ကြက်နှင့် ငါးတွဲဖက်မွေးမြူခြင်းကြောင့် ငါးများတွင် ဆေးယဉ်ပါးရောဂါဖြစ်ပွားနိုင်၍ ယင်းမွေးမြူရေးစနစ်ကို ပြန်လည်သုံးသပ်ရန် အစိုးရထံတင်ပြမည်

21/05/2019 15:25 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ကြက်နှင့် ငါးတွဲဖက်မွေးမြူခြင်းကြောင့် ငါးများတွင် ဆေးယဉ်ပါးရောဂါဖြစ်ပွားနိုင်သလို စားသုံးသူများအားလည်း ယင်းရောဂါကူးစက်နိုင်သဖြင့် ပြည်တွင်း ငါးမွေးမြူရေးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်လာနိုင်သည့် ကြက်နှင့်ငါး တွဲဖက်မွေးမြူရေးစနစ်ကို ပြန်လည်သုံးသပ်ပေးရန် အစိုးရသို့ တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။ 

ရန်ကုန်၊ ပဲခူး၊ ဧရာဝတီအပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ငါးမွေးမြူရေးကန်များတွင် ကျင့်သုံးဆောင်ရွက်လျက်ရှိသည့် ကြက်နှင့်ငါး တွဲဖက်မွေးမြူရေးစနစ်သည် ပြည်တွင်းငါးလုပ်ငန်းကဏ္ဍကို ထိခိုက်လာနိုင်သည့်အပြင် ပြည်ပ ရေထွက်ပို့ကုန်လုပ်ငန်းများတွင်လည်း ဆိုးကျိုးသက်ရောက်မှုရှိလာနိုင်သည့်အတွက် ဖျက်သိမ်းပေးရန် အစိုးရသို့ တင်ပြဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ 

"ကျွန်မတို့ ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုကို တကယ်ပဲ ထိခိုက်လာနိုင်တယ်။ ကြက်နဲ့ ဝက်မွေးမြူတာကို နိုင်ငံတော်တော်များများက လက်မခံပါဘူး။ ကျွန်မသိရသလောက် ဒီလိုမွေးမြူတဲ့သူ ၈၀ ရာခိုင် နှုန်းကျော်က နိုင်ငံခြားသားတွေဖြစ်တယ်။ ဒါဆိုရင် ကျွန်မတို့ MIC ကို စာတင်ရတော့မယ်။ ဒါကို ဘယ်သူရဲ့ ဆုံးဖြတ်ချက်၊ ဘယ်သူရဲ့ ခွင့်ပြုချက်နဲ့ လုပ်သလဲ။ MIC ခွင့်ပြုချက်ယူသလား။ ဒါမှမဟုတ် တရားမဝင် ဒီအတိုင်းပဲ လုပ်သလား။ ကျွန်မတို့ သိရသလောက် ငါးမွေးမယ်ဆိုရင် ငါးမွေးကန်လိုင်စင်ပဲရတယ်။ ကြက်မွေးမြူရေးလိုင်စင် ထုတ်မပေးဘူးလို့ သဘောပေါက်တယ်။ အဲ့ဒါကြောင့် သူတို့ဆီမှာ ကန့်သတ်ပြီးတော့ ကျွန်မတို့ဆီမှာ ဘာရည်ရွယ်ချက်တွေနဲ့ လာလုပ်နေသလဲ။ ကျွန်မတို့ကို ထိခိုက်နစ်နာအောင် လုပ်နေတာလားဆိုတဲ့အချက်ကို ပြန်သုံးသပ်ရမှာပါ။ အဲ့ဒါကို ဒုသမ္မတနဲ့ စီးပွားရေးလုပ်ငန်းရှင် တွေ့ဆုံပွဲမှာ တင်ပြမှာပါ။ ရေလုပ်ငန်းအတွက် အရမ်းအဟန့်အတားဖြစ်တာကြောင့် ဘယ်သူနဲ့တိုက်ရတိုက်ရ တိုက်ပြီးဖျက်မယ်။" ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင် က ပြောသည်။ 

တရုတ်နိုင်ငံသည် ၂၀၁၀ ခုနှစ်တွင် ကြက်နှင့်ငါး တွဲဖက်မွေးမြူခြင်းကို လုံးဝမမွေးသင့်ဟုဆိုကာ ဥပဒေထုတ်၍ ကန့်သတ်ထားမှုများရှိပြီး မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ်နောက်ပိုင်း၌ ကြက်နှင့်ငါးတွဲဖက်မွေးမြူခြင်းကို ငါးကန်များပေါ်တွင် ကြက်ခြံများ အခိုင်အမာတည်ဆောက်၍ လုပ်ကိုင်လာကြောင်း သိရသည်။ 

ထို့ကြောင့် မြန်မာနိုင်ငံ ရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း (MPEA) အနေဖြင့် ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့ရာတွင် ဓါတုဓါတ်ကြွင်းရှိမရှိကို ဓါတ်ခွဲစစ်ဆေးရန်အတွက် ပြည်တွင်းဓါတ်ခွဲခန်းဖြင့် လုံလာက်မှုမရှိသဖြင့် ပြည်ပဓါတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးရခြင်းကြောင့် တစ်နှစ်လျှင် သိန်းပေါင်း ၂၄၀၀ အကုန်အကျခံ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

"ကြက်မစင်ကို စားသောက်မီတဲ့ငါးက ဆေးယဉ်ပါးရောဂါ ဖြစ်နိုင်သလို အဲ့ဒီငါးကို စားသုံးမိတဲ့လူတွေကလည်း ဆေးယဉ်ပါးရောဂါဖြစ်နိုင်တယ်လို့ ပညာရှင်တွေက ပြောတယ်။" ဟု ဒေါက်တာ တိုးနန္ဒာတင်က ပြောသည်။ 

မြန်မာ့ရေထွက်ကုန်များ နိုင်ငံတကာဈေးကွက်သို့ တင်ပို့ရာတွင် အခက်အခဲ မရှိစေရေးအတွက် ပြည် တွင်းရှိ ငါးမွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေး ကျင့်စဉ် (GAqP) စနစ်ကို ကျင့်သုံးမွေးမြူထုတ်လုပ်ရန် လိုအပ်သလို ကြက်နှင့် ငါးတွဲဖက်မွေးမြူရေးစနစ်မှာ GAqP စနစ်နှင့် ကိုက်ညီမှုမရှိကြောင်း သိရသည်။ 

ယင်းမွေးမြူရေးစနစ်ဖြင့် မွေးမြူသော ငါးများသည် အနံ့၊ အရသာနှင့် ပြည့်စုံမှုမရှိခြင်း၊ အသားမကောင်းသည့်အပြင် ရောဂါပိုးများ ကပ်ငြိပါရှိလာနိုင်သောကြောင့် ဈေးကွက်အတွင်း ရောင်းချရာ၌ အခက်အခဲဖြစ်စေနိုင်ကြောင်း သိရသည်။ 

"ကြက်နဲ့ငါး တွဲဖက်မွေးမြူတာက ဘယ်လိုရောဂါဖြစ်နိုင်လဲဆိုရင် ပညာရှင်တွေရဲ့ ဟောပြောဆွေးနွေးမှုတွေအရ သိရတာက ကြက်ရဲ့ အူလမ်းကြောင်းမှာ ဆေးယဉ်ပါးတဲ့ရောဂါပိုး ဖြစ်သွားနိုင်တယ်။ အူလမ်းကြောင်းကနေ စွန့်ပစ်တဲ့ ကြက်မစင်မှာ ဒီရောဂါပိုးပါသွားနိုင်ပြီး အဲ့မစင်ကို ကြက်ခြံအောက်မှာရှိတဲ့ ငါးကန်ထဲကငါးတွေ စားရင် အဲ့ငါးကလည်း ဆေးယဉ်ပါးနိုင်တဲ့အတွက် ဒီငါးကို လူစားမိရင် လူကိုပါ ကူးနိုင်ပါတယ်။" ဟု ငါးမွေးမြူရေးလုပ်ငန်းရှင် ဦးနေစိုးက ပြောသည်။ 

ယင်းကြက်နှင့်ငါး တွဲဖက်မွေးမြူခြင်းစနစ်ကို ဖျက်သိမ်းရန်အတွက် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် အမိန့်ညွှန်ကြားချက်ကို စောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။ 

"ဒါက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖြစ်တဲ့အတွက် ကျွန်တော်တို့ တိုင်းနဲ့ပြည်နယ်တွေက ဆုံးဖြတ်လို့မရဘူး။ ပြည်ထောင်စုကနေ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆုံးဖြတ်ပေးသွားမှာပါ။ တစ်နိုင်ငံလုံးမှာ တစ်အားပျံ့ပြီးတော့ များသွားပါပြီ။ ဒါကို သိမ်သိမ်မွေ့မွေ့နဲ့ ကိုင်တွယ်ဆောင်ရွက်ရပါမယ်။ ပြည်ထောင်စုက အမိန့်ညွှန်ကြားချက်ပေါ်မူတည်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဆောင်ရွက်သွားပါမယ်။" ဟု ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးလှဝင်းက ပြော သည်။ 

ငါးလုပ်ငန်းဦးစီးဌာနသည် ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့ရာတွင် မွေးမြူရေးလုပ်ငန်းအတွက် အရေးကြီးသော GAqP စနစ်ကို ငါးမွေးမြူရေးကန်များတွင် ကျင့်သုံးဆောင်ရွက်နိုင်ရန် GIZ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

အေးအေးမြင့်(ABM)

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်