ခရမ်းချဉ် ပန်းပွင့်သော်လည်း အသီးမတင်ခြင်းပြဿနာ

19/12/2025 11:04 AM တွင် သော်ဇင် သော်ဇင် မှ ရေးသား

ခရမ်းချဉ်ပင်များသည် ဟင်းသီးဟင်းရွက်စိုက်ပျိုးသူတောင်သူများအကြား စိုက်ပျိုးမှုအများဆုံးသော အပင်တစ်မျိုးဖြစ်သည်။ သို့သော် ခရမ်းချဉ်ပင်များ ပန်းပွင့်သော်လည်း အသီးမသီးသောအခါတွင် တောင်သူများအဖို့ စိတ်ပျက်သွားရသည်။ “ခရမ်းချဉ်ပင် ပန်းပွင့်သော်လည်း အသီးမတင်ခြင်း” ပြဿနာသည် ပတ်ဝန်းကျင်အခြေအနေများ၊ အာဟာရဓာတ် မညီမျှမှုများ၊ ဝတ်မှုန်ကူးခြင်းဆိုင်ရာ ပြဿနာများ သို့မဟုတ် ခရမ်းချဉ်ပင်ကြီးထွားမှုပုံစံများကဲ့သို့သော အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်သည်။

သတင်းကောင်းမှာတော့ ခရမ်းချဉ်ပင်များ အသီးမသီးခြင်းကို စိုက်ပျိုးသူကိုယ်တိုင် ဖြေရှင်းနိုင်ခြင်းပင်ဖြစ်သည်။ ဤဆောင်းပါးတွင် ခရမ်းချဉ်ပင် ပန်းပွင့်သော်လည်း အသီးမသီးခြင်း၏ ဖြစ်နိုင်ခြေရှိသော အကြောင်းရင်းများကို လေ့လာသွားရမည်ဖြစ်ပြီး ပန်းပွင့်များမှ ခရမ်းချဉ်သီးဖြစ်ထွန်းအောင် ကူညီပေးမည့် လက်တွေ့ကျသော ဖြေရှင်းနည်းများကိုလည်း ရေးသားပေးသွားပါမည်။ 

ပန်းပွင့်ပြီးနောက် ခရမ်းချဉ်သီးများသည် အများအားဖြင့် ရက် ၂၀ မှ ၃၀ ခန့်အကြာတွင် စတင်ထွက်ပေါ်လာသည်။ အတိအကျအချိန်သည် ခရမ်းချဉ်သီးအမျိုးအစားနှင့် ကြီးထွားမှုအခြေအနေများပေါ်တွင် မူတည်သည်။ ခရမ်းချဉ်ပန်းပွင့်ပြီးနောက် ၎င်းတို့ကို ဝတ်မှုန်ကူးရန် လိုအပ်သည်။ လေ သို့မဟုတ် အင်းဆက်တို့၏အကူအညီများမှတစ်ဆင့် သဘာဝအတိုင်း ဝတ်မှုန်ကူးနိုင်သည်။ ဝတ်မှုန်ကူးပြီးသည်နှင့် ပန်းများသည် အသီးဖြစ်ထွန်းလာပြီး ခရမ်းချဉ်သီးအစိမ်းသေးလေးများ ဖြစ်ပေါ်လာသည်ကို သတိထားမိလာမည်ဖြစ်သည်။ အပူချိန်၊ စိုထိုင်းဆနှင့် နေရောင်ခြည်တို့ကဲ့သို့သော အချက်များသည် ဤဝတ်မှုန်ကူးခြင်းအချိန်ကာလကို လွှမ်းမိုးနိုင်သည်။ ထို့ကြောင့် အရည်အသွေးကောင်းပြီး အထွက်နှုန်းတိုးစေရန်အတွက် အကောင်းဆုံး ကြီးထွားမှုအခြေအနေများကို ဖန်တီးပေးနိုင်ရန် အရေးကြီးပါသည်။ ခရမ်းချဉ်အသီးမတင်ရခြင်းအကြောင်းအရင်များမှာ ပတ်ဝန်းကျင်အခြေအနေများ၊ ဝတ်မှုန်ကူးခြင်းဆိုင်ရာ ပြဿနာများ၊ အာဟာရဓာတ်ချို့တဲ့မှုများနှင့် ပိုး/ ရောဂါများအပါအဝင် အကြောင်းအချက်များစွာ ရှိနိုင်သည်။ ဤပြဿနာကို ပိုမိုကောင်းမွန်စွာ ဖြေရှင်းနိုင်ရန် ခရမ်းချဉ်သီးများ စိုက်ပျိုးသောအခါ ပန်းပွင့်များ၏ အဓိပ္ပါယ်ကို စိုက်ပျိုးသူတို့ သိရှိထားသင့်သည်။ ခရမ်းချဉ်ပင်များ ပန်းပွင့်ခြင်းမှ အသီးသီးခြင်းသို့ ကူးပြောင်းနိုင်ရန်အတွက် ပတ်ဝန်းကျင်အခြေအနေများကို ကောင်းမွန်အောင်ပြုလုပ်ခြင်း၊ မှန်ကန်သောအာဟာရနှင့် အပင်ပြုစုပေးခြင်းအထိ မိမိခရမ်းချဉ်သီးအထွက်တိုးစေရန် နည်းလမ်းများစွာကိုပြုလုပ်ပေးရမည်။

ပတ်ဝန်းကျင်အခြေအနေများကို ကောင်းမွန်အောင်ပြုလုပ်ခြင်း

နေရောင်ခြည် - နေရောင်ခြည်မလုံလောက်ခြင်းသည် အပင်၏အသီးတင်နိုင်စွမ်းကို လျှော့ချနိုင်သည်။ ထို့ကြောင့် ခရမ်းချဉ်ပင်များသည် တစ်နေ့လျှင် နေရောင်ခြည်တိုက်ရိုက် အနည်းဆုံး ၆-၈ နာရီ ရရှိအောင်ပြုလုပ်ပေးရမည်။

အပူချိန်- နေ့ဘက်အပူချိန်ကို ၇၀°F မှ ၇၅°F အတွင်းရှိသင့်ပြီး ညဘက်အပူချိန် ၅၅°F အထက်တွင် ရှိနေစေရန် အပင်များကို အအေးဒဏ်မှ ကာကွယ်ပေးရမည်။ အဘယ်ကြောင့်ဆိုသော် ယင်းအပူချိန်အောက်တွင် ရှိပါက ပန်းများ ကြွေကျနိုင်သည်။

ရေလောင်းခြင်း- ပုံမှန်ရေလောင်းရမည်။ တစ်ပတ်လျှင် အနည်းဆုံး မြေဆီလွှာတစ်လက်မထုထည် စိုစွတ်မှုရှိသည်အထိ ရေလောင်းရမည်။ရေလောင်းခြင်းကို ရာသီဥတုအလိုက် ချိန်ညှိဆောင်ရွက်ရမည်။ မြေဆီလွှာအစိုဓာတ်ကို ထိန်းသိမ်းရန်နှင့် မြေဆီလွှာအပူချိန်ကို ထိန်းညှိရန်အတွက် အပင်ပတ်လည်တွင် မြေဆွေးဖြူးပေးရမည်။ အသီးကွဲအက်ခြင်းကို ကာကွယ်ရန် မြေဆီလွှာအစိုဓာတ်များလွန်းခြင်း၊ ခြောက်သွေ့ခြင်းမဖြစ်စေရန်အထူးသတိပြုရမည်။

ဝတ်မှုန်ကူးခြင်းကို မြှင့်တင်ခြင်း - ပျားများ၏ ဝတ်မှုန်ကူးခြင်းအတိုင်း ဖြစ်စေရန်နှင့် ဝတ်မှုန်များ ကြွေကျစေရန် မိမိခရမ်းချဉ်ပင်ကို ညင်သာစွာ လှုပ်ခါပေးရမည်။ ဝတ်မှုန်ကူးခြင်းတွင် အထောက်အကူဖြစ်စေရန် ပျားများနှင့် အခြားအင်းဆက်များကို မိမိအပင်များသို့ လာရောက်လည်ပတ်စေရန် စိုက်ခင်း အနီးအနားတွင် ပန်းများစိုက်ပျိုးခြင်းဖြင့် ၎င်းတို့ကို ဆွဲဆောင်နိုင်သည်။

မြေဆီလွှာနှင့် မြေသြဇာ - အာဟာရဓာတ်နည်းသော မြေဆီလွှာတွင် ခရမ်းချဉ်ပင် စိုက်ပျိုးခြင်းသည် စောစောစီးစီး အသီးတင်ရန် ပိုမိုဖြစ်နိုင်သည်။ အသီးအချို့ စတင်တင်လာပြီးနောက် မြေဆွေးများထည့်ခြင်းသည် ခရမ်းချဉ်သီးအလုံးကြီးများဖြစ်စေရန်နှင့် အပင်ကြီးထွားသန်စွမ်းစေရန် အားပေးသည်။ နိုက်ထရိုဂျင်နည်းပြီး ဖော့စဖရပ်စ်နှင့် ပိုတက်စီယမ် (P၊K) များသော မြေသြဇာများ၊ရွက်ဖျန်း အားဆေးများကို အသုံးပြုပေးရမည်။

 

အပင်ခေါင်နှိမ်ပေးခြင်း-ခေါင်နှိမ်သည်မှာ အသီးများတွင် အလင်းရောင်ပိုမိုရရှိစေရန် အောက်ပိုင်းအရွက်နှင့် ကိုင်းတစ်ချို့ကိုဖယ်ရှားခြင်းဖြစ်ပါသည်။ ထိုသို့ပြုလုပ်ခြင်းသည် ပင်စည်ရောဂါကျရောက်မှုကိုလျော့နည်းစေပြီး အောက်ပိုင်းပင်စည်တစ်လျှောက် လေဝင်လေထွက်ကိုလည်း ပိုမိုကောင်းမွန်စေပါသည်။ သို့သော် ခရမ်းချဉ်သည် နေပြင်းကိုမကြိုက်သဖြင့် အလွန်အကျွံခေါင်နှိမ်တာမျိုးကို မလုပ်မိစေရန်သတိပြုရမည်။

အပင်များကို ဖိအားပေးခြင်း- ခရမ်းချဉ်ပင်များကို တစ်ပတ်ခန့် အစာမကျွေးဘဲထားခြင်းဖြင့် အပင်များ အသားကျနေသော အခြေအနေများကို ပြောင်းလဲစေပြီး ပန်းပွင့်ရန် လှုံ့ဆော်ပေးနိုင်သည်။

သီးပွင့်ဟော်မုန်းအားဆေး(Blossom-Set) များကိုသုံးစွဲခြင်း - ခရမ်းချဉ်နှင့် ငရုတ်ပင်များတွင် ပန်းပွင့်ခြင်းနှင့် အသီးတင်ခြင်းကို အားပေးသည့် ဟော်မုန်းဖြစ်သော Blossom Set ကို အပင်များပေါ်တွင်ဖျန်းပေးပါ။ ဥပမာ(NAA hormone,GA3, Nitrophenol)

လုံလောက်သော နေရာပေးထားခြင်း- ခရမ်းချဉ်ပင်များကြားတွင် နေရာလုံလုံလောက်လောက် ပေးထားခြင်းသည် လေဝင်လေထွက် ပိုမိုကောင်းမွန်စေပြီး ရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေသည်။

မိမိစိုက်ခင်း ခရမ်းချဉ်ပန်းပွင့် ဝတ်မှုန်ကူးခြင်း ရှိ၊ မရှိ သိနိုင်မည့်နည်းလမ်း

ခရမ်းချဉ်ပန်းပွင့် ဝတ်မှုန်ကူးခြင်း ရှိ၊ မရှိသိနိုင်ရန် ပန်းပွင့်ပြီးနောက် လေ့လာကြည့်ရှု့ရမည်။ ဝတ်မှုန်ကူးပြီးသော ပန်းတစ်ပွင့်သည် ပန်းဖတ်များ ညှိုးနွမ်း၍ ကြွေကျပြီး ပန်းပွင့်၏ အောက်ခြေရှိ မျိုးဥအိမ်သည် ဖောင်းလာမည်ဖြစ်ပြီး အသီးစတင်ဖြစ်ပေါ်လာသည်ကို ပြသသည်။ ထို့အပြင် ပန်းပွင့်နေရာတွင် ခရမ်းချဉ်သီးအစိမ်းသေးသေးလေးများ ဖြစ်ပေါ်လာခြင်း ရှိ၊ မရှိ စစ်ဆေးပါ။ အကယ်၍ ပန်းပွင့်သည် ကြာရှည်စွာ မညှိုးနွမ်းဘဲ ရှိနေပါက သို့မဟုတ် အသီးဖြစ်ပေါ်ခြင်း၏ လက္ခဏာများ မပြပါက ထိရောက်စွာ ဝတ်မှုန်မကူးခြင်း ဖြစ်နိုင်သည်။

ခရမ်းချဉ်ပင်အရွက်များ လိပ်နေပြီး အသီးမသီးရခြင်းအကြောင်းအရင်း

ခရမ်းချဉ်ရွက်များ လိပ်နေခြင်းသည် အပင်ဖိစီးမှု သို့မဟုတ် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ညွှန်ပြတတ်သည်။ အဖြစ်များသော အကြောင်းရင်းများမှာ ရေပုံမှန်မလောင်းခြင်းကြောင့် ဖြစ်ပေါ်လာသော ရေရှားပါးခြင်း သို့မဟုတ် ရေများခြင်း၊ အာဟာရဓာတ်ချို့တဲ့ခြင်း၊ အထူးသဖြင့် ပိုတက်စီယမ် ချို့တဲ့ခြင်း၊ သို့မဟုတ် ပျကောင်များ သို့မဟုတ် မွှားပင့်ကူနီကဲ့သို့သော ပိုးမွှားများ ကျရောက်ခြင်းတို့ကြောင့် အရွက်များ ပျက်စီးနိုင်သည်။ အပူချိန်လွန်ကဲခြင်း သို့မဟုတ် လေပြင်းတိုက်ခြင်းကဲ့သို့သော ပတ်ဝန်းကျင်ဆိုင်ရာ အချက်များသည်လည်း အရွက်လိပ်ခြင်းကို ဖြစ်စေနိုင်သည်။ ထို့အပြင် အပင်သည် အသီးမသီးပါက ဝတ်မှုန်ကူးမှု မလုံလောက်ခြင်း၊ နေရောင်ခြည်မရခြင်း သို့မဟုတ် အပင်ဖိစီးမှုများခြင်း ထိုအချက်များကြောင့် ဖြစ်နိုင်သည်။ ဒီပြဿနာကို ဖြေရှင်းရန် ရေလောင်းသည့် လုပ်ငန်းစဉ်ကို ပြန်လည်ဆန်းစစ်ခြင်း၊ ပိုးမွှားများ ရှိ၊ မရှိ စစ်ဆေးခြင်း၊ အဟာရဓာတ်လုံလောက်မှုရှိမရှိ သေချာစစ်ဆေးပြီး အကောင်းဆုံးကြီးထွားမှုအခြေအနေများကို လုပ်ဆောင်ပေးနိုင်ရန်ဆောင်ရွက်ရမည်။

လေတိုက်ခြင်းသည် ခရမ်းချဉ်သီး ဝတ်မှုန်ကူးခြင်းတွင် အခန်းကဏ္ဍတစ်ခုမှ ပါဝင်နိုင်သော်လည်း အကောင်းဆုံး အသီးတင်ရန်အတွက် ၎င်းတစ်မျိုးတည်းဖြင့် လုံလောက်မှု မရှိနိုင်ပါ။ ခရမ်းချဉ်ပန်းများသည် အဖိုနှင့် အမ အစိတ်အပိုင်းနှစ်ခုလုံးပါရှိသောကြောင့် ၎င်းတို့ကိုယ်တိုင် ဝတ်မှုန်ကူးနိုင်သည်။ သို့သော် လေသည် ပန်းများကို လှုပ်ခါပေးခြင်းနှင့် ဝတ်မှုန်ထုတ်ပေးခြင်းဖြင့် အထောက်အကူပြုနိုင်သည်။ ပိုမိုကောင်းမွန်သော ဝတ်မှုန်ကူးခြင်းအတွက် အထူးသဖြင့် လေငြိမ်ခြင်း သို့မဟုတ် စိုထိုင်းဆများသော အခြေအနေများတွင် အပင်များကို ညင်သာစွာ လှုပ်ခါပေးခြင်း သို့မဟုတ် ပန်းများအကြား ဝတ်မှုန်ကူးရန်အတွက် စုတ်တံသေးသေး သို့မဟုတ် ဂွမ်းတံကို အသုံးပြုနိုင်သည်။ လေဝင်လေထွက်ကောင်းမွန်စေရန်နှင့် သင့်လျော်သော စိုထိုင်းဆပမာဏကို ထိန်းသိမ်းခြင်းသည်လည်း အောင်မြင်သော ဝတ်မှုန်ကူးနိုင်ခြေကို မြှင့်တင်ပေးနိုင်သည်။

ခရမ်းချဉ်သီးများ အသီးတင်နိုင်ရန်အတွက်အပင် ကြီးထွားမှုအခြေအနေကို ဂရုတစိုက်စောင့်ကြည့်ခြင်း၊ ရေနှင့် အာဟာရဓာတ်ပမာဏကို လုံလောက်မျှတစွာပေးခြင်း၊ ဝတ်မှုန်ကူးခြင်းကို မြှင့်တင်ရန်အတွက် အစီအမံများ ပြုလုပ်ခြင်း၊ မှန်ကန်သောစိုက်ခင်းပြုစုနည်းများဖြင့် ခရမ်းချဉ်သီးအထွက်နှုန်းကို သိသိသာသာ တိုးတက်စေနိုင်သည်။

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်