ထိုင်းနိုင်ငံနှင့် အာဆီယံနိုင်ငံများကြား အကောင်းဆုံးစိုက်/မွေးတက္ကသိုလ် ကဆက်ဆတ်

16/01/2023 13:10 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – 58  International Agricultural Universities or Universities, which offer Agriculture

(Part 4 Agricultural Universities in Thailand)

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ (၅၈) နိုင်ငံတကာ စိုက်ပျိုးမွေးမြူရေးဆိုင်ရာတက္ကသိုလ်များ 

(အပိုင်း - ၄)  ကဆက်ဆတ် စိုက်ပျိုးမွေးမြူရေးတက္ကသိုလ်၊ ထိုင်းနိုင်ငံ  (Kasetsart University, Thailand)

ကျွန်တော်တို့မိတ်ဆွေ အာဆီယံနိုင်ငံများထဲက ထိုင်းနိုင်ငံကို ကြည့်ရအောင်ပါ။

ကဆက်ဆတ် စိုက်ပျိုးမွေးမြူရေးတက္ကသိုလ်သည် ၁၉၄၃-ခုနှစ်တွင် (မြန်မာနိုင်ငံထက် ၁၉-နှစ်နောက်ကျပြီးမှ) စိုက်ပျိုးရေးကောလိပ် (Kaset က ထိုင်းလို စိုက်ပျိုးရေးပါ) အဖြစ် စတင်ပေါက်ဖွားလာခဲ့တဲ့ ကောလိပ်ကလေးဖြစ်ပါတယ်။ ယခုတော့ ထိုင်းနိုင်ငံနဲ့ အာဆီယံနိုင်ငံများကြားမှာ စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်ပြီး အကောင်းဆုံးတက္ကသိုလ်တွေထဲမှာ ပါဝင်နေပါပြီ။

၂၀၂၂ ခုနှစ်မှာ စုစုပေါင်းကျောင်းသား (၆၈၀၀၀) ကျော်နှင့် ဝန်ထမ်းဦးရေ (၃၅၀၀) ကျော်က နယ်မြေ (Campus) ပေါင်း ၅-ခု မှာ စိုက်ပျိုး၊ မွေးမြူရေး၊ သစ်တော၊ ပတ်ဝန်းကျင်နှင့် ငါး၊ ပုစွန်လုပ်ငန်းကို အဓိကထားသင်ကြားနေပါသည်။ 

ပါမောက္ခချုပ်ရုံးက ဘန်ကင်းနယ်မြေ (Bang Khen Campus) မှာပါ။ ထိုနယ်မြေတွင် မဟာဌာနပေါင်း (၁၅) ခု (Fifteen Faculties) ရှိပါသည်။ တက္ကသိုလ် စုစုပေါင်းဧရိယာ ၃၉၇၃ ဟက်တာ (ဧက ၁၀၀၀၀ နီးပါး - ကျွန်တော်တို့နိုင်ငံက စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များ၏ မြေနေရာနှင့် နှိုင်းယှဉ်ကြည့်ပါရန်) တွင် ဘန်ကင်းနယ်မြေက ၁၃၆ ဟက်တာပဲရှိပါသည်။

(ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၇၀၀၀၀ ကျော် (ခုနှစ်သောင်း) ပါရဂူဘွဲ့ ၁၂၅၀-ကျော်နှင့် မဟာသိပ္ပံ ကျောင်းသား၊ ကျောင်းသူ ၆၇၀၀-ကျော် ပါမောက္ခ ၅၀-ဦး (*ထိုင်းနိုင်ငံတွင် ပါမောက္ခတစ်ဦး ဖြစ်ဖို့မလွယ်ပါ။ တစ်နိုင်ငံလုံးပါမှ ပါမောက္ခ ၅၀၀ ဝန်းကျင်သာရှိသည်ဟု ကျွန်တော့်မိတ်ဆွေပါမောက္ခ ပီယာဆပ် ဆရီနီဗတ်စ် (Professor Dr Peersak Srinivas) ကပြောပါသည်။ သူက အခု ပါမောက္ခ ဘဝက အငြိမ်းစားယူပြီး အမြင့်ဆုံးအဖွဲ့အစည်းတစ်ခုဖြစ်သော ကဆက်ဆတ်တက္ကသိုလ်ကောင်စီ (University Council  ကျွန်တော်တို့နိုင်ငံတွင်မရှိသေးပါ) အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေပါသည်)။ တွဲဖက်ပါမောက္ခ ၅၀၀ ကျော်၊ လက်ထောက်ပါမောက္ခ (Assistant Professor) ၁၀၀၀ ကျော်၊ သင်ကြားရေးနည်းပြ၊ သရုပ်ပြ ၂၀၀၀ ကျော်နှင့် သင်ကြားသုတေသန ပြုလျက်ရှိနေပါသည်။  

*Source: https://www.ku.ac.th/en/statistical-data/view/Kasetsart-University-Number-of-Students-Academic

ပုံ ၁ - ကဆက်ဆတ်တက္ကသိုလ်

(က) စိုက်ပျိုးရေးမဟာဌာန (Faculty of Agriculture)

ဤ မဟာဌာန ကြီးကြပ်မှု အောက်တွင်

  • (က-၁) လယ်ယာသီးနှံဌာန (Department of Agronomy)
  • (က-၂) ဥယျာဉ်ခြံသီးနှံဌာန (Department of Horticulture)
  • (က-၃) မြေဆီလွှာသိပ္ပံဌာန (Department of Soil Science)
  • (က-၄) စက်မှုလယ်ယာဌာန (Department of Farm Mechanics)
  • (က-၅) ကိမိလဗေဒဌာန (Department of Entomology) 
  • (က-၆) အပင်ရောဂါဗေဒဌာန (Department of Plant Pathology)
  • (က-၇) တောင်သူပညာပေးနှင့်ဆက်သွယ်ရေးဌာန (Department of Agricultural Extension and Communication)
  • (က-၈) မွေးမြူရေးပညာဌာန (Department of Animal Science) နှင့် 
  • (က-၉) အိမ်တွင်းမှုစီးပွားရေးပညာဌာန (Department of Home Economics) တို့ရှိပါသည်။ (ဤမဟာဌာနရှိဌာနများက မြန်မာပြည်က ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နီးပါးရှိပါသည်)၊  ဤမဟာဌာနတစ်ခုတည်းပင် ကျောင်းသား၊ ကျောင်းသူပေါင်း (၂၀၀၀) ကျော် မှတ်ပုံတင် (Registration) ၍ တက်ရောက်လျက်ရှိပါသည်။  

စိုက်ပျိုးရေးနှင့်ပတ်သက်နေသော မဟာဌာနနောက်တစ်ခုမှာ 

(ခ) စိုက်ပျိုးရေးနည်းပညာမဟာဌာန (Faculty of Agro-Industry) ဖြစ်ပါသည်။

ဤမဟာဌာနကြီးကြပ်မှု အောက်တွင်

  • (ခ-၁) စိုက်ပျိုးရေးနည်းပညာဌာန (Department of Agro-Industrial Technology)
  • (ခ-၂) ဇီဝနည်းပညာဌာန (Department of Bio-technology)
  • (ခ-၃) အစားအသောက်သိပ္ပံနှင့် နည်းပညာဌာန (Department of Food Science and Technology) 
  • (ခ-၄) ထုပ်ပိုးမှုနှင့် ထုပ်ပိုးပစ္စည်းနည်းပညာဌာန (Department of packaging and materials Technology)
  • (ခ-၅) ထုတ်ကုန်ပစ္စည်းဖွံ့ဖြိုးတိုးတက်ရေးဌာန (Department of Product Development)
  • (ခ-၆) ချည်ထည်သိပ္ပံပညာဌာန (Department of Textile Science) တို့ဖြစ်ပါသည်။

ဤမဟာဌာနတွင် အပြည်ပြည်ဆိုင်ရာကျောင်းသားများအတွက် စိုက်ပျိုးနည်းပညာတီထွင်ဖန်တီးမှုဘွဲ့ဒီဂရီ (Agro-Industrial Innovation and Technology – International Program)ပေးနိုင်မှု အစီအစဉ်ရှိပါသည်။ နိုင်ငံတကာ ကျောင်းသူ၊ ကျောင်းသားများ တက်ရောက်နိုင်ပါသည်။ ကျောင်းသားပေါင်း ၁၈၀၀ ကျော် တက်ရောက်သင်ကြားလျက်ရှိပါသည်။ 

အချို့ဌာနများသည် ကျွန်တော်တို့နိုင်ငံ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များတွင် မရှိသေးပါ။ 

(ဂ) စီးပွားရေးပညာမဟာဌာန (Faculty of Economics)

ဤမဟာဌာန ကြီးကြပ်မှုအောက်တွင်

  • (ဂ-၁) စီးပွားရေးပညာဌာန (Department of Economics)
  • (ဂ-၂) စိုက်ပျိုးရေးနှင့်သဘာဝအရင်းအမြစ်များဆိုင်ရာစီးပွားရေးပညာဌာန (Department of Agricultural and Resource Economics)
  • (ဂ-၃) သမဝါယမဌာန (Department of Co-operatives)တို့ဖြစ်ပါသည်။ 

ကျောင်းသားပေါင်း ၄၀၀၀ နီးပါး တက်ရောက်သင်ကြားလျက်ရှိပါသည်။

(ဃ) သိပ္ပံမဟာဌာန (Faculty of Science)

ဤ မဟာဌာန ကြီးကြပ်မှုအောက်တွင်

  • (ဃ-၁) သင်္ချာဌာန  (Department of Mathematics)
  • (ဃ-၂) ဓာတုဗေဒဌာန (Department of Chemistry)
  • (ဃ-၃) အဏုဇီဝဗေဒဌာန (Department of Microbiology)
  • (ဃ-၄) ဇီဝဓာတုဗေဒဌာန (Department of Biochemistry)
  • (ဃ-၅) ရုက္ခဗေဒဌာန (Department of Botany)
  • (ဃ-၆) ရူပဗေဒဌာန (Department of Physics)
  • (ဃ-၇) ဗီဇဗေဒဌာန (Department of Genetics)
  • (ဃ-၈) အသုံးချဓာတ်ရောင်ခြည်နှင့် အိုင်ဆိုတုပ်ဌာန (Department of Applied Radiation and Isotopes)
  • (ဃ-၉) ကွန်ပျူတာသိပ္ပံဌာန (Department of Computer Science) 
  • (ဃ-၁၀) မြေသယံဇာတဌာန (Department of Earth Sciences - မြေဆီလွှာ (Soil)၊   ပထဝီ (Geography)၊ ဘူမိဗဒ (Geology) တို့ ပူးတွဲပါဝင်ပါသည်)။
  • (ဃ-၁၁) ဓာတ်သတ္တုများဆိုင်ရာသိပ္ပံဌာန (Department of Materials Science)
  • (ဃ-၁၂) စာရင်းအင်းပညာဌာန (Department of Statistics)
  • (ဃ-၁၃) သတ္တဗေဒဌာန (Department of Zoology) တို့ စုံလင်အောင်ပါဝင်ပါသည်။  ဤဌာနများမှ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောပညာနှင့် ပတ်ဝန်းကျင်သိပ္ပံတို့ကို အထောက်အကူပြုသည့် သုတေသနပညာရှင်များက ဘက်ပေါင်းစုံမှထောက်ပံ့ပေးနိုင်ပါသည်။ မြန်မာနိုင်ငံရှိ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောတက္ကသိုလ်များတွင် အခြေခံသိပ္ပံဌာနငယ်ကလေးများအဖြစ် ပထမနှစ်သင်ကြားရေးလောက်သာရှိနေပြီး သုတေသနတွေပါလုပ်နိုင်ရန် သက်ဆိုင်ရာဘာသာဘွဲ့ပေးနိုင်သည့်  ပါမောက္ခအဆင့်ဌာနကြီးများဆိုလျှင်တော့ အလွန်ကောင်းမွန်ပါလိမ့်မည်။  သိပ္ပံမဟာဌာနအောက်ရှ် တစ်ချို့ဌာနများမှာ စုစုစည်းစည်း ရှိနေရပါမည်။ ကျောင်းသားပေါင်း ၃၅၀၀ ကျော် ပညာသင်ကြားလျက်ရှိနေပါသည်။

စိုက်ပျိုးမွေးမြူရေးနှင့် ဆက်စပ်နေသော အခြားမဟာဌာနများမှာ

(င) ငါးလုပ်ငန်းပညာ မဟာဌာန (Faculty of Fisheries)

ဤ မဟာဌာန ကြီးကြပ်မှုအောက်တွင်

  • (င-၁) ငါးပုစွန်မွေးမြူရေးစီမံခန့်ခွဲမှုဌာန (Department of Fishery Management)
  • (င-၂) ငါး၊ ပုစွန်ဇီဝဗေဒ ပညာဌာန (Department of Fishery Biology)
  • (င- ၃) ငါး၊ ပုစွန်ထုတ်ကုန်ဌာန (Department of Fishery Products)
  • (င-၄) ရေလုပ်ငန်းပညာဌာန (Department of Aquaculture)
  • (င-၅) အဏ္ဏဝါသိပ္ပံပညာဌာန (Department of Marine Science) စသည်တို့ဖြစ်ပါသည်။ 

ကျောင်းသား၊သူပေါင်း ၁၃၀၀-ကျော် ပညာသင်ကြားလျက်ရှိနေပါသည်။ ကျွန်တော်တို့နိုင်ငံရန်ကုန်တက္ကသိုလ်တွင် ငါး၊ ပုစွန်မွေးမြူရေးနှင့်ရေလုပ်ငန်းပညာ ဘွဲ့ကြိုသင်တန်း စတင်ဖွင့်လှစ်ပြီး  ယခုနှစ်တွင် တတိယနှစ်ရောက်နေပြီဟု ထင်ပါသည်။ ဘွဲ့လွန်သုတေသနမှာလည်း ဆရာ၊ ဆရာမ ၄-၅ ဦးခန့်တော့ သုတေသနပြုနေပါပြီ။ သို့သော် ထိုင်းနိုင်ငံ ကဆက်ဆတ်တက္ကသိုလ်လောက်တော့ တစ်နေရာတည်းတွင် စုစုစည်းစည်းမရှိသေးပါ။

(စ) သစ်တောပညာမဟာဌာန (Faculty of Forestry)

ဤ မဟာဌာန ကြီးကြပ်မှုအောက်တွင်

  • (စ-၁) သစ်တောစီမံအုပ်ချုပ်မှုပညာဌာန (Department of Forest Management)
  • (စ-၂) သစ်တောဇီဝဗေဒဌာန (Department of Forest Biology)
  • (စ-၃) သစ်တောအင်ဂျင်နီယာပညာဌာန (Department of Forest Engineering)
  • (စ-၄) သစ်နှင့်သစ်ထွက်ပစ္စည်းဌာန (Department of Forest Products)
  • (စ-၅) သစ်ပင်၊ သစ်တောများ စိုက်ပျိုးပြုစုရေးပညာဌာန (Department of Silviculture)
  • (စ-၆) သစ်တောများထိန်းသိမ်းရေးပညာဌာန (Department of Forest Conservation) တို့ဖြစ်ပါသည်။ မြန်မာနိုင်ငံ သစ်တောနှင့် ပတ်ဝန်းကျင်သိပ္ပံ တက္ကသိုလ်တွင်ပင် တစ်ချို့ဘာသာရပ်များဌာန အနေနှင့်မရှိပါ။ တစ်နှစ်လျှင် သစ်တော ကျောင်းသား၊ ကျောင်းသူ ၁၅၀ ခန့် (တက္ကသိုလ် တစ်ခုလုံး ကျောင်းသား၊ ကျောင်းသူ (စုစုပေါင်း ၅၀၀-၆၀၀ ခန့်) နှင့်ကက်ဆက်ဆတ်တက္ကသိုလ်၏ ဘန်ကင်း နယ်မြေတစ်ခုတည်းရှိ သစ်တောကျောင်း သား၊  ကျောင်းသူ များ အရေအတွက်ကို နှိုင်းယှဉ်နိုင်ပါသည်။ ဘန်ကင်းနယ်မြေ တစ်ခုတည်း သစ်တောပညာမဟာဌာန၌  ကျောင်းသား၊ ကျောင်းသူပေါင်း ၁၆၀၀-ကျော် သင်ကြား၊ သုတေသနပြုလျက်ရှိပါသည်။ ကျွန်တော့်မိတ်ဆွေ ထိုတက္ကသိုလ် လက်ရှိပါမောက္ခချုပ် ပါမောက္ခဒေါက်တာချွန်ဂရပ်ဝါချီန်ရပ် (Professor Dr Chongrak Wachrinrat) မှာ သစ်တောပညာရှင်ပါ။

(ဆ) ပတ်ဝန်းကျင်ပညာမဟာဌာန (Faculty of Environment)

ဤ မဟာဌာန ကြီးကြပ်မှုအောက်တွင်

  • (ဆ-၁) ပတ်ဝန်းကျင်နည်းပညာနှင့်စီမံခန့်ခွဲမှုဌာန (Department of Environmental Technology and management)
  • (ဆ-၂) ပတ်ဝန်းကျင်သိပ္ပံဌာန (Department of environmental Science) တို့တွင် ကျောင်းသား၊ ကျောင်းသူပေါင်း ၇၀၀-ကျော် ပညာသင်ကြားလျက်ရှိပါသည်။

(ဇ) မွေးမြူကုသရေးပညာမဟာဌာန ( Faculty of Veterinary Medicine)

ဤ မဟာဌာန ကြီးကြပ်မှုအောက်တွင်

  • (ဇ-၁) ခန္ဓာဗေဒဌာန (Department of Anatomy)
  • (ဇ-၂) ဇီဝကမ္မဗေဒဌာန (Department of Physiology)
  • (ဇ-၃) အဏုဇီဝနှင့်ရောဂါပြီးပညာဌာန (Department of Microbiology and Immunology) 
  • (ဇ-၄) ဆေးဝါးဗေဒဌာန (Depharmacology)
  • (ဇ-၅) ရောဂါဗေဒဌာန (Department of Pathology)
  • (ဇ-၆) ကပ်ပါးဗေဒဌာန (Department of Parasitology)
  • (ဇ-၇) တိရစ္ဆာန်ကျန်းမာရေးပညာဌာန (Department of Veterinary Public Health)
  • (ဇ-၈) အိမ်မွေးတိရစ္ဆာန်များအတွက် လက်တွေ့ဆေးကုသမှုသိပ္ပံဌာန (Department of Companion Animal Clinical Sciences)
  • (ဇ-၉) မွေးမြူရေးသဘာဝအရင်းအမြစ်များနှင့် ဆေးဝါးထုတ်လုပ်ရေးဌာန (Department of Farm Resources and Production Medicine)
  • (ဇ-၁၀) ကျွဲ၊ နွား စသည့်တိရစ္ဆာန်များနှင့် တောရိုင်းတိရစ္ဆာန်များ လက်တွေ့ဆေးကုသမှုဌာန (Department of Large Animal and Wildlife Clinical Science) စသည်တို့တွင် ကျောင်းသား၊ ကျောင်းသူပေါင်း ဘန်ကင်းနယ်မြေတွင် ၅၀၀-ကျော်၊ ကန်ပင်ဆန်နယ်မြေတွင် ၄၀၀-ကျော် (စုစုပေါင်း ၉၀၀-ကျော် ပညာသင်ကြားလျက်ရှိနေပါသည်။)

(ဈ) မွေးမြူရေးဆိုင်နည်းပညာများမဟာဌာန (Faculty of Veterinary Technology)

ဤမဟာဌာနကြီးကြပ်မှုအောက်တွင်

  • (ဈ-၁) မွေးမြူရေးဆိုင်ရာနည်းပညာဌာန (Department of Veterinary Technology)
  • (ဈ-၂) တိရစ္ဆာန်ပြုစုရေးဘွဲ့ကြိုသင်တန်း (Bachelor of Science program in Animal Nursing)
  • (ဈ-၃) မွေးမြူရေးဆိုင်ရာနည်းပညာ ဘွဲ့ကြိုသင်တန်း (Bachelor of Science Program in Veterinary Technology) တို့တွင် ကျောင်းသား၊ ကျောင်းသူပေါင်း ၉၀၀-ကျော် ပညာသင်ကြားလျက်ရှိပါသည်။ 

ဤဘန်ကင်းနယ်မြေ တစ်ခုတည်းတင် မဟာဌာန (၁၆) ခု ဖြင့် ကျောင်းသားပေါင်းများစွာ ပညာသင်ကြား သုတေသနပြုလျက်ရှိပါသည်။ မဟာဌာနတစ်ခုတည်းတွင်ပင် ကျွန်တော်တို့ဆီက စိုက်ပျိုး၊ မွေးမြူးရေး၊ သစ်တောတက္ကသိုလ်များရှိ ကျောင်းသားများထက် အရေအတွက်များပြားလျက်ရှိနေပါသည်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုး၊ မွေးမြူရေး၊ သစ်တောနှင့် ပတ်ဝန်းကျင်သိပ္ပံ ပညာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများ၊ သုတေသနပညာရှင်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ တက္ကသိုလ်များစွာ လိုအပ်လျက်ရှိနေပါသေးသည်။

အခြားမဟာဌာနများမှာ

(ည) စီးပွားစီမံပညာ မဟာဌာန (Faculty of Business Administration)

(ဋ) လူမှုဘာသာရပ်များ မဟာဌာန (Faculty of Humanities)

(ဌ) အင်ဂျင်နီယာနည်းပညာ မဟာဌာန (Faculty of Engineering)

(ဍ) ပိသုကာပညာ မဟာဌာန (Faculty of Architecture)

(ဎ) ပညာရေးမဟာဌာန (Faculty of Education)

(ဏ) လူမှုရေးသိပ္ပံပညာများ မဟာဌာန (Faculty of Social Sciences)

(တ) ဆေးပညာမဟာဌာန (Faculty of medicines) တို့ စုံလင်အောင်ရှိပါသည်။

(၁) ဘန်ကင်းနယ်မြေအပြင် တစ်ခြားနယ်မြေများကို ကြည့်ရအောင်ပါ။

(၂) ကင်ပန်ဆန်နယ်မြေ (Kamphaeng Saen Campus) - ပင်မတက္ကသိုလ်ကြီးနှင့် ၈၀ ကီလိုမီတာ ဝေးပြီး ၁၉၇၉ ခုနှစ်မှ စတင်တည်ထောင်ဖွဲ့စည်းခဲ့သော်လည်း ၁၂၇၂-ဟက်တာ (ဧက ၃၀၀၀) ကျော်ကျယ်ဝန်းပြီး မဟာဌာန ၆-ခုတွင် စိုက်ပျိုး၊ မွေးမြူရေး မဟာဌာန (Faculty of Agriculture) သီးသန့်နှင့် ဆန်စပါးသုတေသနဌာန  (Rice Research Institute) သီးသန့်ရှိပါသည်။ စိုက်ပျိုးမွေးမြူရေးကျောင်းသား၊ ကျောင်းသူပေါင်း ၁၉၀၀ ကျော် သင်ကြားသုတေသနပြုလျက်ရှိကာ ပင်မတက္ကသိုလ်ကြီးကို အထောက်အကူ ပြုလျက်ရှိပါသည်။ ၂၀၂၀ ခုနှစ်က တက္ကသိုလ်နှစ်ပတ်လည်နေ့တွင် ကျွန်တော်တို့ကိုဖိတ်ကြားပြီး ထိုနယ်မြေကိုလေ့လာခဲ့ရာ စပါးသုတေသနဌာနမှ အဟာရဓာတ်ကြွယ်ဝသော ခရမ်းရောင်စပါးမျိုးသစ် ထုတ်လုပ်နိုင်ရန်ပြင်ဆင်နေသည်ကို တွေ့ခဲ့ရပါသည်။ 

အင်ဂျင်နီယာ မဟာဌာန (Faculty of Engineering) အောက်တွင် စိုက်ပျိုးရေးအင်ဂျင်နီယာ (Deaprtment of Agricultural Engineering)၊ အစားအသောက်ဆိုင်ရာ အင်ဂျင်နီယာ (Department of Food Engineering) ဌာနများ သီးသန့်ရှိပြီး စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ အင်ဂျင်နီယာများစွာ မွေးထုတ်ပေးလျက်ရှိနေပါသည်။ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၀၀၀-ကျော် သင်ကြားသုတေသနပြုလျက်ရှိပါသည်။ ကျွန်တော်တို့ နိုင်ငံတွင် ရန်ကုန်နည်းပညာတက္ကသိုလ်၌ စိုက်ပျိုးရေးအင်ဂျင်နီယာ အဓိကဘာသာရပ်ရှိခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ၁၉၇၂ ခုနှစ်တွင် ရပ်တန့်ခဲ့ကာ ကျွန်တော် အမျိုးသားပညာရေးကော်မရှင်တွင် တာဝန်ထမ်းဆောင်ခဲ့တုန်းက နိုင်ငံတော်အတွက်လိုအပ်ပါသည်ဟု ဆွေးနွေးကြပြီး  ယခုနှစ် ၂၀၂၂-၂၀၂၃ ခုနှစ်ကျမှ မန္တလေးနည်းပညာတက္ကသိုလ် တွင် ပထမနှစ်မှစတင်ဖွင့်လှစ်ပါမည်ဟု ကြားသိရပါသည်။ အစားသောက်အင်ဂျင်နီယာပညာလည်း ရန်ကုန်နည်းပညာတက္ကသိုလ်တွင်ဖွင့်လှစ်နေတာ  ဒုတိယနှစ်သို့ ရောက်နေပြီဟု ကြားသိရပါသည်။ ထိုင်းနိုင်ငံကဲ့သို့ စိုက်ပျိုးရေးနှင့်ဆက်စပ်နေသောဘာသာရပ်များ တက္ကသိုလ်တစ်ခုတည်းတွင် တစ်စုတစည်းတည်းမဟုတ်ဘဲ အကွဲကွဲအပြားပြားပါ။ ကျွန်တော်တို့ ခြေလှမ်းများစွာဖြင့် အပြေးလိုက်ရပါဦးမည်။ 

ဤနယ်မြေတွင်ပဲ အားကစားသိပ္ပံမဟာဌာန (Faculty of Sports Science)၊ ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုသိပ္ပံပညာမဟာဌာန (Faculty of Education and Development Sciences)၊ ဘက်စုံဗဟုသုတနှင့်ဝိဇ္ဇာပညာ (Faculty of Liberal Arts)၊ မွေးမြူကုသရေး မဟာဌာန (Faculty of Veterinary Medicines and Veterinary Technology) များစွာရှိပါသည်။

(၃) ချာလန်ပန်ကစ်နယ်မြေ (Chalermphrakiat Campus) ပင်မတက္ကသိုလ်ကြီးနှင့် ၆၅၀ ကီလိုမီတာဝေးပြီး ၁၉၉၆ ခုနှစ်မှ စတင်တည်ထောင်ဖွဲ့စည်းခဲ့သော်လည်း ၁၁၂ ဟက်တာကျော် ကျယ်ဝန်းပြီး မဟာဌာန ၄ ခုတွင် စိုက်ပျိုးရေးနည်းပညာနှင့် သဘာဝအရင်းအမြစ်မဟာဌာန (Faculty of Natural Resources and Agro-Industry) တွင် ကျောင်းသား/သူ ၉၀၀ ကျော် ပညာသင်ကြားလျက်ရှိပါသည်။

ဤနယ်မြေတွင် သိပ္ပံနှင့်နည်းပညာမဟာဌာန (Faculty of Science and Technology)၊ ဘက်စုံဗဟုသုတနှင့်ဝိဇ္ဇာပညာ (Faculty of Liberal Arts and management Science)၊ ပြည်သူ့ကျန်းမာရေး မဟာဌာန (Faculty of Public Health) များစွာရှိပါသည်။

(၄) ဆရိုင်ရာချာနယ်မြေ (Sriracha Campus) သည် ပင်မတက္ကသိုလ်ကြီးနှင့် ၁၃၀ ကီလိုမီတာ ဝေးပြီး ၁၉၉၉ ခုနှစ်မှ စတင် တည်ထောင်ဖွဲ့စည်းခဲ့သော်လည်း ၃၂ ဟက်တာကျော်ကျယ်ဝန်းပြီး မဟာဌာန ၅-ခုရှိရာ စီမံခန့်ခွဲမှု မဟာဌာန (Faculty of Management Science) တွင် ကျောင်သား၊ ကျောင်းသူ ပေါင်း ၅၀၀၀ ကျော်ဖြင့် အားကျစရာ တက်ရောက်သင်ကြားလျက်ရှိပါသည်။  

အထူးသဖြင့် ပင်လယ်နားနီး၍ အပြည်ပြည်ဆိုင်ရာ အဏ္ဏဝါသိပ္ပံပညာ မဟာဌာန (Faculty of International Maritime Studies) မှာ နာမည်ကြီးပါသည်။ ထိုင်းကျောင်းသား၊ ကျောင်းသူနှင့် နိုင်ငံတကာကျောင်းသား၊ ကျောင်းသူပေါင်း ၇၀၀-ကျော် တက်ရောက်သင်ကြား သုတေသနပြုလျက်ရှိနေပါသည်။

(၅) ဆူပန်ဘူရီနယ်မြေ (Suphan Buri Campus)  ကို မကြာသေးမီက ဖွင့်လှစ်ခဲ့ပြီး စီးပွားရေးစီမံခန့်ခွဲမှုပညာ - ဟိုတယ်စီမံခန့်ခွဲမှုနှင့် ခရီးသွားလာမှု ဖွံ့ဖြိုးရေးဆိုင်ရာ အထူးပြုဘွဲ့သင်တန်း (Bachelor of Business Administration in Hotel and Tourism Management) စတင်ဖွင့်လှစ်လျက်ရှိပါသည်။

ကျွန်တော်တို့ မြန်မာနိုင်ငံစိုက်ပျိုးရေးကောလိပ်နှင့် စိုက်ပျိုးရေးကောလိပ်မဟာဌာန (Burma Agriculture College and Faculty of Agriculture, The University of Mandalay) ထက် နောက်ကျပြီးမှဖွင့်လှစ်ခဲ့သော ထိုင်းနိုင်ငံက ကောလိပ်ကလေးက ယခုတော့ မြန်မာကျောင်းသား၊ သူများစွာ သွားရောက်သင်ကြားသင်ယူနေရပါပြီ။

ဤတက္ကသိုလ်မှ စိုက်ပျိုးရေးဆိုင်ရာ ပါရဂူဘွဲ့နှင့် မဟာမဟာစိုက်ပျိုးရေးသိပ္ပံ ရရှိခဲ့သူများမှာအောက်ပါအတိုင်းဖြစ်ပါသည်။

  • Dr. Aung Moe Myo Tint
  • Dr. Htar Htar Naing
  • Dr. Khin Myo Myint
  • Dr. Khin Myo Nyein
  • Dr. Khin Thida One
  • Dr. Ko Ko (MS entomology and PhD from China)
  • Dr. Kyaw Ngwe
  • Dr. Myint Myint Maw
  • Dr. Nyi Nyi
  • Dr. Thida
  • Dr. Mya Thu Za (working in Kasetsart University, KPS campus)
  • Dr. Maung Maung Tar
  • Dr. Theingi Myint
  • Daw Myint Myint Aye (MS agricultural extension)
  • Daw Thuzar Myint (MS)
  • Daw Khin Myo Thant (MS)
  • U Myo Win (MS)
  • Dr. Thant Lwin Oo (MS from Kasetsart)
  • Dr. Naing Kyi Win (MS from Kasetsart)
  • Daw Nan Pa Pa Win (MS from Kasetsart)
  • Dr Kyaw Swar Oo (MS from kasetsart, PhD from India)
  • Daw Myint Yi (MS from Kasetsart)
  • Dr Nay Nay Oo
  • Dr Aye Aye Thawe
  • Dr Ohnmar Khine
  • Dr Yar Zar Hein တို့ ဖြစ်ပါသည်။ (ကျန်ရှိသူများ ကျွန်တော့်အားဆက်သွယ်ပေးပါရန်)

လက်ရှိတွင်လည်း ပါရဂူစိုက်ပျိုးရေးကျောင်းသူ ၂ ဦး၊ မဟာစိုက်ပျိုးရေးသိပ္ပံ ၄ ဦး တက်ရောက် ပညာသင်ကြားလျက်ရှိနေပါသည်။ 

ကျွန်တော်တို့ ခြေလှမ်းပေါင်းများစွာ အပြေးလိုက်ရပါဦးမည်။ စိတ်ဓာတ်ကျစရာမလိုပါ။ နောင်တစ်ချိန် ဟိုအရင် ၁၉၆၂ ခုနှစ်မတိုင်မီ ထိုင်း၊ မလေးရှားမှ ကျောင်းသားများ ရန်ကုန်တက္ကသိုလ်သို့ လာရောက်သင်ကြားခဲ့ရသလို ပြန်ဖြစ်အောင် ကျွန်တော်တို့ ကြိုးစားရပါမည်။ တစ်ဦးတယောက်အားနှင့် ယူသော်မရ၊ စုပေါင်းအားနှင့်ယူပါက မလွဲမသွေရောက်ရှိလာပါမည်။ 

(ဒေါက်တာမျိုးကြွယ်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်