Basic Agricultural Science (126) Sugarcane Crop Physiology (Part-2)
အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ (၁၂၆) ကြံပင်၏ဇီဝကမ္မဗေဒ (အပိုင်း-၂)
ကြံပင်၏အရွက် (Sugarcane Leaf)
ကြံရွက်များသည် အဆစ်မှနေ၍ ရွက်ဖုံး (Sheath) ရွက်ပြား (Blade) များဖြင့် ထွက်ပါသည်။ ပင်စည်ထိပ်ဖျားတွင် အရွက်များထပ်နေပြီး ကြီးထွားမှုဖြစ်ကာစထိပ်ပိုင်း (Growing Point) ကို ဖုံးအုပ်ထားပါသည်။ ကြံရွက်သည် အများဆုံး ၂-မီတာ (၆-ပေ ခန့်) ရှည်ပြီး (Length) မျိုးအပေါ်မူတည်၍ အကြယ်/ဗျက် (Width) ၂-၇ စင်တီမီတာ အတွင်း ရှိပါသည်။
ကြံပင်သည် အစာချက်လုပ်မှု ဖြစ်စဉ်ကောင်းသော စီ၄ (C-4 Plant Photosynthesis Pathway) အပင်ဖြစ်ပြီး အထွက်အကောင်းဆုံးရရန် အရွက်ဧရိယာညွှန်းကိန်း (LAI – Leaf Area Index) ၆-၈ ရှိရမည်ဖြစ်ပြီး ထိုအရွက်ညွှန်းကိန်းများက အလင်းရောင်ကို ဖမ်းယူစားသုံးမှု အကောင်းဆုံးဖြစ်ပါသည်။ ထိုအရွက်ဧရိယာညွှန်းကိန်းသည် ကြီးထွားမှုနှင့် စုစုပေါင်းအခြောက်အလေးချိန် (Growth and Biomass production)၊ ရေအသုံးချမှု ကောင်းခြင်း (WUE – Water Use Efficiency)၊ ပိုးမွှားရောဂါဖြစ်ပွားမှုလျော့နည်းစေခြင်း (Pest and Disease Management)၊ အာဟာရဓာတ် အသုံးချမှု (Nutrient Utilization) အကောင်းဆုံးကိုရရှိစေပြီး ကြံပင်အထွက် အကောင်းဆုံး ရရှိနိုင်ပါသည်။
ပုံ - ၁ ကြံပင်အရွက်ဧရိယာညွန်းကိန်း
ကြံပင်၏ကြီးထွားမှုများ (Sugarcane Growth)
နိုဘယ်ဆုရသူ ဒေါက်တာ မယ်ဗင်ကယ်လဗင်က ကြံပင်သည် အပင်များ၏ နေရောင်ခြည်စွမ်းအင်ကို အကျိုးရှိစွာအသုံးချနိုင်သော ချန်ပီယံ စီ-ဖိုးအပင် (Champion C-4 Plant in its efficiency in storing solar energy) ဖြစ်သည်။
ကြံပင်၏ ကြီးထွားမှုကို အဆင့် ၄-ဆင့် ခွဲခြားနိုင်ပါသည်။
(က) အပင်ပေါက်သော အဆင့် (Germination Phase)
ဤအဆင့်သည် ကြံမျိုးပိုင်း စတင်စိုက်သည်မှ အဖူးမှ အပင်ပေါက်ထွက်လာသည့် အချိန်အထိ (From planting to the completion of germinations of Buds) ဖြစ်ပါသည်။ အချိန်တစ်ပတ်မှ ၁၀-ရက် အတွင်း ဖြစ်ပါသည်။ ကြံစိုက်ကွင်းထဲတွင်တော့ ၃၀-၃၅ ရက်ခန့် ကြာမြင့် နိုင်ပါသည်။ ကြံပင်ပေါက်ရန် ကြာမြင့်ချိန်နှင့် ကြီးထွားမှု အခြေအနေတို့မှာ ပြင်ပလွှမ်းမိုးမှုအချက်များ (External factors) ဖြစ်သော မြေဆီလွှာအစိုဓာတ် (Soil Moisture)၊ မြေဆီလွှာအပူချိန် (Soil Temperature)၊ လေဝင်လေထွက် (Aeration) နှင့် အပင်တွင်းလွှမ်းမိုးမှုများ ကြံဖူး၏ကြံ့ခိုင်ကျန်းမာမှု (Bud Health)၊ ကြံမျိုးပိုင်းအတွင်းရှိ အစိုဓာတ် (Sett Moisture)၊ မျိုးပိုင်းရှိ သကြားပါဝင်မှု ရာခိုင်နှုန်း (Sett Reducing Sugar Content) နှင့် ကြံမျိုးပိုင်း အတွင်း အာဟာရဓာတ်အခြေအနေ (Sett Nutrient Status) တို့အပေါ်မူတည်ပါသည်။
အညှောက်ပေါက်ရန်အတွက် အကောင်းဆုံး ပြင်ပအပူချိန်မှာ ၂၈-၃၀ ဒီဂရီ ဆဲစီယတ်စ် ဖြစ်ပြီး ၁၂-ဒဂရီအောက် အပူချိန်ကျသွားပါက အညှောက်ပေါက်နှေးသွားပါလိမ့်မည်။ စိုက်ကွင်းအတွင်းတွင်တော့ ၆၀-ရာခိုင်နှုန်းအပင်ပေါက်လျှင်မူ ဆက်လက်စိုက်ပျိုး နိုင်ပါသည်။
(ခ) ပင်ပွားထွက်သောအဆင့် (Tillering Phase)
ဤအဆင့်သည် စိုက်ပြီး ၄၅-ရက်မှ ၁၂၀-ရက် (၄-လခန့်) အထိကြာမြင့်နိုင်ပါသည်။ ကြံပင် တစ်ဧက အထွက်ကောင်းစေရန် ပင်ပွား များများထွက်ရန် အရေးကြီးပါသည်။ ပင်ပွားအထွက်ကောင်းစေရန် လွှမ်းမိုးထားသော အချက်များမှာ စိုက်ပျိုးသောကြံမျိုးပြား (Variety)၊ နေရောင်ခြည် (Solar Radiation)၊ အလင်းရောင် (Light)၊ အပူချိန် (Temparature)၊ မြေဆီလွှာအစိုဓာတ်ကောင်းရန် ရေသွင်းပေးနိုင်ခြင်း (Irrigation)၊ မြေဩဇာကြွေးပေးနိုင်ခြင်း (Fertilizer Practices) စသည်တို့ဖြစ်ပါသည်။ ပင်ပွားထွက်ချိန်တွင် အလင်းရောင် (နေရောင်ခြည်) ကို အပင်ခြေ အထိအောင်ထိုးဖေါက် ဝင်ရောက်နိုင်ခြင်း၊ အလင်းရောင်များအောင်ပြုလုပ်ပေးနိုင်ခြင်းသည် ပင်ပွားများများ ထွက်စေနိုင်ပါသည်။ ၃၀-ဒီဂရီ ဆဲလ်ဆီယတ်စ် အပူချိန်က ပင်ပွားများများထွက်ရန်အတွက် အကောင်းဆုံးအပူချိန်ဖြစ်ပါသည်။ အပူချိန် ၂၀-ဒီဂရီ ဆဲလ်ဆီယတ်စ် အောက်ရောက်သွားလျှင် ပင်ပွားထွက်မှု နှေးကွေးရပ်တံ့သွားနိုင်ပါသည်။ ပင်ပွားထွက်ခြင်းသည် အပင်ဇီဝကမ္မဖြစ်စဉ် (Plant Physiological process) ဖြစ်ပြီး စောစောထွက်သော ပင်ပွားများသည် ထူထဲပြီးလေးလံသောကြံချောင်းများ (Thicker and Heavier Stalks) ရပြီး နောက်ပိုင်းထွက်သောကြံချောင်းများသည် သေးကာ မရင့်မှည့်နိုင်တော့ဘဲ တစ်ချို့ သေနိုင်သည့် (Short, Immature and die) ကုန်ကျစရိတ်ရှိပါသည်။ စိုက်ပြီး ၃-၄ လအတွင်း ပင်ပွားအမြင့်ဆုံး သို့ရောက်ရှိပါသည်။ စိုက်ပြီး ၁၅၀-၁၈၀- ရက် (၅-၆ လ အတွင်း) ၅၀-ရာခိုင်နှုန်းသော ပင်ပွားများသေဆုံးကုန်ပြီး အပင်ဦးရေအတွက် တည်ငြိမ်သွားပါသည် (Stable population after 50 percent of shoots die)၊ စိုက်ပျိုးနည်းစနစ်များထဲမှ အပင်ကြားတန်းကြား အကွာအဝေး (Plant Spacing)၊ မြေဆီဩဇာထည့်သွင်းချိန် (Time of manuring)၊ ရေ၊ အစိုဓာတ်ရရှိနိုင်မှု (Availability of Water)၊ ပေါင်းနှိမ်နှင်းနိုင်မှု (Weed Control) စသည်တို့သည် ပင်ပွားများစွာ ရရှိမှုကို လွှမ်းမိုးပါသည်။
ကြံဖူးတစ်ဖူးမှ ကြံပင်ပွား ၆-၈ ပင် (6-8 tillers) အထိထွက်ရှိနိုင်ပြီး ၁.၅-၂ ပင်အထိ ကြံချောင်းဘဝ ဖြစ်လေ့ရှိပါသည်။ ကြံလမိုင်း (Ratoon Crop) ခင်းက ပြုစုမှုကောင်းလျှင် အထွက်ပိုကောင်းပြီး ပင်ပွားစောထွက်လေ့ရှိပါသည်။
(ဂ) ကြီးထွားမှု အလယ်ပိုင်း အဆင့် (Grand Growth Stage)
ကြိတ်ဝါးနိုင်သော ကြံချောင်း ကို ရက် ၁၂၀-၁၅၀ ရက်အတွင်း စတင်ရရှိနိုင်ပြီး တစ်လလျှင် ဆစ်ကြား ၄-၅ နှုန်း (4-5 internodes per month) ထွက်ရှိကာ ပင်စည်ရှည်ထွက်လာပါသည်။ ထိုအချိန်အတွင်း မြေတွင်း အစိုဓာတ်လျော့နည်းသွားပါက ဆစ်ကြားတို (Shorter Internodes) သွားပြီး အပင်ပုကာ အထွက်လျော့နည်းသွားပါသည်။ ဤအဆင့်သည် ၂၇၀-ရက် (၉-လ) ခန့်ကြာရှိနိုင်ပါသည်။ ပူပြင်းပြီး ပူအိုက်စွတ်စိုသောရာသီဥတု (Warm and Humid Weather conditions) အပူချိန် ၃၀-ဒီဂရီ ပတ်ဝန်းကျင်နှင့် စိုထိုင်းဆ ၈၀-ရာခိုင်နှုန်း က ကြံပင်ကြီးထွားမှုကို အားပေးပါသည်။ အထွက်ကောင်းမည့် ကြံခင်းမှာ အရွက်ဧရိယာ ဆကိန်း (LAI – Leaf Area Index) ၇-၈ အထိရှိနိုင်ပါသည်။
(ဃ) ကြံပင် ရင့်မှည့်ချိန် (Maturity and Ripening Stage) အချိန်က ၃-လခန့် ကြာမြင့် နိုင်ပြီး စိုက်ပြီး ၉-လမှ စတင် နိုင်ပါသည်။ ဤအဆင့်တွင် ကြံပင်အတွင်း သကြားဓာတ် စုဆောင်းချိန် (Rapid Accumulation of Sugar) ဖြစ်ပြီး မိုနိုဆက်ကရိုက် - ဖရပ်တို့၊ ဂလူးကို့စ် (Mono-saccharide - Fructose, Glucose) မှ ဒိုင်ဆက်ကရိုက် - ဆူးကရို့စ် (Disaccharide - Sucrose) သို့ ပြောင်းလည်း သွားခြင်း ဖြစ်စဉ် တို့ ဖြစ်ပါသည်။
နေရောင်ခြည်ပြည့်ဝစွာရရှိမှု (Ample Sunshine)၊ တိမ်ကင်းစင်မှု (Clear Sky)၊ အေးမြသောည (Cool Night) ပူနွေးသောနေ့ပိုင်း (Warm days) နှင့် ခြောက်သွေ့သော ရာသီဥတု (Dry Weather) များက ကြံချောင်းများ သကြားဓာတ်ပိုများစေပြီး အထွက်တိုးစေပါသည်။
သကြားမဟုတ်သော အရာဝတ္ထုများ - ဆဲလ်လူ့လို့ (Cellulose)၊ ဟဲမီးဆဲလ်လူ့လို့စ် (Hemicellulose)၊ လစ်ဂနင် (Lignin)၊ အဆီ (Fats)၊ ဖယောင်း (Wax)၊ ပက်တင် (Pectin)၊ ကော်စေး (Gums)၊ ဆိုးဆေး (Dyes)၊ ရယ်ဆင် (Resins)၊ အနံ့ရှိ ကီတုံး (Arometic Ketone)၊ ပရိုတင်း (Proteins)၊ ပျော်ဝင်လွယ် နိုက်ထရိုဂျင်ပါ အစိတ်အပိုင်းများ (Soluble N-components) တို့ပါဝင်ပါသည်။
ကြံပင်၏အပေါ်ပိုင်း အခြောက်အလေးချိန် (Above Ground Dry Matter) မှာ သကြားချက်နိုင်သောကြံပိုင်း (Millable Cane) ၆၀-ရာခိုင်နှုန်း၊ အရွက်အပေါ်ပိုင်း (Tops) ၁၅-ရာခိုင်နှုန်း၊ လွှတ်ပစ်ရမဲ့အပိုင်း (Trash) ၂၅-ရာခိုင်နှုန်း ရှိပါသည်၊
သကြားချက်နိုင်သောကြံပိုင်းမှ ကြံရေ (Absolute Juice) ၈၄%၊ အမျှင်ဓာတ် (Fibre) ၁၆% ထပ်မံခွဲခြားပါသည်။ ကြံရေပိုင်းမှ ရေဓာတ် (Water) ၆၅%၊ ဆူးခရို့ သကြားစစ် (Sugar Sugar) ၁၅.၅% နှင့် ကျန်အစိတ်အပိုင်း (Non-sugars) ၃.၅% ခန့် ထပ်မံခွဲခြား နိုင်ပါသည်။
ကြံပင်ကြိုက်နှစ်သက်သော ရာသီဥတုများ (An Ideal Climate for Sugarcane)
ကြံထွက် အကောင်းဆုံးရရန် ရာသီဥတုပုံစံ ၂-မျိုးရှိပါသည်၊
(က) ကြံပင်ကြီးထွားချိန် (Growing Season) ပူနွေးပြီး လုံလောက်သော မိုးရေချိန်နှင့် ရေသွင်းရန် အခွင့် အလန်းလည်း ရှိရပါမည်။
(ခ) ကြံပင်ရင့်မှည့်ချိန် (Ripening Season) ကြံခုတ်ရန် ၂-၃ လ အလို ခြောက်သွေ့သော နေ့များ (မိုးမရှိစေရပါ)၊ အေးမြသော ညပိုင်းရှိရန် လိုအပ်ပါမည်၊
(၁) အပူချိန် (Temperature) ကြံပင်ကြီးထွားမှု အတွက် အကောင်းဆုံး အပူချိန်မှာ ၂၄-၃၀ ဒီဂရီဆဲလ်စီရပ် ဖြစ်ပြီး ၃၈ဒီဂရီဆဲလ်စီရပ် ကျော်တာနဲ့ အပင်အစာချက်လုပ်မှုလျော့နဲ (Reduce Photosynthesis Rate) သွားပါသည်၊ ၃၈ ဒီဂရီဆဲလ်စီရပ်ကျော်တာနဲ့ မြေကြီးအတွင်း အစိုဓာတ်ဘယ် လောက်ရှိရှိ အပင်ညှိုးကျ (Wilted Cane) သွားပါသည်။ ကြံပင်ရင့်မှည့်ချိန် တွင် အပူချိန် များလွန်း ပါကလည်း ဆူးခရို့စ် ကြံ သကြားမှ သကြားပျက် (ဂလူးကိုစ်၊ ဖရပ်တို့စ်) သို့ ပြန်လည် ပြောင်းလဲသွားနိုင်၍ သကြားထွက်လျော့နဲသွားနိုင်ပါသည်။
(၂) မိုးရေချိန် (Rainfall) ကမ္ဘာပေါ်တွင် စိုက်ပျိုးမှု နိုင်ငံများတွင် မိုးလုံးဝ မရရှိသည့်ဒေသ များမှ တနှစ် ၃၀၀၀-မီလီမီတာ (၁၂၀-လက္မခန့်) ရွာသည့် နေရာအထိ စိုက်ပျိုးလေ့ ရှိပါ သည်။ ကြံအထွက်အကောင်းဆုံး မိုးရေချိန်များမှာ ၈၀-၁၀၀ လက္ခ ကြားရှိပါသည်၊ သို့သော် ကြံရင့်မှည့်ချိန်တွင်တော့ မိုးရွာခြင်းက ကြံပင်အတွင်းရှိ အရည်အသွေးကို ထိခိုက်စေနိုင်ပါသည်။
(၃) စိုထိုင်းဆ (Humidity) ကြံပင်ကြီးထွားမှုအတွက် စိုထိုင်းဆကတော့ လွမ်းမိုးမှု သိပ်မရှိပါ၊ အကောင်းဆုံးကတော့ ၄၅-၆၅ ရာခိုင်နှုန်း အတွင်းဖြစ်ပါသည်၊ အပင် ငယ်စဉ်တွင်တော့ နေရောင်ခြည်နှင့်အတူ စိုထိုင်းဆများမှုက အပင်ကြီးထွားမှု ကောင်းစေပါသည်၊
(၄) နေရောင်ခြည် (Sinshine) ကြံပင်က နေကြိုက်ပင်ဖြစ်ပါသည်။ ထို့ကြောင့် အနည်းဆုံး တစ်ရက် ၇-၉ နာရီ နေရောင်ခြည် ပြင်းပြင်း (Greater Sunshine-Incident Radiation) ရရှိခြင်းသည် နေရောင်ခြည်ကို အပင်အစာချက်လုပ်မှု အတွက် ဖမ်းယူနိုင်မှု (Higher Amount of Light Interception) အတွက်အထောက်အကူပြုစေပါသည်။ အထွက်ကောင်းရန်အတွက် အလင်းရောင် ကောင်းစွာဖမ်ယူနိုင်ရန် သက်တမ်းတိုသော ကြံပင်များအတွက် တန်းကြားစိတ် (Closer Spacing) ရန်လိုပြီး သက်တန်းရှည်ကြံမျိုးများဆိုလျှင် တန်းကြားကျယ် (Wider Spacing) စေကာ ကြံအရွက်အချင်းချင်း အရိပ်ထိုးမှု မဖြစ်စေရန် (To avoid mutual shading and mortality of shoots) ဆောင်ရွက်ပေး ရပါမည်။
(၅) တိုက်ခတ်သောလေ (Wind) လေပြင်းတိုက်ခတ်မှု တစ်နာရီ ၆၀-ကီလိုမီတာ (မိုင် ၄၀-ခန့်) သည် ကြံပင်များအတွက် လဲကျမှု၊ ပင်စည်များ ကျိုးပျက်မှု (Lodging and Cane Breakage) ဖြစ်စေနိုင်၍ အထွက်လျော့နည်း နိုင်ပါသည်။
ကြံပင် အထွက် (Sugarcane Yield) ကို တိုင်းတာရာတွင် ကမ္ဘာပေါ်တွင် နည်းလမ်း ၂-မျိုး ရှိပါသည်၊
(က) ကြံချောင်းအလေးချိန် (Cane Weight) ကွင်းထဲတွင် ကြံပင်အလေးချိန် (Tone of Cane per Hectare – t/ha) တိုင်းထွာ နိုင်ပါသည်၊ တောင်သူများ အတွက်တော့ အလေးချိန်များလေ ဝင်ငွေ ပိုကောင်းလေ ဖြစ်ပါသည်၊ ခုတ်ပြီးပြီးချင်း ချက်ခြင်း သကြားစက်သို့ ပို့နိုင်လေလေ၊ အထွက်များ ဝင်ငွေ ပိုရလေလေ ဖြစ်ပါသည်၊ သုတေသနပြုချက်များ အရ ခုတ်ပြီး တစ်ရက်နောက်ကျလေလေ တစ်ရက် ၃-၃.၅% အလေးချိန်လျှော့နဲမှု ရှိပါသည်၊ သကြားစက်ပိုင်ရှင်များ အတွက်တော့ သကြားဓါတ် ပါဝင်မှု ပိုတိုးလာ၍ အကျိုးရှိပါသည်။
(ခ) သကြားပါဝင်မှုရာခိုင်နှုန်း (Sugar Content) သကြားပါဝင်မှု အထူးသဖြင့် ဆူးခရို့ရာခိုင်နှုန်း (Sucrose Content) ကိုတိုင်းထွာပြီး တွက်ချက်ခြင်း ဖြစ်ပါသည်၊ သကြားပါဝင်မှုကို စီးပွါးဖြစ်သကြားပါဝင်မှုနှုန်း (CCS – Commercial Cane Sugar percent per ton) နှင့် ပြသပေးပါသည်၊
ဘရာဇီးနှင့် အန္ဒိယ နိုင်ငံများတွင် ၂-မျိုးစလုံး တိုင်းထွာသုံးနှုံးကြပြီး တောင်သူရော၊ လုပ်ငန်းရှင် (သကြားစက်ပိုင်ရှင်) များပါ အကျိုးရှိစေပါသည်။
ကြံပင် အထွက်ညွှန်းကိန်း (Sugarcane Harvest Index)
သီးနှံပင်များ အထွက်ညွှန်းကိန်း (Harvest Index - HI) ဆိုသည် မှာ မြေပေါ်ရှိ သီးနှံပင်များ စုစုပေါင်း အခြောက်အလေးချိန်/ စုစုပေါင်းအထွက် (Total Biomass or Drymatter Yield - TDM) နှင့် စီးပွားရေးအရတန်ဖိုးရှိသော အစိတ်အပိုင်းများ အခြောက်အလေးချိန် (Economic Yield) တို့ အချိုးပင် ဖြစ်ပါသည်။
စပါး၊ ဂျုံ စသည့် နှံစားသီးနှံများတွင် အများဆုံး ၀.၅-၀.၆ အထိရှိနိုင်ပါသည်။ ကြံကဲ့သို့သော ပင်စည်အား စီးပွားဖြစ် အသုံးပြုသည့် သီးနှံများတွင် ၀.၈ အထိရပါသည်။ အာလူး၊ ကန်ဇွန်းဥစသည့် ဥစားသီးနှံများတွင်တော့ ဥ၏ အလေးချိန်ကိုယူရသဖြင့် ၀.၉ အထက်တွင်ရှိပါသည်၊
အထွက်ညွှန်းကိန်းကောင်းရန် လွှမ်းမိုးနေသောအချက်များ (Factors Influencing Harvest Index (HI)
(က) ဗီဇအကြောင်းရင်း (Genetic Factors) အထွက်ညွန်းကိန်းကောင်းသော မျိုးများကို အပင်မျိုးမွေးမြူရေးပညာရှင်များ (Plant Breeders) က အပြိုင်အဆိုင် မျိုးကောင်းထုတ်ပေးနေကြပါသည်၊
(ခ) ပတ်ဝန်းကျင်အခြေအနေများ (Environmental Conditions) အပူချိန် နှင့်နေရောင်ခြည် လုံလောက်စွာရရှိမှု၊ အစိုဓာတ်လုံလောက်မှုတို့ သည် အပင်ကြီး ထွားဖွံ့ဖြိုးတိုးတက်မှုနှင့် အထွက်ညွှန်းကိန်း ကောင်းဖို့အတွက် လိုအပ်ပါသည်။
(ဂ) လယ်ယာသီးနှံစိုက်ပျိုးရေးစိုက်စနစ်များ (Agronomic Practices) အကောင်းဆုံး၊ အသင့်တော်ဆုံး အပင်ဦးရေ ရရှိအောင် စိုက်ပျိုးရမည်၊ မြေဆီလွှာ အဟာရဓါတ်ပြည့်စုံလုံလောက်စေရန် ဖြစ်ပြီး ထိုမှ အသင့်တော်ဆုံး အလင်းရောင် ရရှိအောင်ဆောင်ရွက်ခါ အထွက်ညွှန်းကိန်း ကောင်း အောင်ပြုလုပ်ပေးနိုင်ပါသည်။
(ဃ) ဇီဝကမ္မဆိုင်ရာအချက်အလက်များ (Physiological Factors) အကျိုးရှိသော အစာချက်လုပ်မှုနှင့် ချက်လုပ်ပြီးသောအစာကို အသီး၊ အနှံပိုင်းကို များစွာပေးနိုင်မှု (Efficient Photosynthesis and Assimilate Partitioning to Reproductive Parts) သည် အထွက်ညွှန်းကိန်း ကောင်းဖို့အတွက်ဖြစ်ပေါ်စေပါသည်။
(အထွက်ညွှန်းကိန်းဆိုင်ရာ ဇီဝကမ္မဖြစ်စဉ် များကို သီးသန့်ရေးပါဦးမည်)။
(ဆက်ပါဦးမည်)
မှီငြမ်းစာအုပ်များ (Reference Books)
James, G. (2004) Sugarcane. 2nd Ed. Oxford Black Well Science. 216p.
Sundara, B. (1998) Sugarcane Cultivation. Vikas Publishing House, New Delhi. 292p.
မှီငြမ်းစာတမ်းများ (Reference Papers and e-Documents)
Moore, P.H. and Botha, F.C. (2014) Sugarcane Physiology, Biochemistry and Functional Biology. Wiley-Blackwell. 750p.
Kapur, R.; Duddmajunger, S.K. and Ram Kumar (2013) Harvest Index and the Components of Biological Yield in Sugarcane. Indian J. Genetics. 73(4): 386-391
(ဒေါ်ညိုညိုအောင် (အငြိမ်းစား ဒုညွန်မှူး)၊ ဒေါက်တာခင်ခင်ကြီး (ဒုညွန်မှူး)၊ ဒေါ်ဥမ္မာစိုး (လ/ထ ညွန်မှုး) နှင့် ဒေါက်တာအိအိခိုင် (လ/ထ ညွန်မှူး)၊ သကြား ထွက်သီးနှံဌာနခွဲ၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒေါ်တင်လဲ့လဲ့ထွေး၊ ကထိက၊ အပင်မျိုးမွေး မြူရေးဌာန၊ ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်တို့အား သိလိုသည်များ ဖြေကြားပေး၍ ကျေးဇူးတင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြလိုပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။