ရိုင်ဇိုဘီယမ်ဇီဝမြေဩဇာ (သို့) ပဲမြစ်ဖုဇီဝမြေဩဇာ ပြုလုပ်နည်း၊ သိုလှောင်နည်းနှင့် သုံးစွဲနည်း

12/10/2022 13:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မျက်မှောက်ခေတ်တွင် ရိုင်ဇိုဘီယမ် သို့မဟုတ် ပဲမြစ်ဖုဇီဝမြေဩဇာများကို ပြုလုပ်ရောင်းချ နေကြ သော်လည်း အမှန်တကယ်အားဖြင့် ယင်းတို့တွင် သီးသန့်လက်ခံပင်ရှိနေခြင်းနှင့် တာရှည်မခံခြင်း တို့ကြောင့် သုံးစွဲသူတောင်သူကိုယ်တိုင်ပြုလုပ်သုံးစွဲခြင်းသည်သာ အတန်ဆုံးဖြစ်သည်။ မြစ်ဖု မြေဩဇာ တစ်မျိုးသည် ပဲပင်တိုင်းတွင် အသုံးပြုနိုင်သည်ဆိုသည်မှာ မဖြစ်နိုင်သကဲ့သို့ လပေါင်း အတော်ကြာ သိုလှောင်ရောင်းဝယ်နေရသော မြစ်ဖုမြေဩဇာမှာလည်း ဩဇာသက်ရောက်မှု မရှိနိုင်တော့ပါ။ ထို့ကြောင့် စိုက်ပျိုးသူတိုင်း အလွယ်တကူပြုလုပ်အသုံးချနိုင်သော ရိုင်ဇိုဘီယမ်ဇီဝမြေဩဇာ ပြုလုပ်နည်းမှာ-

၁။ မျိုးပင်စိုက်ပျိုးခြင်း

မိမိစိုက်ပျိုးလိုသော ပဲပင်မျိုးအတွက် ရိုင်ဇိုဘီယမ်မျိုးများကို ကြိုတင်စိုက်ပျိုးထားရန်လိုအပ်သည်။ ကြိုတင် စိုက်ပျိုးရမည့် ကာလမျာ ပဲတစ်မျိုးနှင့် တစ်မျိုး သက်တမ်းမတူ၍ ကွာခြားနိုင်ပေသည်။ ပဲကို အခင်းလိုက်စိုက်ရမည့်အချိန်ထက် ရိုင်ဇိုဘီယမ်ယူရန် ကြိုစိုက်သောပဲပင်များ ပွင့်ခါနီးအချိန် ဖြစ်နေ ရပေမည်။ သာမာန်ပဲအများမှာ (၃၅) မှ (၅၅) ရက်ခန့်သာရှိသော်လည်း အချို့အသက်ကြီးသော ပဲများမှာ ဤအချိန်ထက်ကြာတတ်ပေသည်။ ရိုင်ဇိုဘီယမ်မျိုးယူရန် စိုက်ပျိုးသောပဲများအတွက် အသုံးပြု သော မြေမှာလုံးဝခြောက်သွေ့မနေသော အပေါ်မြေဆီလွှာ၊ သစ်ဆွေးမြေများပါသော မြေမျိုးကို အသုံး ပြုသင့်သည်။ တစ်ဧကပဲခင်းအတွက် ရိုင်ဇိုဘီယမ်ယူရန် ပဲပင် (၂၀) မှ (၅၀) အထိစိုက်ပျိုးထားနိုင်သည်။

၂။ ပဲပင်ငယ်များမှ စဖူးပြီးပွင့်ခါနီးအချိန်တွင်နှုတ်၍ အမြစ်များကိုရေဆေးပါ။ ရေသောက်မြစ်၏ အရင်းပိုင်း၌ အကြီးဆုံး၊ အရောင်အရင့်ဆုံး၊ အဖောင်းဆုံးမြစ်ဖုများကိုတွေ့နိုင်သည်။ ရေသောက်မြစ် အလယ်ပိုင်း၊ ဘေးမြစ်ကြီးများ၏ အရင်းပိုင်းတွင် ဒုတိယတန်းစားမြစ်ဖုများကို တွေ့ရမည်။ မြစ်ဖု အသေးများကိုကား အသုံးပြုရန်မလို။ အသုံးမပြုဘဲ နေနိုင်သည်။

၃။ နွားနို့တစ်ပိဿာကိုဆူအောင်ကြိုပါ။ မလိုင်များကို ဖယ်ပစ်ပါ။ မျက်နှာပြင်ကျယ်သော ခွက် (သို့) ဇလုံတွင် အအေးခံပါ။ ကြက်သီးနွေး အပူချိန်သို့ ရောက်သောအခါ ရေဆေးထားသော ပဲမြစ်ဖုများကို ချေ ထည့်ပါ။

၄။ မြစ်ဖုများအတွင်းရှိနေသာ ရိုင်ဇိုဘီယမ်များသည် နွားနို့ထဲတွင် ပွားသွားပေမည်။ ၃ ရက်မှ ၅ ရက်ကြာသောအခါ အသုံးပြုနိုင်ပြီဖြစ်သည်။

သိုလှောင်နည်း

ခဲမြေ (သို့) အုန်းခွံမှုန့်အဆွေး (သို့) လွှာစာမှုန့်အဆွေး (၅) ပြည်၊ တင်လဲရည် (သို့) ထန်းလျက်ရည် ၅၀ သား၊ မီးသွေးမှုန့် ၃ ပြည်နှင့် ရိုင်ဇိုဘီယမ်များ ကြိုပွားထားသော နွားနို့ကို ပလတ်စတစ်အခင်းပေါ်တွင် စုပုံပြီး သမအောင်ရောစပ်ပါ။ ဓာတ်ငွေ့အဝင်အထွက်ရှိနိုင်သော ပလတ်စတစ်အိတ်မျိုးတွင် တစ်ပေါင်စီ သို့မဟုတ် တစ်ကီလိုစီ အထုတ်ပြုလုပ်ပြီး အေး၍ နေရောင်ခြည် တိုက်ရိုက်မကျသောနေရာတွင် သိုလှောင်ထားပါ။ သတိပြုရန်မှာ ရိုင်ဇိုဘီယမ်၏ သာမာန်သက်တမ်းမှာ ၆ လသာဖြစ်၍ အစောဆုံး အသုံးပြုနိုင်လျှင် အကောင်းဆုံးဖြစ်သည်။

အသုံးပြုနည်း

ရိုင်ဇိုဘီယမ်ကို အဆင့် ၂ ဆင့်တွင် အသုံးပြုနိုင်သည်။

(၁) မျိုးစေ့အဆင့်တွင် အသုံးပြုခြင်း

(၂) ပင်ပေါက်အဆင့်တွင် အသုံးပြုခြင်း

ရိုင်ဇိုဘီယမ်များ ဖောက်ထားသော နို့ ၃ ရက်မှ ၅ ရက်ကာလတွင် အသုံးပြုမည့် ပဲမျိုးစေ့များတို့ကို နို့ချဉ်များတွင် လူးပေးခြင်းဖြင့် ထိုပဲစေ့မှ အပင်ပေါက်ပြီး စောစီးစွာရိုင်ဇိုဘီယမ်များ ဝင်ရောက်နိုင်ပြီး မြစ်ဖုများဖြစ်ပေါ်စေနိုင်သည်။ အကယ်၍ နို့ချဉ်မဟုတ်ဘဲ လွှစာမှုန့်များအတွင်း သိုလှောင်ထားသော ရိုင်ဇိုဘီယမ်ကို အသုံးပြုလျှင်လည်း ရနိုင်သည်။ ရိုင်ဇိုဘီယမ်များ ပဲမျိုးစေ့များတွင် စွဲကပ်နေစေရန် အချို့က ထမင်းရည်ကဲ့သို့သော ကော်ရည်တစ်မျိုးမျိုးကို အသုံးပြုကြသည်။

စိုက်ခင်းတွင်ပဲပင်များကို ပဲပင်၏ အခြေအနေကိုလေ့လာရာတွင်မြစ်ဖုဖြစ်ပေါ်မှု စိတ်ကြိုက်မရပါက နို့ချဉ်ကို ရေရောပြီး စိုက်ခင်းတွင် ပက်ဖျန်းခြင်းဖြင့်လည်းကောင်း၊ လွှာစာမှုန့်ဆွေးအတွင်း သိုလှောင်ထား သော ရိုင်ဇိုဘီယမ်များကိုလည်း ပက်ဖျန်းပေးခြင်းဖြင့်လည်းကောင်း ပြုလုပ်နိုင်သည်။ ဤအဆင့်မှာ ဒုတိယအဆင့်မြစ်ဖုဖြစ်ပေါ်အောင် ကြိုးစားခြင်းဖြစ်သည်။

ရိုင်ဇိုဘီယမ်များသည် သာမာန်အားဖြင့် ကြီးထွားနှုန်းမြန်သည်။ မိမိတို့နှစ်သက်သော အပူချိန် ၂၈ မှ ၃၀ စင်တီဂရိတ်တွင် ၂ မှ ၄ မီလီမီတာအချင်းရှိ ကိုလိုနီများအဖြစ်သို့ ၃ ရက်မှ ၅ ရက်အတွင်း ရောက်သွား နိုင်သည်။

သဘာဝအခြေအနေများတွင် ပဲပင်ပေါက်များအတွင်း ၁၀ ရက်မှ ၁၄ ရက်အတွင်း ဝင်ရောက်နိုင်ပြီး နောက်အကျဆုံး ၂၁ ရက်မှ ၂၈ ရက်အတွင်း မြစ်ဖုများကို သာမာန်မျက်စိဖြင့် မြင်တွေ့နိုင်သည်။ မြစ်ဖုများ ၏ ပုံသဏ္ဌာန်၊ အရွယ်၊ အရောင်၊ မျက်နှာပြင်အနေအထားနှင့် တည်နေရာပေါ်လိုက်ပြီး ကွာခြားမှုရှိသည်။

( ဦးဖရတ်သိန်းဖေရေးသားသော စိုက်ပျိုးရေးစာစုများ စာအုပ်တွင် ပါဝင်သော ဆောင်းပါးကောင်းများထဲမှာ တစ်ပုဒ်ကိုကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်)

အခုလိုမျိုး အပင်တွေရဲ့ ဆေးဖက်ဝင်ပုံအကြောင်းကို ‘ ကကြီးကနေ အ အထိ’ သိချင်ရင်တော့ ' မြန်မာ့ဆေးဝါးပင်များ ' စာအုပ်ကို အစိမ်းရောင်လမ်းရဲ့ ဈေးတန်းကြီးကဏ္ဍမှာရှိတဲ့ ဗွေဆော်ဦးစာအုပ်ဆိုင်မှာ အော်ဒါတင်နိုင်သလို ဈေးတန်းကြီး fb page chat box မှာအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်လေးပေးပြီး လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်