စပါးအတွက်နိုက်ထရိုဂျင် နှစ်ကြိမ်လီလိုလျှင်

15/10/2020 13:45 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

    စပါးပင်ကြီးထွားဖွံ့ဖြိုးရေးအတွက် နိုက်ထရိုဂျင်မြေသြဇာကို တစ်ကြိမ်တည်းကျွေးပေးရုံဖြင့် မလုံလောက်၊ မြေသြဇာ၏အကျိုးအာနိသင် အပြည့်အဝကိုရရှိစေရန် အကြိမ်ကြိမ်လီ၍ ခွဲဝေကျွေးပေးပါ။ "သက်လျင်အထွက်ကောင်း စပါးမျိုးများတွင် (၃) ကြိမ်၊ သက်လတ်အထွက်ကောင်း စပါးမျိုးများတွင်မူ (၄) ကြိမ်လီ၍ ကျွေးပေးပါ" အဲသည်လို ရေးခဲ့ပါသည်။

    သို့သော် တစ်ချို့သော တောင်သူလယ်သမားကြီးများအတွက် စပါးစိုက်ခင်းတိုင်းကို (၃) ကြိမ်၊ (၄) ကြိမ်အခါခါသွားပြီး မြေသြဇာကျွေးဖို့ဆိုတာ တကူးတကကြိုးစားရပါလိမ့်မည်။ 

    အဲလိုဆိုလျှင် အရေးကြီးဆုံး (၂) ကြိမ်တော့ မဖြစ်မနေကျွေးပေးပါလို့ ကျွန်တော် တိုက်တွန်းလိုပါသည်။ 

    ရှေးဦးစွာ အလွန်အရေးပါသော စပါးပင်၏ ကြီးထွားမှုအဆင့်တွေကို နားလည်သိရှိဖို့လိုသည်။ (၁) ပင်ပိုင်းကြီးထွားသည့်ကာလ၊ (၂) မျိုးပွားပိုင်းကြီးထွားသည့်ကာလနှင့် (၃) ရင့်မှည့်သည့်ကာလတို့ ဆိုပြီး စပါးပင်ကြီးထွားမှုအဆင့်ဆင့်ဖြစ်ပေါ်တာကို ကာလ (၃)ခု ပိုင်းခြားထားပါသည်။

    ပင်ပိုင်းကြီးထွားသည့်ကာလသည် အပင်ပွားခြင်းအတွက် အရေးပါသောကာလ ဖြစ် သည်။ ထိုကာလတွင် အပင်ပွားစည်းသည့်အဆင့် ပါဝင်လို့ဖြစ်သည်။ အပင်ပွားများမှ စပါးနှံအရေအတွက် များပါမည်။

    မျိုးပွားပိုင်းကြီးထွားသည့်ကာလသည် စပါးအနှံအတွက် အရေးပါသောကာလဖြစ်သည်။ ထိုကာလတွင် အနှံသန္ဓေစတင်ဖြစ်ပေါ်သည်မှ ဖုံးတုံးလုံးတုံးဖြစ်ခြင်း၊ စပါးအနှံထွက်ခြင်း၊ ပန်းပွင့်ခြင်း စသည့်အဆင့်တွေ ပါဝင်လို့ဖြစ်သည်။ စပါးနှံတွင် စပါးစေ့အရေအတွက်များမှသာ စပါးအထွက်ကောင်းနိုင်မည်ဖြစ်ပါသည်။

    ပျိုးထောင်ကောက်စိုက်စပါးမှာဆိုလျှင် ကောက်စိုက်ပြီး ၂၄ ရက်ကနေ ၃၀ ရက် ဝန်းကျင်သည် အပင်ပွားစည်းသည့်အဆင့်ဖြစ်သည်။ တိုက်ရိုက်မျိုးစေ့ချ စိုက်ခင်းတွေမှာဆိုရင်လည်း မျိုးစေ့ချပြီး သို့မဟုတ် ကြဲပက်စိုက်ပြီး ၂၄ ရက်ကနေ ၃၀ ရက်ဝန်းကျင်ပဲ ဖြစ်ပါသည်။ ထိုရက်များတွင် ပထမအကြိမ်အနေဖြင့် စပါးစိုက်ခင်းကို နိုက်ထရိုဂျင်မြေသြဇာ ကျွေးပေးရန်ဖြစ်ပါသည်။ 

    အနှံသန္ဓေစတင်ဖြစ်ပေါ်သည့်အချိန်ကို အပြင်ပန်းအားဖြင့် အင်မတန်သိရန် ခက်ခဲပါလိမ့်မည်။ အနှံသန္ဓေ စတင်ဖြစ်ပေါ်သည့်အချိန်ကို သိဖို့ဆိုလျှင် မိမိစိုက်သည့်စပါးမျိုး၏ စိုက်ခင်းထဲမှာ ရှိနေမည့်ရက်ပေါင်းကို ခန့်မှန်းတတ်ဖို့လိုမှာဖြစ်သည်။ စိုက်ခင်းထဲမှာရှိနေမည့် ရက်ပေါင်းကို ခန့်မှန်းဖို့ဆိုလျှင် မိမိစိုက်သည့်စပါးမျိုး၏ အသက်ရက်ကို ရှေးဦးစွာ သိဖို့လိုမှာ ဖြစ်ပါသည်။

    ထို့ပြင် မိမိသည် စပါးစိုက်ရာတွင် ဘယ်စနစ်ကိုအသုံးပြုခဲ့လဲ၊ ပျိုးထောင်ကောက်စိုက် စနစ်လား၊ တိုက်ရိုက်မျိုးစေ့ချ (ကြဲပက်) စိုက်တာလား စသည်အပေါ်လည်း မူတည်ပါသည်။ ကျွန်တော်တို့နိုင်ငံလို အပူပိုင်းဒေသတွေမှာ အနှံသန္ဓေစတင်ဖြစ်ပေါ်တဲ့အချိန်ဟာ  စပါးမရိတ်မီ ရက် ၆၀ အလိုဖြစ်ပါသည်။ အဲသည်အချိန်ဟာ နိုက်ထရိုဂျင်အာဟာရကျွေးပေးဖို့ သင့်တော်သောအချိန် ဖြစ်ပါသည်။ သို့သော် နိုက်ထရိုဂျင်အာဟာရ မြေသြဇာကျွေးရမည့်အချိန်သည် ပျိုးထောင်ကောက်စိုက် စနစ်နှင့် တိုက်ရိုက်မျိုးစေ့ချ (ကြဲပက်) စနစ်တို့ ကွာခြားပါသည်။

    ပျိုးထောင်ကောက်စိုက်စနစ်ဖြင့်စိုက်ပျိုးသည့် စပါးခင်းမှာ နိုက်ထရိုဂျင်မြေသြဇာ ကျွေးသင့်သည့်အချိန်ကို တွက်ချက်ရာတွင် စိုက်ခင်းထဲမှာရှိနေမည့် ရက်ပေါင်းကို သိနိုင်ရန် ပျိုးသက်ကို နှုတ်ပယ်ပစ်ရမှာဖြစ်ပါသည်။ 

    စိုက်သည့်စပါးမျိုးက အသက်ရက် ၁၃၅ ရက်၊ ပျိုးသက် ၂၅ ရက်ဖြင့် စိုက်သည်ဆိုပါစို့။ ထိုသို့ဆိုလျှင် ရိတ်သိမ်းခြင်းမပြုမီ ရက်ပေါင်း ၁၁၀ သာ စိုက်ခင်းထဲမှာ ရှိနေမှာဖြစ်ပါသည်။

    ကောက်စိုက်ပြီးသည်မှ ရိတ်သိမ်းသည်ထိ ရက်ပေါင်း ၁၁၀ ထဲကနေ ရက် ၆၀ ကိုနှုတ်လျှင် စိုက်ပြီး ရက် ၅၀ သည် အနှံသန္ဓေစတင်ဖြစ်ပေါ်တဲ့အချိန် ဖြစ်ပါသည်။ ထိုအချိန်သည် နိုက်ထရိုဂျင်မြေသြဇာကျွေးရန် သင့်လျော်သောအချိန်လို့ သိနိုင်မှာဖြစ်ပါသည်။

    စပါးတိုက်ရိုက်မျိုးစေ့ချ (ကြဲပက်) စိုက်ခင်းဆိုလျှင်တော့ တစ်မျိုးဖြစ်သည်။ စိုက်သည့် စပါးမျိုး၏ အသက်ရက်ကိုသာ သိရန်လိုသည်။ မျိုးစေ့မြေကျသည်နှင့် ထိုစပါးမျိုး၏ သက်တမ်း စသည်ဖြစ်ရာ စိုက်ခင်းထဲတွင်ရှိနေမည့် ရက်ပေါင်းမှာလည်း စပါးမျိုး၏အသက်ရက်နှင့် အတူတူပင်ဖြစ်ပါသည်။ 

    တွက်ချက်နည်းမှာ သက်တမ်း ၁၃၅ ရက်ရှိသည့် စပါးမျိုးကို မျိုးစေ့ချ(ကြဲပက်) စိုက်ပျိုးသည်ဆိုပါစို့။ မျိုးစေ့ချသည့်နေ့မှ သို့မဟုတ် ကြဲပက်စိုက်သည့်နေ့မှ ရိတ်သိမ်းသည်ထိ ၁၃၅ ရက် ထဲကနေ ရက် ၆၀ ကိုနှုတ်လျှင် မျိုးစေ့ချပြီး ၇၅ ရက်သည် အနှံသန္ဓေ စတင်ဖြစ်ပေါ်သည့်အချိန်ဖြစ်သည်။ ဤသို့ဖြင့် နိုက်ထရိုဂျင်မြေသြဇာကျွေးရမည့် သင့်လျော်သောအချိန်ကို သိနိုင်မည်ဖြစ်ပါသည်။

    ဤသို့ စပါးပင်၏ အပင်ပွားစည်းသည့်အဆင့်တွင် တစ်ကြိမ်နှင့် အနှံသန္ဓေစတင်ဖြစ်ပေါ်သည့်အချိန်တွင်တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ်တော့ လီ၍ကျွေးနိုင်ပါသည်လို့ အသိပေးလိုပါသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်