နည်းပညာသစ်နဲ့စိမ်းနေတဲ့ အာလူးစိုက်တောင်သူများ

Myanmar Now     22/01/2018 14:39 PM     Content Provider - Greenway
Photo - potatoes

ဟဲဟိုး (Myanmar Now) - မေလလယ်ပိုင်းကတောင်တန်းတွေဝန်းရံထားတဲ့ ရှမ်းပြည်နယ်၊ ဟဲဟိုးမြို့ အပြင်ဘက်လယ်ကွင်းပြင်ကြီးဟာတောင်သူတွေနဲ့ပျားပန်းခပ်လူပ်ရှားသက်ဝင်နေပါတယ်။ တောင်သူတွေဟာ စက်အား၊ လူအားသုံးပြီး ဒီဒေသရဲ့ အဓိက စိုက်ပျိုးရေး ထွက်ကုန်ဖြစ်တဲ့ အာလူးကိုတူးဖော်နေကြတာပါ။

အာလူးစိုက်တောင်သူတွေဟာ မိရိုးဖလာနည်းလမ်းတွေနဲ့သာ အများဆုံး စိုက်ပျိုးကြတယ်၊ လတ်တလော သုံးနေကြတဲ့ဒေသမျိုးတွေကလည်း မျိုးစေ့မမှန်ဘူးလို့ ဆိုပါတယ်။ ရလဒ်အားဖြင့် အထွက်နှုန်းလျော့နည်း လာခြင်း၊ အာလူးအရွယ်အစားသေးငယ်ခြင်းတို့နဲ့ ရင်ဆိုင်လာရတာပါပဲ။ မိရိုးဖလာ နည်းလမ်းသုံး သူတွေထဲမှာ ဟဲဟိုး၊ အလယ်ပိုင်း ၁ ရပ်ကွက်မှာနေထိုင်တဲ့ တောင်သူကိုဌေးဆောင်လည်း ပါဝင်ပါတယ်။

“၁၉၈ဝ လောက်က တစ်ဧကကို ပိသာချိန် ၁ဝ,ဝဝဝ လောက် ထွက်တယ်။ အဲဒီတုန်းက မျိုးလည်းမှန်တယ်။ ဒေသမျိုးပဲ စိုက်ခဲ့တာ။ နောက်ပိုင်းကျတော့ ဒေသမျိုးတွေ ပျက်လာတယ်။ မျိုးတွေက မမှန်တော့ဘူး။ မမှန်တော့ အထွက်နှုန်း တအားကျတယ်”လို့ ကိုဌေးဆောင်ကပြောပါတယ်။

မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ လက်ထောက်ဦးစီးမှူး ဦးဇော်လွင်က အာလူး ၁ ဧကကို ပိဿာ ၅,ဝဝဝ ဝန်းကျင် ထွက်နေတယ်လို့ပြောပါတယ်။ တောင်သူတွေကတော့ ၆,ဝဝဝ ကနေ ၇,ဝဝဝ ကြားထွက်တယ်လို့ ဆိုပါတယ်။ အားလုံးရဲ့ ပြောဆိုချက်မှာ တူညီတာကတော့ အာလူးအထွက်နှုန်း တိုးမလာဘူး ဆိုတာပါပဲ။

မျိုးကောင်းမျိုးသန့်အသုံးပြုမယ်၊ စိုက်ပျိုးရေးနည်းလမ်း အပြောင်းအလဲ ပြုလုပ်မယ် ဆိုရင်တော့ အာလူးအထွက် တိုးလာနိုင်မယ်လို့ ခေတ်မီ စိုက်ပျိုးရေး နည်းလမ်းကိုလေ့လာထားသူများနဲ့ စိုက်ပျိုးရေး ဦးစီးဌာနတို့ကပြောကြပါတယ်။

နည်းသစ်၊ မျိုးသစ်

စိုက်ပျိုးရေးဦးစီးဌာနရဲ့ အချက်အလက်များအရ နိုင်ငံအနှံ့ အာလူးစိုက်ဧက ၉ဝ,ဝဝဝ ကျော်ရှိပြီး ရှမ်းပြည်နယ်မှာ ၅၄,၄၅၄ ဧကရှိပါတယ်။ စိုက်ဧက အများစုက ပြည်နယ်တောင်ပိုင်းမှာ တည်ရှိနေတာပါ။

မြန်မာပြည်ရဲ့ စိုက်ပျိုးရေး လုပ်ငန်းကို ကူညီနေကြသူများထဲမှာ နယ်သာလန်နိုင်ငံက အဖွဲ့အစည်းများလည်း ပါဝင်ပါတယ်။ နယ်သာလန်ပညာရှင်များကမြေယာ ပြင်ဆင်ခြင်း၊ အကွာအဝေးစနစ်တကျ တွက်ချက်ပြီး မျိုးစေ့ချခြင်း၊ မျိုးစေ့နဲ့သီးနှံ စနစ်တကျ သိုလှောင်ခြင်းအစရှိတဲ့ စိုက်ပျိုးရေးဆိုင်ရာနည်းပညာသစ်တွေ ပို့ချပေးနေတာပါ။

သူတို့က စိုက်ပျိုးရေး နည်းစနစ် အသစ်တွေအပြင် Carolus နဲ့ Mrkies တို့လို အမျိုးအစားကောင်းတဲ့ အာလူးမျိုးစေ့ တင်သွင်းထားပါတယ်။

RijksdienstVoorOndernemend အဖွဲ့ရဲ့ ကူညီမှုကို၂ဝ၁၄ ခုနှစ်မှာစတင် ရရှိတယ်၊ Consortium of Dutch အဖွဲ့က၂ဝ၁၂ ကနေ ၂ဝ၁၅ အထိ ကူညီခဲ့တယ်လို့ သိရပါတယ်။ သူတို့ရဲ့ သင်တန်းတွေကို တက်ရောက်သူတွေထဲမှာ ဟိုပုံး၊ ဟဲဟိုးမြို့တွေကတောင်သူပေါင်း ၃ဝဝ ခန့်ပါဝင်ပါတယ်။

ဟဲဟိုးမှာ အာလူး ဧက ၆ဝ စိုက်ပျိုးနေတဲ့ ဦးအောင်သန်းကျော်က သင်တန်းတက်ရောက်ပြီးခေတ်မီ နည်းပညာ အကြောင်းလေ့လာမိတဲ့အတွက် သူ့လုပ်ငန်း အကျိုးဖြစ်နေပြီလို့ ဆိုပါတယ်။

“မျိုးစေ့ကောင်းကောင်းရွေးချယ်လာတတ်တယ်။ မျိုးစေ့ချတဲ့ အခါမှာလည်း နည်းစနစ်တကျ ချတတ်လာတော့ မျိုးစေ့ ကုန်ကျစားရိတ်လည်း သက်သာလာတယ်”လို့ ဦးအောင်သန်းကျော်ကပြောပါတယ်။ သူက ဟဲဟိုးအခြေစိုက် အာလူးစိုက်ပျိုး ထုတ်လုပ်ရောင်းချသူများအသင်းဥက္ကဋ္ဌ တာဝန်ယူထားသူပါ။

သူတို့မြို့က ဦးစိုးဝင်းကလည်း အလားတူ သုံးသပ်ပါတယ်။ “အရင်ကပုံမှန်စိုက်နေတဲ့ဟာထက် နောက်ပိုင်း ဒီသင်တန်းတက်လို့ သိလာတဲ့ အသိနဲ့ကတော့ တော်တော်ကို ကွာပါတယ်ဗျ။ အထွက်နှုန်းတွေလည်း တိုးလာပါတယ်”လို့ အာလူးတောင်သူ ဦးစိုးဝင်းကပြောပါတယ်။

တောင်သူအနည်းငယ်က ပဲစိုက်ပျိုးနည်းစနစ်သစ်ကို ကျင့်သုံးနေကြတာပါ၊ စိုက်ပျိုးနည်းသစ်တွေကို နှစ်သက်သူများထဲမှာနောင်တယားမြို့က တောင်သူ ဦးခွန်စန်းဦးလည်း ပါဝင်ပါတယ်။

“မိရိုးဖလာ ပင်ခြား၊ တန်းခြားက စိတ်တယ်။ ၁၈ လက်မကနေ လက်မ ၂ဝလောက်ပဲ ရှိတယ်။ သူတို့နည်းကတော့ ၂၈ လက်မကနေ လက်မ ၃ဝ လောက်ခြားတယ်။ မျိုးစေ့ချတဲ့နေရာ ကျဲတဲ့အတွက် မျိုးစေ့အကုန်နည်းတယ်။ ချောင်ချောင်ချိချိ ဖြစ်တဲ့အတွက် အထွက်နှုန်းတိုးတယ်”လို့ နောင်တယား အာလူးအသင်းရဲ့ အတွင်းရေးမှူးလည်း ဖြစ်တဲ့ ဦးခွန်စန်းဦးကပြောပါတယ်။

ဦးခွန်စန်းဦးက ပြီးခဲ့တဲ့နှစ်က သင်တန်းတက်ခဲ့ပြီး ရလာတဲ့ ဗဟုသုတတွေကို မိတ်ဆွေတောင်သူတွေ သိအောင် ပြန်လည်မျှဝေ ဖြစ်တယ်လို့ ဆိုပါတယ်။

နယ်သာလန် မျိုးကောင်းမျိုးသန့်တွေ စိုက်ပျိုးနေပြီး ဒီမျိုးတွေ အများအပြား ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေတယ်၊ ရန်ကုန်၊ မန္တလေးက အာလူးကြော် ထုတ်လုပ်ရေး စက်ရုံတွေကိုလည်း သွင်းတယ်၊ ဒီစက်ရုံတွေက နယ်သာလန်မျိုးကို ပိုနှစ်သက်တယ်လို့ ဦးခွန်စန်းဦးက ဆက်ရှင်းပြပါတယ်။

လိုအပ်နေတဲ့ အပြောင်းအလဲ

မျိုးစေ့မမှန်မှု၊ သွင်းအားစု ကုန်ကျစားရိတ်မြင့်တက်မှု၊ စျေးကွက်မတည်ငြိမ်မှု၊ အထွက်နှုန်း နည်းပါးမူတို့က ပုံမှန် ရင်ဆိုင်နေရတဲ့ အခက်အခဲတွေပါ။ ဒီအခြေအနေမှာပဲ ဟဲဟိုးဒေသတောင်သူ အများစုက မိရိုးဖလာနည်း အတိုင်းသာ စိုက်ပျိုးနေကြတာပါ။ သူတို့ထဲက တစ်ယောက်ကတော့ ဟဲဟိုး၊ အလယ်ပိုင်း ၁ ရပ်ကွက်က မဖြူ ဖြစ်ပါတယ်။

“ငယ်ငယ်ကတည်းက အာလူးစိုက်လာတာဆိုတော့ ကိုယ့်အမြင်နဲ့ ကိုယ်စိုက်တာပဲ ကြိုက်တယ်။ သူတို့ပေးတဲ့ သင်တန်းကိုလည်း မသွားဖြစ်ဘူး။ သူတို့ပေးတဲ့ နည်းကို မလိုချင်လို့တော့ မဟုတ်ဘူး။ ကိုယ့်နည်းကိုပဲ ပိုသဘောကျတယ်”လို့ မဖြူက ဆိုပါတယ်။

ဟဲဟိုးက ကိုဌေးဆောင်ကတော့ သင်တန်းမတက် ဖြစ်သေးပေမယ့် နည်းလမ်းသစ် သုံးတဲ့ အခင်းတွေက အာလူးအထွက်နှုန်း ပိုမိုကောင်းမွန်နေတာတွေ့ရတဲ့အတွက် နည်းပညာ အရေးကြီးမှုကို သဘောပေါက်တယ်၊ စိုက်ပျိုးနည်းစနစ်သစ်တွေကို စိတ်ဝင်စားတယ်လို့ ဆိုပါတယ်။

“သင်တန်းတွေကတော့ အခွင့်သင့်သလို သူတို့ကခေါ်ပါတယ်။ ဒါပေမဲ့ တောင်သူတွေ ဘက်ကလည်း အချိန်မပေးနိုင်တာလည်း ပါတာပေါ့”လို့ အာလူး ၁ဝ ဧက ဝန်းကျင် စိုက်နေတဲ့ ကိုဌေးဆောင်ကပြောပါတယ်။

ဒေသမျိုးခေါ် ပွင့်ဖြူမျိုး (Kufrijyoti) ကို ဒီဒေသမှာ အသုံးပြုလာတာ နှစ် ၂ဝ ကျော်လာပြီးနောက်ပိုင်း အထွက်နှုန်းလျော့နည်း လာတယ်လို့ စိုက်ပျိုးရေးဦးစီးဌာန၊ ဟဲဟိုး မျိုးပွားဥယျာဉ်ခြံ၊ ခြံဦးစီးမှူး ကိုညီညီအောင်ကပြောပါတယ်။

အထွက်နှုန်းကောင်းမွန်စေဖို့ မျိုးစေ့ ပိုမို သုံးစွဲရတာကြောင့် စိုက်ပျိုးမူ ကုန်ကျစားရိတ်က မနည်းလှပါဘူး။ အာလူးစျေးကျတဲ့ နှစ်တွေဆိုရင် တောင်သူတို့ အရူံးပေါ်ကြတယ်လို့ သိရပါတယ်။

အာလူးစိုက်ခင်း ၁,၇၇၄ ဧကရှိတဲ့ ဟဲဟိုးမှာ နည်းစနစ်သစ် အကြောင်း ပို့ချနိုင်ဖို့အတွက် စိုက်ပျိုးရေးဦးစီးဌာနနဲ့ အာလူးစိုက်ပျိုး ထုတ်လုပ်ရောင်းချသူများ အစုအဖွဲ့တို့က စီစဉ်နေကြပါပြီ။

ဒေသတွင်း နည်းစနစ်အသစ်၊ မျိုးကောင်းမျိုးသန့် အသုံးပြုမှုမှာတော့ နောင်တယားကရှေ့တန်း ရောက်နေ ပါတယ်။ စနစ်သစ်နဲ့ စိုက်ပျိုးတဲ့ တောင်သူ အရေအတွက် တိုးပွားလာဖွယ်ရှိတယ်၊ လောလောဆယ်တော့ တောင်သူ ၃ဝ ခန့်က စနစ်သစ်ကို သုံးနေကြတယ်လို့ သိရပါတယ်။

နောင်တယားဒေသမှာ အာလူး စိုက်ဧကပေါင်း ၁၇,ဝဝဝ ကျော်ရှိနေပြီး တစ်နှစ်ကို သုံးကြိမ်ခန့် အာလူးစိုက်ပျိုးကြပါတယ်။

ဟဲဟိုးမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန၊ လက်ထောက်ဦးစီးမှူး ဦးဇော်လွင်ကတော့ သက်ဆိုင်ရာဌာနတွေ၊ အဖွဲ့အစည်းတွေကလည်း အာလူးစျေးကွက် ပိုမို ကျယ်ပြန့်အောင် လုပ်ပေးသင့်တယ်လို့ ယူဆသူပါ။

မြန်မာနိုင်ငံ အာလူးစိုက် ဧရိယာရဲ့ ထက်ဝက်ကျော် ပိုင်ဆိုင်ထားတဲ့ ရှမ်းပြည်နယ်မှာ အာလူးအထွက်နှုန်း ပိုမိုကောင်းမွန်၊ စျေးကွက်အတွင်းစျေးကောင်းရမယ့် နည်းလမ်းတွေ ရှိနေတယ်လို့ သူကဆက်ပြောပါတယ်။

“တောင်သူတွေသာ စိတ်ဝင်တစားနဲ့ ရဲရဲတင်းတင်းနဲ့ စိုက်စနစ်တွေ၊ မျိုးတွေကိုပြောင်းလဲမယ်ဆိုရင်တော့ တောင်သူတွေရဲ့အခြေအနေက တိုးတက်လာမယ်”လို့ ဦးဇော်လွင်ကပြောလိုက်ပါတယ်။ ။

အောင်ငြိမ်းချမ်း/Myanmar Now



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  စကားပုံ  

"ဝါးပင်၊ ကျူပင်၊ ငှက်ပျောပင် သီးလျှင် မုချ သေကြရ"