတော့ ရေလွှမ်းခံရပြီး မြေတွေမှာ သီးနှံစိုက်ပျိုးလို့ သင့်တော်မသင့်တော် ဆုံးဖြတ်ဖို့နဲ့ သီးနှံပင်အတွက် လိုအပ်တဲ့ အာဟာရသွင်းအားစုများ ထည့်သွင်းနိုင်ရန် လမ်းညွန်အကြံပြုချက်များ ပေးဖို့ ဆောင်ရွက်တာဖြစ်ပါတယ်။ ကုန်ကျစရိတ်ကို တိုင်းပြည်က ကျခံပြီး သက်ဆိုင်ရာဌာနက ဆောင်ရွက်ပေးလေ့ရှိပါတယ်။
ဒီအချက်ကတော့ လုပ်ဖို့ အဓိကလိုအပ်တာမှန်သော်လည်း ကျနော်တို့နိုင်ငံရဲ့ အခြေအနေနဲ့ အချိန်တိုလေးအတွင်း ချက်ခြင်း ဆောင်ရွက်ဖို့ မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ ကုန်ကျစရိတ်များသလို အချိန်မီထုတ်ပြန်ပေးနိုင်ဖို့ ကျွမ်းကျင်လုပ်သားအင်းအားနဲ့ စမ်းသပ်ဖို့ စက်ကိရိယာ အခက်အခဲရှိမယ်လို့ ထင်ပါတယ်။

၂။ အမှိုက်သရိုက်များ ရှင်းလင်းဖယ်ရှားဖို့
ရေကျသွားပြီးလျှင်လည်း ရေနဲ့အတူ ပါလာသော သဲ၊ နုန်းအနည်အနှစ်များ၊ အမှိုက်သရိုက်(debris) များ တင်ကျန်ခဲ့ပါမယ်။ အမှိုက်သရိုက်တွေက သီးနှံပြန်လည်စိုက်ပျိုးရေးမှာ အနှောင့်အယှက်ဖြစ်နိုင်တဲ့ ပလပ်စတစ်များ၊ သံတိုသံစများ၊ သစ်ပင်အကိုင်းအခတ်အလက်ကြီးများဆိုရင်တော့ ရှင်းလင်းဖယ်ရှားပြီး သင့်တော်ရာ နေရာကို ပို့ဖို့လိုအပ်ပါတယ်။ တကယ်လို့ အမှိုက်သရိုက်တွေဟာ ထယ်ထိုးထွန်မွှေဖို့ ဖြစ်နိုင်တယ်၊ အလွယ်တကူလည်း ဆွေးမြေ့နိုင်တဲ့ အပင်အပိုင်းအစအနများဆိုရင်တော့ ဖယ်ရှားဖို့မလိုပါဘူး။ ဒီကိစ္စကို တောင်သူကသိပြီး လုပ်ကိုင်ဆောင်ရွက်မှာ သေချာပါတယ်။

အမှိုက်သရိုက်များအပြင် တင်ကျန်ခဲ့တဲ့ သဲ၊ နှုန်းအနှယ်အနစ်များကိုလည်း ဖယ်ရှားဖို့လိုတဲ့ အနေအထားဆို ဖယ်ရှားရပါမယ်။ ရေကျပြီးနောက် တင်ကျန်ခဲ့တဲ့ သဲထုဟာ ၁ ပေနှင့် အထက်ရှိတယ်ဆိုရင် ဖယ်ရှားဖို့ အကြံပြုကြတာ တွေ့ရပါတယ်။ မြေဧရိယာက ကျယ်တယ်ဆိုရင်တော့ စက်အင်းအားသုံးပြီး ဆောင်ရွက်မှသာ ဖြစ်နိုင်ပါလိမ့်မယ်။ Facebook မှာ မြင်ရတဲ့ ဓာတ်ပုံတွေအရဆိုရင် စက်အင်အားအကူအညီ ယူရပါလိမ့်မယ်။ ဒီအတွက် တောင်သူတစ်ဦးတည်းအင်းအားနဲ့ မတတ်နိုင်တာသေချာပါတယ်။ သက်ဆိုင်ရာက ကူညီဆောင်ရွက်၍သော်လည်းကောင်း တောင်သူအများ ပူးပေါင်းဆောင်ရွက်၍သော်လည်းကောင်း ဖြေရှင်းနိုင်ပါလိမ့်မယ်။

၃။ မြေမျက်နှာပြင်တွေ ပြန်ညှိဖို့
ရေကျသွားပြီး စိုက်ခင်းမြေဟာ ရေတိုက်စားသွားမှုကြောင့် မညီညာဖြစ်ပြီး ကျန်ခဲ့တာကို မျက်နှာပြင်ပြန်ညှိပေးဖို့ အကြံပြုတာတွေ့ရပါတယ်။
ဒီအချက်ကတော့ စိုက်ခင်းမြေဟာ သိပ်ဆိုးဆိုးရွားရွားမဖြစ်ဘူးဆိုရင် တောင်သူက ဘဝပေးအသိအရသူတို့ရဲ့ စိုက်ခင်းမြေကို တပိုင်တနိုင် ပြန်ညှိကြပါလိမ့်မယ်။ စိုက်ခင်းမြေဟာ သိပ်ဆိုးရွားပြီး မညီမညာဖြစ်နေတယ်ဆိုရင်တော့ သက်ဆိုင်ရာဌာနက စက်အင်းအားအကူအညီနဲ့ ညှိပေးဖို့ လိုပါလိမ့်မယ်။ ဒီနေရာမှာ တဆက်တည်း အကြံပြုချက်ကတော့ စိုက်ခင်းမြေတွေ (အထူးသဖြင့် ယာမြေတွေအတွက်) မြေကျပ်သွားမှုမှ ရှောင်းရှားဖို့ မြေကောင်းစွာမခြောက်သေးခင် စက်ကြီးများနဲ့ မြေညှိခြင်း၊ ဝင်ရောက်ထွန်ယက်ခြင်းမလုပ်ဖို့ လိုပါတယ်။

၄။ မြေဆီအာဟာရဓာတ်များ ပြန်လည်ဖြည့်တင်းပေးဖို့
တကယ်လို့ စိုက်ခင်းမြေတွေဟာ မိုးရွာရေကြီးစဉ်မှာ ရေတိုက်စားမှုကြောင့် အပေါ်ယံမြေဆီလွှာများ ဆုံးရှုံးသွားတယ်ဆိုရင်တော့ တိုက်စားသွားသောမြေများအတွက် မြေဆီသြဇာထက်သန်သောမြေများ ပြန်လည်ဖြည့်တင်းပေးဖို့ လိုပါတယ်။ ဒီနေရာမှာ တောင်သူများ သတိမထားမိနိုင်တာကတော့ ရေတိုက်စားလို့ မြေတွေနဲ့အတူ အာဟာရဓာတ်တွေ ဆုံးရှုံးသွားရုံသာမက အကျိုးပြုအဏုဇီဝပိုးမွှားများ ဆုံးရှုံးသွားရခြင်းပါပဲ။ အထူးသဖြင့် အပင်များအတွက် အာဟာရဓာတ်ပို့ဆောင်ရာမှာ ကူညီပေးတဲ့ မှိုမျှင် (Mycorrhizal fungi) များ လျော့ကျဆုံးရှုံးသွားမှု ဖြစ်ပါတယ်။ ၎င်းတို့ ဆုံးရှုံးသွားမှုကြောင့် စိုက်ပျိုးမယ့် သီးနှံပင်တွေမှာ အာဟာရဓာတ်ချို့တွေ့မှု (အထူးသဖြင့် ဖော့စ်ပရပ်ဓာတ်ချို့တဲ့မှု) တွေကို ကြုံတွေ့ရနိုင်ပြီး သီးနှံရဲ့ အထွက်နှုန်းကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် မြေဆီလွှာရဲ့ ကျန်းမာရေး ပြန်လည်ရှင်သန်ကောင်းမွန်အောင် စိုက်ပျိုးမြေအတွင်းမှာ နွားချေး၊ မြေဆွေးနှင့် အကျိုးပြုအဏုဇီဝသက်ရှိများ (အထူးသဖြင့် မိုက်ကရိုရွိုက်ဇာမှိုမျှင်ထုပ်များ၊ဇီဝမြေသြဇာများ) ကို ထည့်သွင်းပေးဖို့ အကြံပြုကြပါတယ်။

အခုဖော်ပြခဲ့တဲ့အချက်တွေဟာ ရေကြီးရေလွှမ်းရင် ဖြစ်နိုင်ချေရှိတဲ့ စိုက်ပျိုးမြေပြသနာများနဲ့ ဖြေရှင်းဆောင်ရွက်ဖို့ အကြံပြုချက်တွေဖြစ်ပါတယ်။ ဒီအကြံပြုချက်တွေထဲမှာ တောင်သူက သူ့ဘာသာသူပြန်ဆောင်ရွက်နိုင်တွေလည်း ရှိမယ်။ သို့သော်လည်း အများစုကတော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ကူညီဆောင်ရွက်ပေးမှသာ ဖြစ်နိုင်ပါလိမ့်မယ်လို့ ထင်မြင်မိပါတယ်။ ။

ဟန်ဖြိုးအောင် (ဥယျာဉ်ခြံ)
13-8-2015
(စာပေကရတဲ့ အသိပေါ်သာ အခြေခံပြီး မျှဝေတာဖြစ်တဲ့အတွက် မှားချင်လည်း မှားပါလိမ့်မယ်။ လက်တွေ့အခြေအနေနဲ့လည်း ကိုက်ညီချင်မှ ကိုက်ညီပါလိမ့်မယ်။ လိုအပ်ချက်ရှိပါက ပိုကောင်းအောင်သာ ဖြည့်စွက်ကြပါကုန်…)
 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်