အရည်သွေးကောင်းသီးနှံတွေထုတ်လုပ်ဖို့ ပိုတက်စီယမ်မြေဩဇာကျွေးကြစို့

28/07/2021 11:00 AM တွင် အေးပွင့်ဖြူ အေးပွင့်ဖြူ မှ ရေးသား

    ပိုတက်စီယမ်က သီးနှံစိုက်ပျိုးထုတ်လုပ်ရေးအတွက် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်(၁၇)မျိုးထဲမှာပါဝင်တဲ့ အများလိုအာဟာရဓာတ်တစ်ခုဖြစ်ပြီး အပင်ကြီးထွားဖွံ့ဖြိုးရန်နှင့် မျိုးပွားရန်အတွက် လိုအပ်ပါတယ်။ ပိုတက်စီယမ်က ကမ္ဘာ့အပေါ်ယံလွှာမှာ အလေးချိန်အားဖြင့် ၂.၁ ရာခိုင်နှုန်းခန့် ပေါများစွာတွေ့ရပါတယ်။ အပင်က ပိုတက်စီယမ်ကို K+ အနေနဲ့စုပ်ယူပေမယ့် ဓာတ်မြေဩဇာတွေမှာတော့ ပိုတက်စီယမ်ပါဝင်မှုကို ပိုတက်ရှ် K2O အနေနဲ့ပဲ ဖော်ပြကြပါတယ်။ ပိုတက်စီယမ်သည် အပင်ကြီးထွားမှုနဲ့ မျိုးပွားဖို့အတွက် အပင်ရဲ့ လုပ်ငန်းဆောင်တာအားလုံးနီးပါးမှာ မရှိမဖြစ်လိုအပ်ပါတယ်။   

    ပိုတက်စီယမ်က  အပင်ရဲ့ကျန်းမာရေးကို ကောင်းစေသလို ရောဂါပိုးမွှားတွေကို  ကာကွယ်ပေးတဲ့အတွက် quality nutrient (အရည်အသွေကောင်းမွန်စေသော အာဟာရဓာတ်)အဖြစ် ခေါ်ဆိုကြပါတယ်။ ထို့ကြောင့် ပိုတက်စီယမ်ကို လုံလောက်စွာထည့်သွင်းပေးပါက ပိုးမွှားရောဂါကျရောက်မှုသက်သာခြင်း၊ သဘာဝဘေးဒဏ်များကြောင့် သီးနှံများအလေအလွင့် အဆုံးရှုံးနည်းခြင်း၊ အရည်သွေးကောင်းမွန်သော သီးနှံများထုတ်လုပ်နိုင်ခြင်း စသော အကျိုးကျေးဇူးများကို ရရှိစေမှာဖြစ်ပါတယ်။ ပိုတက်စီယမ်က သီးနှံအရွယ်အစား၊ ပုံသဏ္ဍန်၊ အရောင်နှင့် သန်းစွမ်းမှု စသောအရည်အသွေးများကို သက်ရောက်မှုရှိပြီး ဝါတွင် ချည်မျှင်အရည်အသွေးကို ကောင်းမွန်စေပါတယ်။

ပိုတက်စီယမ်ရရှိနိုင်သော အရင်းအမြစ်များ

    မြန်မာနိုင်ငံမှာတွေ့ရတဲ့ ပိုတက်စီယမ်ပါဝင်တဲ့ ဓာတ်မြေဩဇာတွေကတော့ ပိုတက်စီယမ်ကလိုရိုဒ် (KCL)နှင့် ပိုတက်စီယမ်ဆာလဖိတ် (K2SO4) တို့ဖြစ်ပါတယ်။ ပိုတက်စီယမ်ကလိုရိုဒ်က အများဆုံးသုံးတဲ့မြေဩဇာဖြစ်ပြီး ၎င်းတွင် ပိုတက်စီယမ် ၆၂% နှင့် ကလိုရင်း ၃၅.၅% ပါဝင်ပါတယ်။  ကလိုရင်းသည် အပင်အတွက် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်တစ်ခုဖြစ်သော်လည်း ၎င်းမြေဩဇာတွင် ကလိုရင်းပါဝင်မှုများသောကြောင့် ကလိုရင်းဒဏ် ခံနိုင်ရည်မရှိသော ဆေးရွက်ကြီးကဲ့သို့သီးနှံများတွင် အသုံးမပြုသင့်ပါ။ စပါး၊ ကြံ၊ အုန်း၊ ပြောင်းစသော ကလိုရင်းဒဏ်ခံနိုင်ရည်ရှိသော သီးနှံများတွင်သာ အသုံးပြုသင့်ပါတယ်။ ဤမြေဩဇာတွင် ကလိုရင်းပါဝင်မှုများသောကြောင့် အဆိပ်သင့်နိုင်သဖြင့် ရွက်ဖျန်းမြေဩဇာအဖြစ် အသုံးမပြုသင့်ပါ။

    ပိုတက်စီယမ်ဆာလဖိတ်တွင် ပိုတက်စီယမ် K2O ၄၈ မှ ၅၄ ရာခိုင်နှုန်းထိပါဝင်ပြီး ဆာလဖာဓာတ်ကိုလည်း ထောက်ပံ့ပေးပါတယ်။ ကလိုရင်းဒဏ်မခံနိုင်သောသီးနှံများနှင့် ကော်ဖီ၊ ထောပတ်ကဲ့သို့သော တန်ဖိုးမြင့်သီးနှံများတွင် အရည်အသွေးကောင်းမွန်ရန်အတွက် အသုံးပြုကြပါတယ်။ ပိုတက်စီယမ်ကလိုရိုဒ်ထက် စျေးအနည်းငယ်ပိုများပါတယ်။ ထို့ပြင် ပိုတက်စီယမ်ဓာတ်ကို တိရိစ္ဆာန်စွန့်ပစ်ပစ္စည်းများမှ ရရှနိုင်ပြီး သီးနှံအကြွင်းအကျန်များကို ကောင်းစွာစီမံခန့်ခွဲခြင်းဖြင့် ရရှိနိုင်ပါတယ်။ သီးနှံရာသီအတွင်း ကျွေးလိုက်သောပိုတက်စီယမ်ကို သီးနှံများက စုပ်ယူသကဲ့သို့ အပင်အစိတ်အပိုင်းများကလည်း စုပ်ယူပါတယ်။ စပါးခင်တွင် စပါးရိတ်သိမ်းပြီးနောက် ကောက်ရိုးများကို စိုက်ခင်းထဲသို့ ပြန်လည်ထည့်သွင်းပေးပါက နောက်သီးနှံအတွက် ပိုတက်စီယမ်ဓာတ်ကို ရရှိနိုင်ပါတယ်။ 

ပိုတက်စီယမ်၏ လုပ်ဆောင်ချက်များ

- အမြစ်ကြီးထွားမှုကို ကောင်းမွန်စေပြီး ခြောက်သွေ့မှုကို ခံနိုင်ရည်တိုးစေပါတယ်။

- အပင်တွင်း cellulose တည်ဆောက်ပေးပြီး အပင်ယိုင်လဲမှုကို လျှော့ချပေးပါတယ်။

- အပင်ကြီးထွားစေတဲ့ အင်ဇိုင်းတွေကို လှုံ့ဆော်ပေးပါတယ်။

- အစာချက်လုပ်ရာမှာ ကူညီပေးပါတယ်။

- အပင်တွင်း သကြားဓာတ်နှင့် ကစီဓာတ်ရွေ့လျားမှုကို ကူညီပေးပါတယ်။

- ကစီဓာတ်ကြွယ်ဝတဲ့ အစေ့အဆံတွေကို ထုတ်လုပ်ပေးပါတယ်။

- အပင်များ၏ ပရိုတိန်းပါဝင်မှုကို တိုးစေပါတယ်။

- ရေဆုံးရှုံးမှု၊ အပင်ညှိုးခြင်းကို လျော့နည်းစေပြီး အပင်ကို ကျန်းမာသန်စွမ်းစေပါတယ်။

- အပင်ရောဂါနှင့် နီမတုတ်ပျံ့နှံ့မှုကို ဟန့်တားပေးပါတယ်။

သီးနှံများမှ ပိုတက်စီယမ်စုပ်ယူမှု

    သီးနှံပေါ်မူတည်ပြီး ပိုတက်စီယမ်စုပ်ယူတဲ့အချိန် ကွာခြားမှုရှိပါတယ်။ အပင်များသည် နိုက်ထရိုဂျင်နှင့် ဖော့စဖောရပ်ထက် ပိုတက်စီယမ်ကို ကြီးထွာမှုအစောပိုင်းကာလမှာ စုပ်ယူပါတယ်။ ပိုတက်စီယမ်ကို သီးနှံများ အစေ့အဆံဖြစ်ပေါ်တဲ့အချိန်ကျမှကျွေးတာက မှန်ကန်တဲ့နည်းလမ်းမဟုတ်ပါဘူး။ ပြောင်းသီးနှံသုတေသနတစ်ခုအရ ပြောင်းပင်မိတ်စာထွက်ချိန်မှာ ကျွေးလိုက်တဲ့ ပိုတက်စီယမ်ရဲ့ ၇၀-၈၀ ရာခိုင်နှုန်းကို စုပ်ယူပြီး မိတ်စာထွက်ပြီး ၃-၄ ပတ်အကြာမှာ ၁၀၀% ကို စုပ်ယူပါတယ်။

ပိုတက်စီယမ်ချို့တဲ့သော လက္ခဏာများ

    ပိုတက်စီယမ်ချို့တဲ့လျှင် အပင်များသည် ခြောက်သွေ့မှု၊ ရေများခြင်း၊ အပူချိန်နိမ့်ခြင်း၊ မြင့်ခြင်းကို ခံနိုင်ရည်နည်းပြီး ဖျက်ပိုး၊ ရောဂါနဲ့ နီမတုတ်ကျရောက်မှုကို ခံနိုင်ရည်မဲ့ပါတယ်။ ပိုတက်စီယမ်က အပင်ထဲတွင် ရွေ့ လျားနိုင်သော အာဟာရဓာတ်ဖြစ်ပြီး အပင်၏ ရင့်သောအစိတ်အပိုင်းများမှ နုသောအစိတ်အပိုင်းများကို သယ်ပို့ပါတယ်။ ထို့ကြောင့် ပိုတက်စီယမ်ချို့တဲ့သောလက္ခဏာကို အပင်၏ အောက်ရွက်များတွင် စတင်တွေ့ရပြီး ပို၍ချို့တဲ့လာပါက အပင်ထိပ်ပိုင်းများမှာပါ တွေ့နိုင်ပါတယ်။ တွေ့ရများသော ပိုတက်စီယမ်ချို့တဲ့မှုလက္ခဏာမှာအရွက်အနားတစ်လျှောက် မီးလောင်သကဲ့သို့ အဝါရောင်ပြောင်းလာခြင်းဖြစ်ပါတယ်။ ဆိုးရွားစွာချို့တဲ့ပါက အရွက်များကြွေကျလာနိုင်ပါတယ်။ ပဲပုပ်နှင့် ပြောင်းပင်များတွင် အရွယ်မရောက်ခင် အရွက်ကြွေခြင်းခြင်းများဖြစ်နိုင်ပါတယ်။ ပိုတက်စီယမ်ချို့တဲ့သော သီးနှံတွေက ကြီးထွားမှုနှေးပြီး အမြစ်ဖွံဖြိုးကြီးထွားမှုကို နှောင့်နှေးစေပါတယ်။ ပြောင်း၊ စပါး စသော နှံစားသီးနှံများတွင် ပင်စည်အားနည်းပြီး ယိုင်လဲခြင်းဖြစ်စေပါတယ်။ ပိုတက်စီယမ်ပြတ်လပ်လျှင် အပင်မှ နိုက်ထရိုဂျင်ဓာတ်အသုံးချမှုကို နည်းစေရုံသာမက ခြောက်သွေ့မှုကို ခံနိုင်ရည်မဲ့ခြင်း၊ အပင်ယိုင်လဲခြင်း၊ အစာချက်လုပ်မှုကို လျော့နည်းစေခြင်း၊ အပင်အတွင်း ရေ၊ အာဟာရဓာတ်၊ သကြားတို့ ရွေ့လျားမှုကို ကန့်သတ်ပါတယ်။ ထို့ကြောငိ့ ပိုတက်စီယမ်ကို စီးပွားရေးတွက်ခြေကိုက်ဖို့ မှန်ကန်သောနှုန်းထားနဲ့ အသုံးပြုဖို့လိုအပ်ပါတယ်။

မှတ်ချက်။ ပိုတက်စီယမ် ဓာတ်မြေဩဇာကို လွန်ကဲစွာထည့်သွင်းပါက မြေတွင်း မဂ္ဂနီဆီယမ်ဓာတ်ကို ချို့တဲ့စေပါတယ်။ ပိုတက်စီယမ်ကလိုရိုဒ်သည် အပင်နှင့် နီးကပ်စွာကျွေးပါက အပင်လောင်နိုင်သောကြောင့် ခွာ၍ကျွေးပါ။ ပိုတက်စီယမ်မြေဩဇာများစွာအသုံးပြုပါက နိုက်ထရိုဂျင်နှင့် တွဲသုံးပေးပါ။ 

Reference by

https://en.m.wikipedia.org/wiki/Potassium_deficiency_(plants)

https://www.cropnutrition.com/nutrient-management/potassium

https://www.greenwaybiotech.com/blogs/gardening-articles/whats-the-function-of-potassium-k-in-plants

https://www.fertilizerseurope.com


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်