ပိန္နဲပင်ကို မြေသြဇာကျွေးနည်း

14/09/2023 13:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

ပိန္နဲပင်ဟာ မြေဆီဩဇာကောင်းမွန်ပြီး ရေစိမ့်ဝင်မှုကောင်းတဲ့ မြေတွေမှာ ဖြစ်ထွန်းနိုင်ပါတယ်။ မြေရဲ့ ချဥ်/ ငန်ကိန်းနဲ့ ပတ်သတ်လို့လည်း ဇီဇာကြောင်တာမျိုးမရှိဘဲ အက်စစ်ဓာတ် အနည်းငယ်ရှိနေတဲ့ မြေတွေမှာဆိုရင် သာမန်ထက် ပိုပြီးဖြစ်ထွန်းနိုင်ပါတယ်။ ပိန္နဲပင်ဟာ မြေဆီကြွယ်ဝတဲ့ နေရာကနေ သာမန်မြေများမှာသာမက တခါတရံမှာ ကျောက်စရစ်ပေါတဲ့မြေတွေနဲ့ ဂဝံမြေတွေမှာတောင် ရှင်သန်နိုင်တာ ဖြစ်ပါတယ်။ သို့ပေမယ့် ရေဝပ်ပြီး အမြဲစိုစွတ်မှုရှိနေတဲ့ အခြေအနေကိုတော့ ကြိုက်နှစ်သက်ခြင်းမရှိသလို ခံနိုင်ရည်လည်း မရှိပါဘူး။ ၎င်းအခြေအနေမှာရှိနေခဲ့ရင် အသီးတွေလည်း သီးနိုင်မှာ မဟုတ်ဘဲ အပင်ဟာ တဖြည်းဖြည်းနဲ့ သေဆုံးသွားမှာ ဖြစ်ပါတယ်။

ပိန္နဲပင်ကို သင့်တော်တဲ့ မြေဩဇာတွေ စနစ်တကျကျွေးခြင်းဖြင့် အပင်ကြီးထွားဖို့ရော အသီးများရရှိဖို့အတွက်ပါ အထောက်အကူပြုမှာ ဖြစ်ပါတယ်။ ပိန္နဲပင်ကို နိုက်ထရိုဂျင်၊ ဖော့စဖောရပ်၊ ပိုတက်စီယမ် (N:P:K) ၃ မျိုး ပါဝင်တဲ့ ကွန်ပေါင်းမြေဩဇာကျွေးခြင်းဖြင့် အပင်ကိုကြီးထွားမှုမြန်ဆန်စေပြီး ကျန်းမာသန်စွမ်းစေမှာ ဖြစ်ပါတယ်။ သဘာဝအော်ဂဲနစ် မြေဩဇာတွေ အသုံးပြုမယ်ဆိုရင်တော့ မြေဆီဩဇာကောင်းမွန်စေပြီး ရေထိန်းစွမ်းအားလည်း တိုးတက်စေကာ မြေဆီလွှာတိုက်စားခံရတာကိုလည်း ကာကွယ်ပေးမှာ ဖြစ်ပါတယ်။ 

အဓိကအချက်ကတော့ မိမိရဲ့ မြေဆီလွှာမှာ ဘယ်အာဟာရဓာတ်တွေ လျော့နည်းနေသလဲဆိုတာ စစ်ဆေးပြီးမှ မြေဩဇာကျွေးရင်တော့ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ မလိုအပ်ဘဲ အာဟာရဓာတ်တွေ ထည့်ပေးခဲ့ရင်လည်း အာဟာရမညီမျှမှုဖြစ်ပြီး အကျိုးရှိမှာ မဟုတ်ပါဘူး။ ယနေ့ခေတ်မှာက မြေဆီလွှာကို ဓာတ်ခွဲခန်းပေးပို့စမ်းသပ်နိုင်သလို မိမိကိုယ်တိုင် စမ်းသပ်ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေ ကိရိယာတွေကိုလည်း အသုံးပြုလို့တော့ရနေပါပြီ။ ယခုဆောင်းပါးမှာတော့ ပိန္နဲပင်မှာ ဘယ်လိုမြေဩဇာတွေကို အသုံးပြုလို့ရနိုင်မလဲဆိုတာကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ 

တီကျစ်စာ

ပိန္နဲပင်မှာ အသုံးပြုလို့ရတဲ့ သဘာဝမြေဆွေးတွေထဲမှာမှ တီကျစ်စာဟာ ပိန္နဲပင်ကြီးထွားသန်မာစေဖို့အတွက် အကောင်းဆုံး သဘာဝမြေဩဇာ ဖြစ်ပါတယ်။ တီကျစ်စာဟာ မြေဆီဩဇာကောင်းမွန်စေရုံသာမက မြေဆီလွှာမှာ လေဝင်လေထွက်ကိုလည်း တိုးတက်စေကာ ရေထိန်းစွမ်းအားလည်း ကောင်းစေတာ  ဖြစ်ပါတယ်။ တီကျစ်စာ အသုံးပြုခြင်းဖြင့် ပန်းပွင့်နဲ့ အသီးများဖြစ်ပေါ်မှုကို အားပေးသလို အမြစ်အတွက်လည်း ကောင်းစေတာကြောင့် ရေနဲ့ အာဟာရဓာတ်တွေကိုလည်း အပင်ဆီသို့ လျင်လျင်မြန်မြန် ပို့ဆောင်ပေးနိုင်ပါတယ်။ 

ဓာတုမြေဩဇာတွေနဲ့ မတူတဲ့ အဓိကအားသာချက်ကတော့ အပင်တွေကို လောင်ကျွမ်းစေတာမျိုး မရှိတာဖြစ်ပါတယ်။ တီကျစ်စာမှာ ပါဝင်နေတဲ့ အာဟာရဓာတ်တွေက နိုက်ထရိုဂျင်၊ ဖော့စဖောရပ်၊ မဂ္ဂနီစီယမ်နဲ့ ကယ်လ်စီယမ် စတဲ့ဓာတ်တွေဖြစ်ပြီး  ၎င်းအာဟာရဓာတ်တွေကို အပင်ရဲ့ အမြစ်တွေကနေ အလွယ်တကူ ရယူစားသုံးနိုင်တာ ဖြစ်ပါတယ်။ ထို့အပြင် တီကျစ်စာမှာ အကျိုးပြုအဏုဇီဝသက်ရှိတွေနဲ့ အပင်ကြီးထွားဖို့အတွက် လိုအပ်တဲ့ ဟော်မုန်းနဲ့ အင်ဇိုင်းတွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။

တိရစ္ဆာန်ထွက် စွန့်ပစ်ပစ္စည်းများ

ပိန္နဲပင်တွေကို ပတ်ဝန်းကျင်ကနေရနိုင်တဲ့ သဘာဝစွန့်ပစ်ပစ္စည်းတွေနဲ့ နွားချေး၊ ကြက်ချေးနဲ့ ဆိတ်ချေးကဲ့သို့ တိရိစ္ဆာန်ထွက် စွန့်ပစ်ပစ္စည်းတွေကို ထည့်သွင်းပြီး ပြုလုပ်ထားတဲ့ သဘာဝမြေဆွေးတွေ မြေဩဇာတွေလည်း အသုံးပြုနိုင်ပါတယ်။ သဘာဝမြေဆွေးတွေ မြေဩဇာတွေ အသုံးပြုတဲ့အခါ တစ်ပင်လျှင် ၃ ကီလိုဂရမ်နှုန်းထားနဲ့  ၂ - ၃ လ လျှင် ၁ ကြိမ် ထည့်ပေးလို့ရပါတယ်။

သစ်သားပြာ 

ပိန္နဲပင်မှာ သဘာဝမြေဩဇာအနေနဲ့ နောက်ထပ် အသုံးပြုနိုင်တဲ့ ပစ္စည်းကတော့ သစ်သားပြာ (Wood ash) ဖြစ်ပါတယ်။ သစ်သားပြာမှာ ကယ်လ်စီယမ်ကာဗွန်နိတ် ဓာတ်တွေဟာ ၄၀ - ၄၅ ရာခိုင်နှုန်းအထိ ပါဝင်နေတာ ဖြစ်ပါတယ်။ ကယ်လ်စီယမ်ဓာတ်တွေ မြင့်မားစွာ ပါဝင်နေတာကြောင့် မြေဆီလွှာရဲ့ ချဥ်/ ငန် ကိန်းကို တိုးလာစေပြီး အက်စစ်ဓာတ် မြင့်နေတာမျိုးတွေကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကယ်လ်စီယမ်ဓာတ်ဟာ အပင်တွေမှာ တွေ့ရတတ်တဲ့ အပွင့်တွေမဖြစ်ထွန်းဘဲ ပုပ်သွားတာမျိုး၊ ကြွေတာမျိုးတွေကိုလည်း ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။

ထို့အပြင် သစ်သားပြာမှာ ပိုတက်ရှ်လို့ ခေါ်ကြတဲ့ ပိုတက်စီယမ်ဓာတ် အနည်းငယ်လည်း ပါဝင်နေတာ ဖြစ်ပါတယ်။ ပိုတက်စီယမ်ဓာတ်ကတော့ အပင်တွေကို အစာချက်လုပ်နိုင်ဖို့၊ ပိုးမွှားရောဂါဒဏ်ခံနိုင်ဖို့၊ အသီးအပွင့် အစေ့အဆန်တွေရဲ့ အရည်အသွေးတိုးတက်ဖို့ ကူညီပေးနိုင်ပါတယ်။ သစ်သားပြာကို ပိန္နဲပင်လို သစ်သီးပင်တွေနဲ့ ကြီးမားတဲ့အပင်တွေအတွက် အသုံးပြုမယ်ဆိုရင်တော့ အပင်ခြေရင်းမှာ ၂ လက်မခန့်ရှိတဲ့ ကျင်းတူးပြီး ထည့်ပေးနိုင်ပါတယ်။ သစ်သားပြာကို သူ့တစ်မျိုးတည်းပဲ အသုံးပြုနိုင်သလို နွားချေး၊ ဆိတ်ချေး၊ ကြက်ချေး၊ အရိုးမှုန့်၊ ပဲဖတ်၊ အုန်းဆံမှုန့်မြေဆွေး၊ နုံးမြေ စတာတွေနဲ့ ရောစပ်ပြီးတော့လည်း အပင်ခြေရင်းမှာ ထည့်ပေးနိုင်ပါတယ်။ သစ်သားပြာကိုတော့ ၃ လလျှင် ၁ ကြိမ် အသုံးပြုနိုင်ပါတယ်။ 

ဓာတ်မြေသြဇာအသုံးပြုမယ်ဆိုရင်တော့

အပင်ကြီးထွားဖို့နဲ့  အသီး အထွက်နှုန်းကောင်းဖို့အတွက် မြေသြဇာလုံလောက်စွာ ပေးနိုင်ဖို့လိုအပ်ပါတယ်။  မြေဩဇာအသုံးပြုရာမှာ အော်ဂဲနစ်မြေသြဇာတွေသာမက ဓာတုမြေဩဇာတွေကိုပါ အသုံးပြုသင့်တာ ဖြစ်ပါတယ်။ အစေ့ကနေ စတင်စိုက်ပျိုးတယ်ဆိုရင်တော့ စိုက်ပြီးတစ်လအကြာမှာ အမိုနီယမ်ဆာလ်ဖိတ်ကို တစ်ပင်လျှင် ၁၅၀ ဂရမ်နှုန်းထားနဲ့ ထည့်ပေးနိုင်ပါတယ်။ အဲ့ဒီကနေ ၆ လကြာပြီးနောက်မှာလည်း အမိုနီယမ်ဆာလ်ဖိတ်ကို တစ်ပင်လျှင် ၁၅၀ ဂရမ်နှုန်းထားနဲ့ ဆက်ပြီး ထည့်ပေးလို့ရပါတယ်။

အပင်သက် ၆ လသားကနေ ၂ နှစ်အထိကိုတော့ နိုက်ထရိုဂျင်၊ ဖော့စဖောရပ်၊ ပိုတက်စီယမ်နဲ့ မဂ္ဂနီစီယမ်ဓာတ်တွေ ပါဝင်တဲ့မြေဩဇာတွေကို အသုံးပြုသင့်ပါတယ်။ ၎င်းမြေဩဇာတွေကို ၈:၄:၂:၁ အချိုးနဲ့ ၁ ပင်လျှင် ၃၀ ဂရမ်နှုန်းထားဖြင့် ၆ လလျှင် ၁ ကြိမ် အသုံးပြုနိုင်ပါတယ်။  

အပင်စိုက်ပြီး ပထမ ၃ နှစ် ကာလအတွင်းမှာတော့ ကောင်းစွာကြီးထွားစေဖို့အတွက် ၁၅ ပတ်လည် ကွန်ပေါင်းမြေဇာ (သို့မဟုတ်) အာဟာရဓာတ် ဆတူပါဝင်တဲ့ မြေဩဇာတွေကို အသုံးပြုသင့်ပါတယ်။

ထို့နောက် အပင် ၄ နှစ်သားကနေ စတင်ကာ အသီးဖြစ်ထွန်းမှု အားကောင်းစေရန်အတွက် ပိုတက်စီယမ်ဓာတ် ပိုမိုပါဝင်တဲ့ မြေဩဇာတွေ အသုံးပြုပေးသင့်ပါတယ်။ ဓာတ်မြေသြဇာတွေကို အသုံးပြုမယ်ဆိုရင်တော့ ၃ လလျှင် ၁ ကြိမ် အသုံးပြုရုံနဲ့ လုံလောက်တာ ဖြစ်ပါတယ်။ မြေဩဇာကျွေးတဲ့အခါ အပင်ရဲ့ ပင်စည်ကနေ အနည်းဆုံး လက်မ ၂၀ ကျော် အကွာအဝေးရှိတဲ့ နေရာမှာ ထည့်ပေးသင့်တာ ဖြစ်ပါတယ်။ 

ရွက်ဖျန်းမြေသြဇာအနေနဲ့တော့

ပိန္နဲပင်တွေကိုလည်း ရွက်ဖျန်းမြေဩဇာ အသုံးပြုလို့ရပြီး ၎င်းတို့ကိုအသုံးပြုခြင်းဟာ အပင်ကလိုအပ်တဲ့ အာဟာရဓာတ်တွေကို ထောက်ပံ့ပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။  ရွက်ဖျန်းမြေဩဇာတွေ အသုံးပြုခြင်းဖြင့် ဒုတိယအများလို အာဟာရဓာတ်တွေဖြစ်ကြတဲ့ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ ဆာလ်ဖာနဲ့ အနည်းလို အာဟာရဓာတ်တွေဖြစ်တဲ့ ဇင့်၊ မဂ္ဂနိစ်၊ အိုင်းယွန်း၊ ကော့ပါး၊ ဘိုရွန်၊ မိုလစ်ဒီနမ် စတဲ့ အာဟာရဓာတ်တွေ ရရှိစေမှာ ဖြစ်ပါတယ်။ 

ဇင်ထူးနိုင်

Ref:https://gardeningtips.in/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်