ပညာပေးမှု၊ စစ်ဆေးမှု ပိုမိုလိုအပ်နေတဲ့ ဓာတ်မြေသြဇာ စျေးကွက်

Myanmar Now     19/01/2018 16:22 PM     Content Provider - Greenway
Photo - ရေကြည်မြို့အနီး ရွာသစ်ကုန်းကျေးရွာမှာ လယ်သူမတစ်ဦး စပါးရိတ်သိမ်းနေပုံ (ဓာတ်ပုံ - ဖြိုးသီဟချို/Myanmar Now)

ပုသိမ် (Myanmar Now) - ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်၊ အင်းမကျေးရွာအုပ်စုက ဦးလှမြင့်က မိရိုးဖလာ သဘာဝမြေသြဇာဖြစ်တဲ့ နွားချေးနဲ့ စပါးခွံမြေဆွေးတွေကို နှစ်ပေါင်း သုံးဆယ်ကျော် အသုံးပြုခဲ့သူ ဖြစ်ပါတယ်။

ငွေလိုလာတဲ့အတွက် ဒီနှစ်ထဲ သူ့နွား (၁၅) ကောင် ရောင်းလိုက်ပြီးနောက်ပိုင်း   နွားချေးကုန်ကြမ်း မရှိတော့သူ  ဦးလှမြင့်က   ဓာတ်မြေသြဇာကို သုံးနေပါပြီ။

“သဘာဝမြေသြဇာက တာဝန်ကြီးတယ်။ အချိန်ယူပြီးတော့ ချရတယ်။ တစ်နေ့ကို လှည်းနဲ့ ဆယ်စီး၊ တစ်လ နီးပါးလောက်ကို လုပ်နေရတယ်။ ဓာတ်မြေသြဇာကတော့ ကိုယ်လိုချင်တဲ့ အချိန်၊ ကိုယ်သုံးချင်တဲ့ အချိန်မှ ပက်လိုက်ရင် တစ်ရက်၊ နှစ်ရက်နဲ့ ပြီးတယ်” လို့ သူက  စပါးခင်းထဲက လယ်လုပ်သားတွေကို ညွှန်ကြားရင်း  ပြောပြပါတယ်။

ဦးလှမြင့်တို့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဟာ ဓာတ်မြေသြဇာ ကုမ္ပဏီတွေအတွက်တော့ အလွန်ကြီးမားတဲ့ စျေးကွက်ကြီး တစ်ခုပါ။

သူတို့ဆီ ရောက်လာတဲ့ အရည်အသွေး မမီ၊ ဥပဒေနဲ့ မကိုက်ညီတဲ့ ဓာတ်မြေသြဇာ တံဆိပ်မျိုးစုံကို တားမြစ်ရေးအတွက် ပိုမို စစ်ဆေးထိန်းချုပ်ဖို့ လိုအပ်နေသလို၊ ဓာတ်မြေသြဇာကြောင့် မြေဆီလွှာပျက်စီးမှု လျှော့ချနိုင်ရေးအတွက်  ပညာပေး လုပ်ငန်းတွေကို အစိုးရက ထိထိရောက်ရောက် ဆောင်ရွက်ပေးဖို့  လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဓာတ်မြေသြဇာ အရည်အသွေး

နှစ်ဆန်းပိုင်းမှာ လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ မြေသြဇာကော်မတီက လူသုံးများနေတဲ့ ရွှေနဂါး တံဆိပ်ပါ မြေသြဇာ သုံးမျိုးကို မှတ်ပုံတင် ဖျက်သိမ်းလိုက်ပြီး စျေးကွက်ထဲမှာ တွေ့ရှိရင် ထိရောက်စွာ အရေးယူမယ်လို့  ထုတ်ပြန်ကြေညာခဲ့ပါတယ်။

မူလ မှတ်ပုံတင်ထားတဲ့ စံချိန် စံနှုန်းတွေနဲ့ ကွဲလွဲနေတာကို စစ်ဆေး တွေ့ရှိတာကြောင့် မြေသြဇာ မှတ်ပုံတင် စာရင်းကနေ ပယ်ဖျက်ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

Universe Industrial Group ကုမ္ပဏီထုတ်   ဓာတ်မြေသြဇာ သုံးမျိုးဟာ ဒေသခံ အများစု အသုံးပြုနေတာကြောင့် အဲဒီထုတ်ပြန်ချက်ဟာ စျေးကွက်ထဲ ပြင်းပြင်း ထန်ထန် ဂယက်ရိုက်ခဲ့ပါတယ်။

ပန်းတနော်၊ အင်းမကျေးရွာက လယ်သမား ဦးလှမြင့်ကတော့ စျေးကွက်ထဲမှာ (၂) နှစ်ကြာ တွင်ကျယ်ခဲ့တဲ့ ရွှေနဂါး Top-Oneပေါင်းသတ်ဆေးမြေသြဇာတွေဟာ စိုက်ပျိုးပြီး တစ်ပတ်အတွင်းမှာ အသုံးပြုရတာဖြစ်ပြီး ဓာတ်မြေသြဇာ တင်မကပဲ ပေါင်းသေဆေးပါ ပါတာကြောင့် လယ်သမား အများစုက ကြိုက်ကြတယ်လို့ပြောပါတယ်။

ရွှေနဂါး ဓာတ်မြေသြဇာ သုံးမျိုးကို ပိတ်ပင်ကြောင်း ကြေညာချက် ထုတ်ပြန်ပြီးနောက်ပိုင်းမှာတော့ စျေးကွက်အတွင်းက အခြား ဓာတ်မြေသြဇာတွေရဲ့ အရည်အသွေးနဲ့ ပတ်သက်ပြီး  ဒေသခံတို့ သံသယဝင်လာပါတယ်။

 ဓာတ်မြေသြဇာ ဥပဒေ အခန်း(၁ဝ) မှာ မည်သူမျှ အဆိပ်ရှိ ပစ္စည်းများ ရောနှော ပါဝင်သော မြေသြဇာကို ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း သို့မဟုတ် ဖြန့်ဖြူးရောင်းချခြင်း မပြုလုပ်ရလို့ ပါဝင်ပါတယ်။

ပုသိမ်ခရိုင် စိုက်ပျိုးရေးဌာန ဦးစီးမှုး ဦးစိန်မောင်မြင့်က ဓာတ်မြေသြဇာ နမူနာယူ စမ်းသပ်ဖို့ စျေးကွက်ထဲ လစဉ် စစ်ဆေးရေး ဝင်နေတယ်လို့ Myanmar Now ကို ပြောပါတယ်။  

“တောင်သူနဲ့ရောင်းသူတွေကြားထဲမှာ သူတို့ အချင်းချင်း ဆက်နွယ်မှုနဲ့ (လက်သိပ်ထိုးရောင်းချမှုတွေနဲ့) ရောက်ရှိနေတဲ့ ဓာတ်မြေသြဇာ တွေလည်း ရှိနေနိုင်ပါတယ်။ ဒီလို ရှိနေတာကြောင့်လည်း ဓာတ်မြေသြဇာအတု လုပ်ငန်းတွေ ပေါ်ပေါက်နေတာပါ” လို့ သူက ပြောပါတယ်။

ပန်းတနော်မြို့ ကျွန်းပေါ်သား  စိုက်ပျိုးရေး ပစ္စည်း အရောင်းဆိုင် ပိုင်ရှင် ဒေါ်ဝေနီလွင်က စျေးကွက်ထဲမှာ စံချိန်မမီတာတွေ၊ အရောအနှောတွေရှိနေ နိုင်ပေမယ့် သူတို့က ဒါတွေ ပပျောက် အောင် မစွမ်းဆောင်နိုင်ဘူးလို့ ပြောပါတယ်။

“ ဓာတ်မြေသြဇာ ဆိုတာက ပါးစပ်နဲ့လည်း မြည်းကြည့်လို့ရတာ မဟုတ်ဘူး။ အိတ်တိုင်းကိုလည်း ဓာတ်ခွဲခန်းပို့ (စစ်ဆေး)ပြီးမှ ရောင်းချဖို့ ဆိုတာလည်း မဖြစ်နိုင်ဘူး” လို့ ဒေါ်ဝေနီလွင်က ဆိုပါတယ်။

ကျောင်းကုန်းမြို့နယ်မှာနေထိုင်တဲ့ ဦးစိုးသီဟက လယ်သမား မိသားစုက မွေးဖွားခဲ့ပြီး မိဘ လက်ငုတ် လက်ရင်း လယ် (၅) ဧကကို ဆက်လက် လုပ်ကိုင်နေသူပါ။

လယ်တစ်ဧကအတွက် ဓာတ်မြေသြဇာ အိတ်တစ်ဝက် အသုံးပြုခဲ့စဉ်က   စပါးတင်း (၇ဝ) နှုန်း ထွက်ရှိခဲ့ပြီး တစ်အိတ် အပြည့် သုံးစွဲခဲ့ပြီးနောက်ပိုင်းမှာတော့ (၉၅) တင်း အထိ အထွက် တိုးလာခဲ့တယ်လို့သူက ပြောပါတယ်။  

ဓာတ်မြေသြဇာရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေကို အသေအချာ နားမလည်ဘဲ အထွက်နှုန်း တိုးချင်တာကြောင့်သာ အသုံးပြုနေကြခြင်းဖြစ်တယ်လို့ ဦးစိုးသီဟက ပြောပါတယ်။

“အခုက ကုမ္ပဏီတွေကလည်း ဓါတ်မြေသြဇာရဲ ့ကောင်းကျိုးတွေကိုပဲ ချပြတယ်။ ဆိုးကျိုးကိုကျ မပြောကြဘူး။ ဆိုးကျိုးကောင်းကျိုးတွေကို ရှင်းရှင်းလင်းလင်း ချပြသင့်တယ်” လို့ ဦးစိုးသီဟက မှတ်ချက်ပေးပါတယ်။

ပညာပေးဆောင်ရွက်ချက်

ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန အရာရှိတစ်ဦးဖြစ်တဲ့ ဒေါ်ဌေးဌေးဝင်းက ဒေသတွင်း (၂၆) မြို့နယ်မှာ ဓာတ်မြေသြဇာ အရောင်းဆိုင်ပေါင်း (၇၇၉) ဆိုင် ရှိတယ်လို့   ဌာနရဲ့စာရင်းတွေကို ကြည့်ရင်း ပြောပါတယ်။  ဒီဆိုင်တွေကို တစ်လ၂ကြိမ် စစ်ဆေးတယ်၊   ခရိုင်ဦးစီးမှုးတွေ၊ အရာရှိတွေကလည်း တောင်သူတွေကို  ပညာပေး ဆွေးနွေးနေတယ်လို့ ပြောပါတယ်။

“တောင်သူတွေကို ဓာတ်မြေသြဇာနဲ့ ပတ်သက်ပြီး  အချိန်နဲ့ တစ်ပြေးညီ သုံးဖို့၊ အချိုးညီညွတ်အောင် သုံးဖို့နဲ့ အလေအလွင့် နည်းအောင် အသုံးပြုဖို့ဆိုပြီး ညွန်ကြားပေးနေပါတယ်” လို့ ဒေါ်ဌေးဌေးဝင်းက ပြောပါတယ်။  

 “ အချိုးညီ ဆိုရင်တော့ လယ်တစ်ဧကကို ယူရီးယား တစ်အိတ်ခွဲ၊ တီစူပါ ၄ပုံ၁ပုံနဲ့ ပိုတက် တစ်အိတ် သုံးစွဲရင် အတော်ပါပဲ။ ယူရီးယား တစ်အိတ်ခွဲကို ပိုတက် တစ်အိတ်ခွဲ သုံးမယ် ဆိုရင်တော့ ပိုကောင်းတာပေါ့” လို့ သူက မှတ်ချက်ပေးပါတယ်။

စိုက်ပျိုးရေးဌာန အငြိမ်းစားအရာရှိ  ဦးမြင့်လွင်က အပင်တွေမှာ လိုအပ်ချက် ဓာတ် (၁၆) မျိုး ရှိပြီး လေထုထဲမှာ ၃မျိုးရရှိနိုင်ပြီး ကျန်တဲ့ (၁၃)မျိုး ကိုတော့ မြေဆီလွှာက ဖြည့်တင်းပေးရတယ်လို့ ဆိုပါတယ်။

“နွားချေးတို့၊ မြေဆွေးတို့ကနေ ဒီဓာတ် ၁၃လုံးမျိုးကို ရနေတယ်။ ဒီ(၁၃) မျိုးထဲမှာ (၃) မျိုးက များများ လိုတယ်။ ကျန်တဲ့   ခုလယ်သမားတွေ ဖြစ်နေတာက အများလို ဓာတ်တွေဖြစ်တဲ့ (၃) မျိုးကိုတောင် တစ်မျိုးပဲ သုံးကြတယ်” လို့ သူက ပြောပါတယ်။

အများလိုဓာတ် (၃) မျိုးထဲက တစ်ခုခု လျော့နည်းသွားရင် သီးနှံကို ထိခိုက်တယ်၊ အထူးသဖြင့် ပုလဲအားနည်းသွားရင်တော့ ပိုပြီးတော့ သိသာကြောင်း စိုက်ပျိုးရေး အငြိမ်းစားအရာရှိ  ရှင်းပြပါတယ်။

ပုသိမ်ခရိုင်၊ စိုက်ပျိုးရေး အရာရှိ ဦးစိန်မောင်မြင့်က တောင်သူ အများစုက ယူရီးယား ဓာတ်မြေသြဇာကို အသုံးပြုကြပြီး ထယ်ထိုး ထွန်မွှေမှုများခြင်း၊ စနစ်မကျခြင်း တို့ကြောင့် မြေဆီလွှာ ပျက်စီးမှုတွေဖြစ်ရတာလို့ ပြောပါတယ်။

သီးနှံမှာ စပါးတစ်ခုတည်းကို ဆက်တိုက် စိုက်ပျိုးမယ်ဆိုရင်တော့ အပေါ်ယံမှာရှိတဲ့ အလွှာတွေ ပေါက်ပြီးတော့ မြေကျွံတာလိုမျိုး ဘေးထွက် ဆိုးကျိုး ရှိကြောင်း ဦးစိန်မောင်မြင့်က ပြောပါတယ်။

ဓာတ်မြေသြဇာ သုံးတဲ့အခါမှာ ယူရီးယား၊ တီစူပါ၊ ပိုတက် ဒီသုံးမျိုးကို အချိန်နဲ့တစ်ပြေးညီ သုံးစွဲ၊  အချိုးညီမျှအောင် အသုံးပြုနိုင်ဖို့ကို ပညာပေး ဆွေးနွေးလေ့ရှိတယ်လို့ ရှင်းပြပါတယ်။

ပန်းတနော်မြို့နယ်မှာ နေထိုင်သူ ကိုမင်းမင်းဇော်က မိဘ လက်ငုတ် လက်ရင်းဖြစ်တဲ့ လယ် (၁ဝ) ဧကကို ဆက်လက် လုပ်ကိုင်နေသူ တောင်သူ တစ်ဦးဖြစ်ပါတယ်။

သူက ကွန်ပေါင်း ဓာတ်မြေသြဇာတွေထက် ဒေသခံတွေ ပုလဲလို့ခေါ်ကြတဲ့ ယူရီးယား ဓာတ်မြေ သြဇာကို အသုံးပြုတယ်လို့ပြောပါတယ်။ သူ့မိဘတွေ လက်ထက်က တင်း (၁ဝဝ)ကျော်လောက် ထွက်တဲ့ လယ်မြေဟာ သူ့လက်ထက်မှာတော့ အထွက်နှုန်း လျော့ကျလာတာကြောင့် စိုက်ပျိုးရေးဌာန ဝန်ထမ်းတွေနဲ့ တိုင်ပင်နေတယ်လို့ ကျုံတိုင်းကလေးကျေးရွာသား ကိုမင်းမင်းဇော်က ဆိုပါတယ်။

 “တောင်သူအသိနဲ့တော့ မြေကြီး တစ်ခုဖြစ်တယ်လို့တော့ မှန်းတာပေါ့။ စိုက်ပျိုးရေးဌာနကို ရောဂါဖြစ်တဲ့ အပင်တွေ ယူသွားပြီးပြတော့ သူတို့က မှိုရောဂါတစ်ခုခုဖြစ်တယ်လို့ ပြောပါတယ်” လို့ ၃၆ နှစ် အရွယ် ကိုမင်းမင်းဇော်က  ရှင်းပြပါတယ်။

မြေဆီလွှာပျက်စီးမှု    

စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေးဌာန လက်ထောက် ညွန်ကြားရေးမှုး ဒေါ်ဌေးဌေးဝင်းက သူတို့ဌာနက (၄)နှစ်တာ ပြုစုထားတဲ့ မှတ်တမ်းတွေအရ   ဒေသတွင်း (၂၆) မြို့နယ်မှာ (၁၅) မြို့နယ်ခန့်က မြေဆီလွှာ ပျက်စီးမှုတွေရှိနေတယ်လို့ ဆိုပါတယ်။ ဒီမြေဆီလွှာ ပျက်စီးမှုတွေကို အချိန်မီ ပြုပြင်ဖို့အတွက် လယ်သားတွေကို ဆွေးနွေး ညွန်ကြားတာတွေလည်း လုပ်ခဲ့တယ်လို့ဆိုပါတယ်။

မြေဆီလွှာထဲ အက်ဆစ်ဓာတ်တွေ လိုတာထက် ပိုများနေတာကို ပြုပြင်ဖို့ အတွက် ထုံးဓာတ်ကို ထည့်သွင်းပေးဖို့ လိုတယ်လို့ ပြောပါတယ်။

လယ်တစ်ဧကကို ပြုပြင်ဖို့အတွက် ထုံး တန်ဝက် ၃နှစ် ဆက်တိုက် ထည့်သွင်းဖို့ လိုအပ်ပြီး ထုံး ထည့်သွင်းတဲ့အချိန်ဟာ စိုက်ပျိုးချိန်နဲ့ အနည်းဆုံး တစ်လကြာ ကွာဟာရမယ်လို့ သူကပြောပါတယ်။ ဒီလို အချိန်ပေးပြုလုပ်ဖို့ ခက်ခဲနေမယ်ဆိုရင်တော့ သီးနှံတစ်ခါစိုက်လို့ ယူရီးယား တစ်ခါသုံးစွဲပြီးတာနဲ့ ထုံး (၂၅) ပိသာကို တစ်ဧကနှုန်း သုံးစွဲပေးရင်လည်းထိရောက် နိုင်ပါတယ်လို့ သူက ပြောပါတယ်။

“ယူရီးယား တစ်အိတ် သုံးပြီးတိုင်း ထုံး(၂၅) ပိသာသုံးပေးမယ်ဆိုရင်တော့ မြေဆီလွှာ ပျက်စီးတာတွေကို ပြင်ပြီးသားဖြစ်သွားနိုင်ပါတယ်။ “ လို့သူကပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီးတောင်သူ လယ်သမားများ သမဂ္ဂ ဥက္ကဋ္ဌ ဦးမျိုးချစ်က ဓာတ်မြေသြဇာ စံချိန်၊ စံညွှန်းနဲ့ မညီတာတွေ အတုအပတေ ရှိနေတာကြောင့် သာမက အစိုးရရဲ့ စိုက်ပျိုးရေး ပညာပေး လုပ်ငန်းတွေက အားနည်းနေတာဟာ မြေဆီလွှာ ပျက်စီးမှုတွေနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။

သူက ဧရာဝတီတိုင်းဒေသကြီးရဲ့ လယ်မြေတွေရဲ့ ၃ပုံ၂ပုံဟာ ပျက်စီးနေပြီး အချိန်မှီ ပြင်ဆင်ဖို့လည်း လိုအပ်နေတယ်လို့ Myanmar Now နဲ့ တွေ့တော့ ပြောပါတယ်။  

ပုသိမ်ခရိုင် စိုက်ပျိုးရေးဌာနမှ  ဦးစိန်ဝင်းမြင့်က  အခက်အခဲတွေကို အချိန်မရွေး ဆက်သွယ် မေးမြန်းနိုင်ဖို့အတွက် Call Centerတွေ ထားရှိပေမယ့် တောင်သူတွေဘက်က ဆက်သွယ်ခြင်း မပြုကြဘူးလို့ စိတ်ပျက်လက်ပျက် ငြီးပါတယ်။

အစိုးရသစ် ကာလ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးဖို့ ကြိုးစားတဲ့အခါမှာတော့ ပြည်သူနဲ့အစိုးရ အကြား ယုံကြည်မှု တည်ဆောက်ဖို့က ပထမဆုံး ရင်ဆိုင်ရတဲ့ အခက်အခဲတစ်ခုပါပဲ။

“တစ်ချိန်က ကျွန်တော်တို့ဌာနကို ဘယ်လိုပဲ မြင်ခဲ့မြင်ခဲ့ ဒီအချိန်မှာ မိမိရဲ့ စီးပွားရေးဘဝ တိုးတက်စေဖို့အတွက်  စိုက်ပျိုးရေးဌာနက Call Centerတွေကို ဆက်သွယ်ပြီးတော့ နေ့ည အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်။ အကူ အညီလည်းတောင်းကြပါ” လို့ ခရိုင်မှုး ဦးစိန်ဝင်းမြင့်က ပြောပါတယ်။

ဒီအတောအတွင်း အငြင်းပွားဖွယ် ဓာတ်မြေသြဇာ အသုံးပြုရေး၊ မပြုရေးက လယ်သမားတွေ ကြားထဲမှာတော့ အမြင် မတူကြပါဘူး။

ငွေဆောင်ကမ်းခြေ ဘူးခါးကျေးရွာက ဦးဇော်တိုးက ဓာတ်မြေသြဇာသုံးစွဲရင် အထွက်နှုန်း တိုးမယ်ဆိုတာကို ရရှိတဲ့ အမြတ်အစွန်းတွေက ဓာတ်မြေသြဇာဖိုးနဲ့ မကာမိဘူး လို့ ပြောပါတယ်။

ဓာတ်မြေသြဇာ အသုံးပြုပြီး စိုက်ပျိုးတာက ဒီနှစ်မှာ အသုံးပြုလိုက်ရင် နောက်နှစ်တွေနောက်နှစ်တွေမှာလဲ ဆက်တိုက် ဆိုသလို ဓာတ်မြေသြဇာကို အသုံးပြုပြီး စိုက်ပျိုးရတာဖြစ်တာကြောင့် အသုံးမပြုခြင်းဖြစ်တယ်လို့ သူကပြောပါတယ်။

“ဓာတ်မြေသြဇာ သုံးထားပြီး စိုက်ပျိုးထားတဲ့ စပါးက လူကို ဘေးအန္တရယ်ပေးပါတယ်။ ကျွန်တော်တို့ လယ်က ထွက်တဲ့ စပါးက ဓာတ်မြေသြဇာမသုံး ထားတဲ့အတွက် လူကို ဥပါဒ်မဖြစ်စေပါဘူး” လို့ ရင့်မှည့်နေတဲ့ သူ့စပါးခင်းတွေကိုကြည့်ရင်း ပြောလိုက်ပါတယ်။

ပန်းတနော်က ဦးလှမြင့်ကတော့  သူနဲ့ ဆန့်ကျင်ဘက်ပါ။

ဓာတ်မြေသြဇာ မသုံးဘဲ စိုက်ပျိုးရင် တစ်ဧကကို (၁၅) တင်းကနေ တင်း(၂ဝ)ထိ အထွက်နှုန်းလျှော့သွားတာကြောင့် ဓာတ်မြေသြဇာကို မဖြစ်မနေ သုံးစွဲနေရတယ်လို့ ဦလှမြင့်က ပြောပါတယ်။  

“ဓာတ်မြေသြဇာ သုံးစွဲတာကြောင့် မြေဆီလွှာ ပျက်စီးတယ်လို့ ပြောကြပေမယ့် အထွက်နှုန်းကတော့ တကယ် ကောင်းပါတယ်” လို့ ရိတ်သိမ်းခါနီးပြီဖြစ်လို့ ရင့်မှည့်နေတဲ့ ရွှေဝါရောင် စပါးပင်တွေကို ကိုင်ကြည့်ရင်း ပြောလိုက်ပါတယ်။     ။

ရေးသားသူ - Myanmar Now

မှတ်ချက်။ Myanamar Now ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြပါသည်။



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  ဆိုရိုးစကား  

"ကောင်းမွန်တဲ့ မျိုးစေ့က ကောင်းမွန်တဲ့ သီးနှံတွေကို ရရှိစေတယ်"