မျက်မှောက်ခေတ်ကာလ ကမ္ဘာ့ စိုက်ပျိုးရေးမှ ဓာတု ပစ္စည်းများ

19/01/2018 14:40 PM တွင် ဦးဖရက်သိန်းဖေ ဦးဖရက်သိန်းဖေ မှ ရေးသား

ဓာတု ပစ္စည်းများ အသုံးပြုရာတွင် အမှား (၂)ခု အထင်အရှား ရှိနေသည်။ ပထမ တစ်မျိုးမျာ အသုံးများခြင်း (over use) ဖြစ်သည်။ ဒုတိယအမှားကား အသုံးမှားခြင်း (miss use) ပင် ဖြစ်သည်။ ယနေ့ကမ္ဘာ့ စိုက်ပျိုးရေးတွင် အသုံးပြုသော အမျိုးမျိုးသော ဓာတုပစ္စည်းများကြောင့် အခက်အခဲ မျိုးစုံ ကြုံတွေ့နေရသည်မှာ အများ အသိဖြစ်သည်။ သို့သော် အဘယ့်ကြောင့် ဓာတု ပစ္စည်းများကို တိုး၍ တိုး၍ အသုံးပြုနေကြပါသနည်း။ ထိုဓာတုပစ္စည်းများတွင် အားနည်းချက်များ ရှိသကဲ့သို့၊ အားသာချက်များ  ရှိနေခြင်းကြောင့် ဆက်လက် အသုံးပြုနေရခြင်း ဖြစ်သည်။ သဘာဝ ပစ္စည်းများ၊ ဇီဝ ပစ္စည်းများနှင့် အပြည့်အဝ အစားမထိုးနိုင်သေး၍ ဓာတု ပစ္စည်းများကို ဆက်လက် အသုံးပြုနေရခြင်း ဖြစ်သည်။ ဓာတုချစ်သော သံယောဇဉ် သက်သက်ဖြင့် အသုံးပြုနေခြင်း မဟုတ်ပါ။ မကင်းနိုင်သော ဓာတု ပစ္စည်းများကို အသုံးမပြုမီ ကောင်းစွာ လေ့လာပြီး အသုံးပြုပါက အောင်မြင်မှုများ ရရှိနိုင်ပါသည်။ ဓာတု ပစ္စည်းများကို လိုအပ်မှ မလွဲမရှောင် အသုံးပြုမည်ဆိုလျှင် သဘာဝ ပစ္စည်းများကို ဦးစားပေး အသုံးပြုရန် လိုအပ်သည်။

သို့သော် စိုက်ပျိုးသူ အများစုက အာနိသင်ပြ မြန်သော၊ ဝန်ကျစ်သော ဓာတုပစ္စည်းများ အပေါ်၌သာ အားထား အသုံးပြုလျက် ရှိသည်။ ထို့ကြောင့် သဘာဝ ပစ္စည်းအဖြစ် အစားထိုး အသုံးပြုနိုင်သော ပစ္စည်းများနှင့် နည်းပညာများကို လုံလောက်စွာ ရှာဖွေ မထားခြင်းကလည်း ပြဿနာ တစ်ရပ် ဖြစ်သည်။

အကယ်၍ စိုက်ပျိုးသူ တစ်ဦးသည် မိမိ သီးနှံများအား အာဟာရ ထောက်ပံ့ရန် ငွေကျပ် တစ်သိန်း သုံးရန် လျာထားပါက ထိုငွေအားလုံးကို ဓာတ်မြေသြဇာ ဝယ်ယူ အသုံးပြုမည် ဖြစ်သည်။ သာမန်အားဖြင့် စိုက်ပျိုးသူ တစ်ဦးသည် မိမိ အသုံးပြုမည့် မြေသြဇာ တန်ဖိုး၏ ၅၀ ရာခိုင်နှုန်းကျော်ကို မိမိလက်ဖြင့် ပြုလုပ်အသုံးပြုရန် လိုအပ်သည်။ ဤအယူအဆကို ခိုင်ခိုင်မာမာ လက်ခံ ကျင့်သုံးရန် လိုအပ်သည်။ အကယ်၍ သဘာဝ မြေသြဇာများဖြစ်သော နွားချေး၊ ကြက်ချေး၊ ပဲဖတ်၊ နှမ်းဖတ်များသာမက သစ်ဆွေးမြေ (compost) များကို ပြုလုပ် သုံးစွဲပါက ဓာတ်မြေသြဇာ ဝယ်ယူ အသုံးပြုမှု လျော့နည်းသွားမည် ဖြစ်သည်။ စိုက်ပျိုးရေး လုပ်ငန်းများတွင် သဘာဝ မြေသြဇာများ နေရာတွင် ဓာတ်မြေသြဇာများဖြင့် အစားမထိုးနိုင်သည်ကို စိုက်ပျိုးသူများက သဘောပေါက်ရန် လိုအပ်ပါသည်။

မြေဆီလွှာ၏ ရုပ်ပိုင်း၊ ဓာတုပိုင်း၊ ဇီဝပိုင်း (၃) မျိုးလုံးကို ကောင်းမွန်စေသာ သစ်ဆွေးမြေကဲ့သို့သော သဘာဝမြေသြဇာမျိုးများကို ဓာတ်မြေသြဇာများဖြင့် အစားမထိိုးနိုင်သည်ကို လက်ခံပေးသင့်သည်။ ဤသို့ လက်ခံလာပါက မိမိလက်ဖြင့် လုပ်ယူထားသော သဘာဝ မြေသြဇာများကြောင့် စိုက်ပျိုးရေး လုပ်ငန်းကို အကျိုးကြီးမားစွာ ဖြစ်ပေါ်စေမည် ဖြစ်သည်။

ယနေ့ ကမ္ဘာ့စိုက်ပျိုးရေးတွင် ဓာတုပစ္စည်းများ ကြီးမားစွာ နေရာရနေသော်လည်း ကမ္ဘာ့စိုက်ပျိုးရေး လမ်းကြောင်းမှာ ဇီဝ ပစ္စည်းများဘက်သို့ ဦးတည် ရွေ့လျားနေသည်။ အပင်များကို အာဟာရ စားသုံးရာတွင် လည်းကောင်း၊ ပိုးမွှား ရောဂါများမှ ကာကွယ်ရာတွင် လည်းကောင်း ဇီဝ ဘက်ဆီသို့ ဦးတည် ရွေ့လျားနေပါသည်။ မြန်မာပြည်သည် အဆင့်မြင့် ဓာတု ပစ္စည်းများနှင့် အလှမ်းကွာနေဆဲ ဖြစ်သည်။ သို့သော် ရုက္ခ သယံဇာတ ကြွယ်ဝသော မြန်မာနိုင်ငံအတွက် ဇီဝနှိုးဆွ ပစ္စည်းများ(Biositmulant)များစွာကို အသုံးပြုနိုင်သည့် အခြေအနေကောင်းများ ဖြစ်သည်။ အကယ်၍ အပင်စစ်ရည်များ (Vegetal extract) များ၊ ပင်လယ်ရေမှော် စစ်ရည် (Seaweed Extract )နှင့် ရေနည်းခံ အပင် အချို့၏ စစ်ရည်ကို အသုံးပြုခြင်းဖြင့် ငွေကုန် သက်သာစွာဖြင့် စိုက်ပျိုးရေး လုပ်ငန်းများကို အကျိုးများစွာ ဖြစ်ထွန်းနိုင်ပါသည်။ ယနေ့ ကမ္ဘာ့ စိုက်ပျိုးရေး လမ်းကြောင်းသစ်များ၌ ထင်ရှားသော ဇီဝထိန်းကျောင်း (Biocontrol)များကို လေ့လာခြင်းဖြင့်လည်း မြန်မာ့ စိုက်ပျိုးရေးကို အကျိုးပြုနိုင်ပါလိမ့်မည်။

ဓာတုပစ္စည်းများကို သုံးသပ်ခြင်း- လွန်ခဲ့သော (၁၀) နှစ် နီးပါးက စတင် အသုံးပြုခဲ့သော ဓာတု ပစ္စည်းများတွင် ဓာတ်မြေသြဇာကဲ့သို့သော ဓာတု ပစ္စည်းများကို တစေ့တစောင်း လေ့လာကြည့်လျှင် အဆင့် (၃) ဆင့် ရှိနေသည်ကို မြင်တွေ့နိုင်ပါသည်။ ယူရီးယား၊ အမိုးနီးယမ်း ဆာလ်ဖိတ်၊ တီစူပါ၊ မြူရိတ်အော့ ပိုတက်(ရှ်)ကဲ့သို့သော ဓာတ်မြေသြဇာများမှာ အများသုံး၊ အများသိသည့် ဓာတု ပစ္စည်းများသာ ဖြစ်ပါသည်။ ထိုပစ္စည်းများကို ပစ်ပယ်၍ မဟုတ်ပဲ၊ ပို၍ အကျိုးရှိစွာ အသုံးပြုခြင်း၊ အလေ့အလွင့် နည်းပါးစွာ အသုံးပြုခြင်းအတွက် စိုက်ပျိုးသူအနေနှင့် လေ့လာရန် လိုအပ်ပါသည်။

တောင်ကိုးရီးယား နိုင်ငံနှင့် ဘရာဇီးနိုင်ငံ နှစ်နိုင်ငံသည် ဆယ်စုနှစ် တစ်ခုအတွင် စိုက်ပျိုးရေး လုပ်ငန်းကို အံ့မခန်း တိုးတက်စေခဲ့သည်။ ဤသို့ တိုးတက်မှုတွင် သာမန် ဓာတ်မြေသြဇာများမှ ပို၍ အစွမ်းထက်သော အာနိသင် ကောင်းသော မြေသြဇာများ (Better Performing Fertilizer)များကို ပြောင်းသုံးခဲ့ခြင်းကြောင့် ဖြစ်သည်။ ထိုမြေသြဇာများမှာ ပိုတက်စီယမ် နိုက်ထရိတ်၊ ဖော့စဖောရစ် အက်ဆစ်၊ မိုနို အမိုနီးယမ်းဖော့စဖိတ်၊ ဒိုင်ပိုတက်စီယမ် ဖော့စဖိတ်၊ မိုနို ပိုတက်စီယမ် ဖော့စဖိတ်၊ ကယ်စီယမ် နိုက်ထရိတ် စသည်တို့ ဖြစ်သည်။ မြန်မာ့ စိုက်ပျိုးသူများအနေနှင့် ထိုမြေသြဇာများကို လွယ်ကူစွာ ဝယ်ယူ အသုံးပြုနိုင်သည်။ စျေးအနည်းငယ် ပိုသော်လည်း အသုံးပြုရသော ပမာဏ လျော့နည်းခြင်းကြောင့် ကုန်ကျ စရိတ် သက်သာခြင်းနှင့် ဝန်းကျင် အဆိပ်သင့်မှုကို လျော့ကျစေသည်။ မြေချ မြေသြဇာ အဖြစ်သာမက အရွက်ဖြန်း မြေသြဇာအဖြစ်ပါ ကောင်းစွာ အသုံးပြုနိုင်သည်။ နိုင်ငံခြား တိုင်းပြည်မှ သွင်းလာသော အရွက်ဖျန်း မြေသြဇာများကို အသုံးပြုခြင်းထက် အဆပေါင်းများစွာ စျေးသက်သာစေသည်။

ဓာတု ပစ္စည်းများတွင် အလွန် အဆင့်မြင့်သော ပစ္စည်းမျိုးမှာ Fine Chemical ဟုခေါ်သော အနုစား ဓာတုပစ္စည်များ ဖြစ်သည်။ ပမာဏ အနည်းငယ်ဖြင့် ဧကလိုက် စိုက်ခင်းများတွင် အသုံးပြုနိုင်သည်။ ဝယ်ယူရသည့် စျေးကြီးသော်လည်း စီးပွားရေးအရ အကျိုးကြီးမားစွာ ဖြစ်ပေါ်စေသော ပစ္စည်း ဖြစ်သည်။

 မြန်မာ့ စိုက်ပျိုးသူများ အနေနှင့် ကမ္ဘာ့စျေးကွက်တွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန်မှာ အထွက်နှုန်းနှင့် သီးနှံ အရည်အသွေး ကောင်းမွန်ရန် လိုအပ်သည်။ အိမ်နီးချင်း တရုတ်ပြည်၊ အိန္ဒိယပြည်တို့ထက် ပို၍ စျေးကောင်း ရနိုင်သော အမေရိကန်၊ ဥရောပနှင့် ဂျပန်ကဲ့သို့သော နိုင်ငံများဆီသို့ ထိုးဖောက် ဝင်ရောက်နိုင်ရန်မှာ အရည်အသွေး လိုအပ်ချက်များ ရှိနေပါသေးသည်။ ကမ္ဘာ့ စျေးကွက်တွင် မျက်နှာပန်းလှလှနှင့် ယှဉ်ပြိုင်နိုင်ရန်မှာ လိုအပ်ချက်များ ရှိနေပါသည်။ ဤလိုအပ်ချက်ကို ဖြည့်မှီရန်မှာ ဇီဝပစ္စည်းများနှင့် ပိုကောင်းသော ဓာတု ပစ္စည်းများကို မလွဲမသေ အသုံးပြုရမည်သာ ဖြစ်သည်။

ဦးဖရက်သိန်းဖေ


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်