စာဖတ်သူထံတွင် အညာသူအညာသား မိတ်ဆွေတစ်ဦးရှိသည်ဆိုပါစို့။ သင့်ထံ အလည်လာသည့်အခါ ဒေသလက်ဆောင်များယူလာခဲ့မည်ဆိုပါလျှင် သေချာပေါက်ပါလာနိုင်သည့် ဒေသထွက် အစားအစာလေး တစ်ခုရှိပါသည်။ ညိုညစ်ညစ်ရောင် ထန်းလျက်ခဲလေးများပင်ဖြစ်ပါလိမ့်မည်။
ထိုထန်းလျက်တစ်ခဲကစားလျှင်သာ နှစ်ကိုက်လောက်ဝါးစားလိုက်လျှင် ကုန်သွားနိုင်ပေသိ ထန်းလျက်တစ်ခဲဖြစ်ဖို့ကတော့ အဲသလောက်မလွယ်။ ထန်းလျက်ခဲလေးများဖြစ်ဖို့ ဖြတ်ကျော်ရသည့်လုပ်ငန်းတွေက များမှများဟု ထန်းတက်လုပ်ငန်း လုပ်ကိုင်သူများသည့် နွားထိုးကြီးမြို့နယ် လက်ပံရွာမှ ထန်းတောင်သူများကဆိုသည်။
နံနက်လေး နာရီလောက်မို့ အိပ်ကောင်းချိန်ဆိုပြီး ထန်းသမားမယားများ အိပ်ရာထဲဇိမ်ယူကွေးနေလို့မရပါ။ မလင်းမီလုပ်ငန်းခွင်ဝင်တော့မည့် ထန်းသမားလင်သားအတွက် ထမင်းချက်ပြုတ်ရပါ၏။ ထမင်း ဟင်းကျက်ပြီဆိုလျှင် လင်တော်မောင်ထန်းသမားကိုနှိုးကာ ထမင်းကြွေးရသည်။ တောသူတောင်သားမို့ ထမင်းအစားကြမ်းသော်လည်း ထန်းသမားများအဖို့ ၀အောင်စား၍မရပေ။
“တအားဝအောင်စားလို့မရဘူး။ ဗိုက်ကားအောင်စားထားရင် ထန်းမတက်နိုင်တော့ဘူး”ဟု ဝါရင့်ထန်းသမားဦးစန်းမြင့်ကဆိုပါသည်။
လင်တော်မောင် ထမင်းစားနေချိန် နှစ်ခြိုက်စွာအိပ်မောကျနေသည့် သားသမီးများကို နှိုးရပါသည်။ ထန်းရည်မြူအိုးများ ထန်းပင်အောက်များသို့ သွားချပေးရန်ဖြစ်သည်။ ထိုကဲ့သို့ သွားချပေးမှသာ ထန်းသမားအဖို့ ထန်းရည်ချသည့်ကိစ္စ အဆင်ပြေနိုင်မည်ဖြစ်သည်။ ကလေးများက တအည်းအဲအဲဖြင့် အိပ်ရာကထရ၏။ ပြီးနောက် မြူအိုးလေးများကို ကြိုးထိုး၊ ထန်းရည်မချဉ်စေရန်ထုံးပက်ကာ လက်နှိပ်ဓာတ်မီးလေးများဖြင့် ထန်းပင်ခြေရင်းများသို့ လိုက်ချပေးရ၏။
“ပုခက်ထဲက ကလေးပဲ မခိုင်းတာပဲ။ သုံးလေးနှစ်ကလေးဆိုရင်တော့ နိုင်သလောက် မြူအိုးသွားချခိုင်းရတာပဲ”ဟု ထန်းသမားဦးဘိုစောက ရယ်မောရင်းပြောပြသည်။ ထန်းသမားတွေက ထန်းပင်တွေကို နာမည်ပေးထားတတ်သည်မို့ ကလေးတွေက ဖခင်ဖြစ်သူ ထန်းသမားချခိုင်းသည့်အပင်အောက် သွားချရသည်။ မိတုတ်ကြီးကို ဘယ်နှလုံးချ၊ မိတုတ်လေးကို ဘယ်နှလုံးပဲချ စသဖြင့်။
စားသောက်ပြီးပြီဆို ထန်းတက်ကိရိယာအစုံယူကာ ထန်းပင်အောက်သွား၊ ပထမဆုံးတက်မည့်ထန်းပင်ရှေ့ ဖိနပ်ချွတ်ကာ လက်အုပ်ချီ ထန်းတက်လှေကား ရင်းထောင်နှင့် နဖူးထိကာ နှုတ်မှ “လက်က လွတ် ခြေကမြဲပါစေ၊ ခြေကလွတ် လက်ကမြဲပါစေ”ဟု ရွတ်ဆိုဆုတောင်းရသည်။
ထန်းပင်ပေါ်ကကျလျှင် သေတာနှင့်ကျိုးတာတစ်ခုခုမို့ လေးလေးနက်နက်ထားကာလုပ်ရသည်ဟု ထန်းသမားများကဆိုပါသည်။
ပြီးနောက် အပင်ခြေရင်းမှ မြူအိုးအလွတ်များကို ခါးတွင်ချိတ်ကာ အပင်ပေါ်တက်၊ အပင်ပေါ်မှာပြည့်နေပြီဖြစ်သည့် ထန်းရည်မြူအိုးဖြင့်လဲလှယ်ကာ တစ်ခါပြန်ဆင်းရသည်။
ထန်းသမားထန်းတက်ချိန် ချက်ပြုတ်ပြီးပြီမို့ ထန်းသမားမယား အားပြီမထင်ပါနှင့်။ ကလေးတွေကောက်ပေးလာသည့် ထန်းရည်မြူအိုးများကို ထန်းလျက်ကျိုဖို့ စပြင်ရပါပြီ။ ခြောက်ဖိုခန့်တွဲထားသည့် ဖိုများကို မီးထိုးကာ ထန်းလျက်ချက်ဖို့ပြင်ရပါ၏။ ကလေးတွေက ကျောင်းသွားချိန်ရောက်ပြီဆိုလျှင် ထန်းသမားမယား ပျာယာခတ်လေပြီ။ ထန်းလျက်ကျိုလိုက်၊ မြူအိုးကောက်လိုက်ဖြင့် တဲနဲ့ထန်းပင် အခေါက်ပေါင်း မရေမတွက်နိုင်အောင် ပြေးရသည်ဟု ထန်းသမားမယားများက ပြောပြသည်။ ထန်းလျက်ဖိုမှ မီးအပူက ရင်ကိုလာရိုက်၏။ ချွေးတွေက တပြိုက်ပြိုက်ကျ၏။ မွှေနေတုန်းများ သွားမစလိုက်နှင့်။ ယောက်မနှင့် အရိုက်ခံရပြီသာမှတ်။
ထန်းရည်တွေကိုကျိုချက်ရင်း ကျလာပြီ၊ အစေးကပ်လာပြီဆို ထန်းလျက်အဆင့်သို့ရောက်ရန် နီးစပ်လာပြီဖြစ်သည်။ ယောက်မဖြင့် မရပ်မနားမွှေပေးပြီးနောက် မီးဖိုပေါ်မှချကာ ရေတစ်ဖလားပြေးယူကာ ထန်းလျက် လုံးရသည်။ ထန်းသမားမယားအပြင် ကလေးတွေပါ ထန်းလျက်ဝင်လုံးရ၏။ ထန်းလျက်တွေက အေးသွားလျှင် ခဲသွားတော့မှာမို့ ပူပူလောင်လောင်နှင့်ပင် လက်ကိုရေဆွတ်ကာလုံးရသည်။ နံနက်ခင်း ၁၀ နာရီ ၁၁ ဝန်းကျင် ထန်းသမားများ ခဏနားသည်။ ခဏနားသည်ဆိုပေမယ့် ထန်းသမားများ နားနားနေနေမနေရပါ။ ထန်းတက်သည့်ရင်းထောင် ကြံ့ခိုင်စေရန် ပြုပြင်နေရပါသေးသည်။
ထန်းပြန်တက်ချိန် နေ့လယ်နေ့ခင်းမို့ အပျင်းပြေ ရေဒီယိုလေးချိတ်ကာ ထန်းတက်သူတွေလည်း ရှိသည်။ ကပေါက်တိကပေါက်ချာ ရရာသီချင်းအော်ဆိုနေသူတွေလည်းရှိသည်။ ရာသီဥတုကောင်းရင်တော့ ထန်းရည်ချိုကျကာ ထန်းလျက်များများထွက်မည်မို့ ထန်းသမားများမြူးကြွပြီး ပျော်နေတတ်ကြသည်။ အဲဒီလိုအခါမျိုး ထန်းတောထဲဝင်လိုက်ပြီဆိုလျှင် ထန်းတစ်ပင်ပေါ်ကနေတစ်ပင် လှမ်းစနောက်နေသည့် ထန်းသမားတွေရဲ့အသံတွေက ဟိုအပင်ပေါ်ကထွက်လာလိုက် ဒီအပင်ပေါ်က ထွက်လာလိုက်နှင့်။ “ဥတုမကောင်းလို့ ထန်းရည်ချိုမရဘူးဆိုရင်တော့ ထန်းသမားတွေငြိမ်နေတာပဲ”ဟု ထန်းသမား ဦးစန်းမြင့်ကပြောသည်။
ထန်းပင်အောက်မှာတော့ မြူအိုးကောက်တဲ့ကလေးကကောက် မယားကထန်းလျက်ကြို၊ အိုးဖုတ်သူကဖုတ်၊ ထန်းလျက်လုံး စသဖြင့်လုပ်လာလိုက်တာ ညနေ ၆ နာရီလောက်မှာတော့ ထန်းလျက် ချက်တဲ့ လုပ်ငန်းပြီးမြောက်သည်။ ထန်းသမားမယားနှင့် ကလေးများက ထန်းရည်မြူအိုးအလွတ်များကို မီးဖုတ်ရသည့်အလုပ်ကိုလည်း လုပ်ရပါသေးသည်။ ထန်းရည်ချိုကောင်းစေရန်၊ အချဉ်နံ့မထွက်စေရန်၊ အိုးသန့် သွားစေရန် မီးဖုတ်ရခြင်းဖြစ်သည်။
ထန်းလျက်ချက်ပြီးသွားပေမယ့် ထန်းသမားတွေကတော့ ထန်းပင်ပေါ်က မဆင်းရသေးပါ။ တက်နေရတုန်းပင်ဖြစ်သည်။ ညမှောင်စပျိုးလာတော့ ထန်းတက်ရတာ သိပ်မမြင်ရတော့။ ဒါကြောင့် အောက်မှာ ရှိတဲ့သူတွေက ထန်းပင်ပေါ်ကလူတွေ ထန်းတက်ရတာမြင်ရအောင် ထန်းလက်တွေကို မီးရှို့ပေးရသည်။ ထိုအချိန်ဆို ထန်းတောထဲမှာ မီးတွေက ဝင်းလက်နေသည်။ ထန်းသမားတွေ လုပ်ငန်းပြီးတော့ ည ၈ နာရီခန့်ရှိပြီ။
တစ်နေကုန်ပင်ပန်းထားကြသည်မို့ ထန်းသမားမိသားစုတွေ အပန်းတော်ဖြေကြပြီ။ ကက်ဆက်ဇာတ်လမ်းဖွင့်သံ၊ ရေဒီယိုသတင်းနားထောင်သံ၊ ကလေးတွေရဲ့ဆော့ကစားကြတဲ့ အသံတွေက ထန်းတောကြီးထဲမှာ ပဲ့တင်ထပ်လို့။ “ထန်းတောထဲမှာ ရွာကြီးတစ်ရွာလိုကိုဖြစ်နေတာ”ဟု ထန်းသမားမယားတစ်ဦးဖြစ်သူ ဒေါ်ကြည်အေးကဆိုပါသည်။ ထန်းသမားတွေက လူကသာ နားနေပေမယ့် နောက်နေ့ တက်ရမည့် ထန်းပင်တွေ ကို ဘယ်အပင်ကိုတော့ ဘယ်လိုပြင်ရဦးမည်၊ ဘယ်အပင်ကိုတော့ ဘာလုပ်ရဦးမည် စသဖြင့် တွေးတောကာ အိပ်ပျော်သွားတတ်သည်ဟု ထန်းတက်သမားများကဆိုပါသည်။
ကဆုန်၊ နယုန်ကာလဆို လေတွေဝုန်းဒိုင်းကြဲအောင်တိုက်သည့်အခါမျိုးတွေရှိသည်။ လေပြင်းတွေကြောင့် ထန်းပင်တွေလှုပ်ခါယမ်းနေတတ်ပြီး ထန်းပင်ပေါ်က အိုးတွေအချင်းချင်းရိုက်မိခြင်း၊ အပင်ပေါ် မှလျှောကျခြင်း များ ဖြစ်တတ်ပါသည်။ လေငြိမ်သွားပြီဆို ထန်းပင်အောက်ခြေများတွင် ထန်းရည်မြူအိုးအကွဲအစလေးများ ပြန့်ကျဲနေတတ်သည်။
“အိုးနဲ့ထန်းရည်ကတော့ ဆုံးတာပေါ့။ မြူအိုးကိုချည်တဲ့ကြိုးကိုတော့ ပြန်ကောက်ပြီးသုံးရတယ်”ဟု ဒေါ်အေးကဆိုသည်။
နယုန်လထဲတွင် ထန်းတောထဲ ဒေါ်ရင်းကောင်ဟုခေါ်သည့်အကောင်များက ဆူညံစွာအော်ဟစ်တတ်သည်။ ထိုအကောင်များအော်ပြီဆိုလျှင် ထန်းရည်ချိုမထွက်တော့သည့် ကာလရောက်တော့မည်မို့ ထန်းသမားမိသားစုများ စိတ်ညစ်ညူးရလေပြီ။
“ဒေါ်ရင်းကောင်တွေအော်ပြီဆို ထန်းရည်တွေမထွက်တော့ဘဲ ထန်းလျက်မရတော့မှာမို့ စိတ်ဆင်းရဲတယ်။ ကလေးတွေကတော့ ဒီအကောင်တွေအော်လို့ ထန်းရည်မရတာလို့ဆိုပြီး လိုက်ရိုက်ကြတာ”ဟု ဒေါ်အေးကပြောပြသည်။
အခြားတောင်သူလုပ်ငန်းများအတွက် မိုးမျှော်ရပေသိ ထန်းတောင်သူတို့အတွက်တော့ မိုးရွာမှာကိုကြောက်နေရ၏။ မိုးကြီးပြီဆိုလျှင် အပင်ပေါ်က ထန်းရည်မြူအိုးထဲ မိုးရေတွေဝင်ကုန်တာကြောင့် ထန်းရည်မြူ အိုးတွေ သွန်ပစ်လိုက်ရသည်။ မိုးတအားရွာတော့ ထန်းလျက်တွေ အစိုပြန်ကုန်မှာစိုးရတာကြောင့် လူတွေလုံလုံမလုံလုံ ထန်းလျက်တောင်းတွေကို လုံအောင်လုပ်ရသည်။ လေတွေပါပါလာပြီဆိုလျှင် ထန်းရည်ချို ပုံးတွေလည်း မျောပါသွားတတ်ပါသေးသည်။
ဝါခေါင်လလောက်ဆို ထန်းရည်မထွက်တော့ပြီမို့ ထန်းသမားများ ထန်းလုပ်ငန်းသိမ်းချိန်တန်လေပြီ။ အမြတ်အစွန်းရှိပြီဆိုလျှင် တောင်သူလုပ်ငန်းအတွက် နွားတွေဝယ်ကြ၊ လျှပ်စစ်မီးမရသူတွေမို့ ဆိုလာပြားတွေ ဝယ်ကြ၊ ဆိုလာရှိပြီးတဲ့သူတွေက တီဗီတွေဝယ်ကြဖြင့် ပျော်မြူးနေတတ်ကြသည်။ အမြတ်အစွန်းမရဘူး၊ ထန်းလျက်စျေးမကောင်းဘူးဆိုလျှင်တော့ ထန်းသမားများ အခက်တွေ့ ကြရပြီ။ ခြောက်လကျော် လုပ်လာ ရသည့် လုပ်အားခဆုံးရှုံးသည့်အပြင် အကြွေးပါတင်သွားကြ၏။
ထို့အပြင် ထန်းလျက်ကျိုဖို့ ထင်းတွေကရှားပါးလာပြီး စျေးတွေကြီးလာသည်။ မြူအိုးဖိုးနှင့် မြူအိုးချည်တဲ့ ကြိုးစျေးတွေကလည်း ကြီးလာပြန်သည်။ ပိုပြီးဆိုးတာက ထန်းလျက်စျေးတွေကကျလာတော့ ထန်းတောင်သူများ အခြေအနေမဟန်တော့။ မရေရာတော့သည့် ထန်းလုပ်ငန်းကိုစွန့်ခွာကာ ပြည်ပနှင့် ပြည်တွင်း အခြားဒေသများသို့ထွက်ကာ ရရာအလုပ်လုပ်လာရသည်ဟု ထန်းတောင်သူများက ဆိုပါသည်။ ထန်းတက်သူမရှိဘဲ ပစ်ထားရသည့် ထန်းပင်တွေက များလာသည်။
နွားထိုးကြီးမြို့နယ် လက်ပံရွာတစ်ရွာတည်းတွင်ပင် ထန်းတက်သူဦးရေ ထက်ဝက်ခန့်လျော့ကျသွားသည်ဟု ထန်းတောင်သူများကဆိုပါသည်။ “ထန်းသမားတွေက ထန်းလျက်ခဲလေးတစ်လုံးဖြစ်ဖို့ကို တစ်မိသားစု လုံး ရုန်းကန်ရတာ။ ထန်းလျက်စျေးတွေကမကောင်းတော့ ဘယ်လိုမှအဆင်မပြေတော့တာနဲ့ ထန်းသမားတွေ ထန်းမတက်ကြတော့ဘဲ ရရာအလုပ်တွေ ပြောင်းလုပ်နေကြရတာ။ ကြာရင် ထန်းလျက် လုပ်ငန်း ပျောက်သွား မှာတောင် စိုးရိမ်ရတယ်”ဟု နွားထိုးကြီးမြို့နယ်မှ ထန်းလျက်ပွဲစားတစ်ဦးကဆိုပါသည်။
ယခုတော့ လက်ပံရွာက ထန်းတောထဲမှာ ထန်းလျက်ချက်ဖို့ဝေးစွ၊ ထန်းသမားမိသားစုများ နေထိုင်ခဲ့သည့် တဲအိမ်လေးတွေမှာပင် နေသူမရှိ ယိုင်ထိုးကာ ပျက်စီးစပြုနေလေပြီ။ ထန်းလျက်ချက် တဲလေးတွေ ထဲမှာလည်း ထန်းရည်မြူအိုးလေးတွေက ဟိုနေရာတစ်အိုး၊ သည်နေရာတစ်အိုး ပြန့်ကျဲနေလေပြီ။ ထန်းလျက်ချက်တဲ့ ဒယ်အိုးတွေကလည်း အသုံးပြုသူမရှိ မှောက်လျက်ပင်။
ခင်မင်ရသော အညာသူအညာသားမိတ်ဆွေများ၏ အညာကအပြန် ယူဆောင်လာမည့် ထန်းလျက်ခဲလေးများကို မက်မက်မောမော မျှော်လင့်ချင်ပါသေးသည်။
ရေးသားသူ- ညီညီဇော်
7Day News Journal
ဓာတ်ပုံ- ညီညီဇော်
REF: သစ်ထူးလွင်
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်