ရေသတ္တဝါမွေးမြူရေးတွင်ရှိသင့်သော ကန်ရေအရည်အသွေး

09/07/2024 15:30 PM တွင် သက်နိုင်(ငါးဦးစီး - ငြိမ်း) သက်နိုင်(ငါးဦးစီး - ငြိမ်း) မှ ရေးသား

ငါး/ပုစွန်မွေးမြူရေးတွင် သားပေါက်ထုတ်လုပ်ရေး (Seed Production) နှင့် အသားတိုးမွေးမြူရေး (Farm Production) နှစ်ခုစလုံးအတွက် အသုံးပြုမည့်  ပင်ရင်းရေ (Water Source) သည် အလုံအလောက်ရှိရမည့်အပြင်  ယင်းရေ၏ အရည်အသွေး (Water Quality) သည် အရေးကြီးသည့် အချက်တစ်ခုဖြစ်သည်။ သားပေါက်ထုတ်လုပ်ရေးအတွက် ပို၍ အရေးကြီးသည်။

ရေချိုပုစွန်သားပေါက်ထုတ်လုပ်ရေးတွင် ရေချိုအပြင် ရေငန်ရရှိနိုင်သော ပင်ရင်းနှင့် ယင်းရေ၏ အရည်အသွေးသည် ကောင်းမွန်ရန် လိုသည်။ အသုံးပြုမည့် ရေ ပင်ရင်းသည် ငါး/ပုစွန် များအတွက် ရောဂါဖြစ်ပွားခြင်းနှင့် သေဆုံးခြင်း ဖြစ်စေနိုင်သော ညစ်ညမ်းသည့် ရေ (Polluted Water) နှင့် ရေအဆိပ်သင့်ခြင်း (Water Toxicity) ဖြစ်ပေါ်စေနိုင်သည့် အနေအထားက ကင်းဝေးစေမှသာလျှင် သားပေါက်နှင့် အသားတိုး ထုတ်လုပ်ရေးတို့အတွက် ကောင်းစွာ အသုံးပြုနိုင်မည် ဖြစ်ပါသည်။

ငါး/ပုစွန်သားပေါက်နှင့် အသားတိုး မွေးမြူရေးအတွက် အဓိက ရေချိုရရှိနိုင်သော အရင်းအမြစ်များ (Water Sources) မှာ -

၁။ မြေမျက်နှာပြင်အထက်တွင် ရှိသောရေ (Surface Water)

(က) မိုးရေ (Rain Fed) အား စုဆောင်းရယူအသုံးပြုခြင်း

(ခ) မြစ်ရေ၊ ချောင်းရေ (River, Stream) အား ရယူအသုံးပြုခြင်း

၂။ မြေမျက်နှာပြင်အောက်တွင်ရှိသောရေ (Underground Water)

(က) တိမ်သောအဝီစိတွင်းရေ (Surface Well)

(ခ) နက်သောအဝီစိတွင်းရေ (Deep Well) တို့ဖြစ်သည်။

အဆိုပါရေပင်ရင်းနှစ်ခုဖြစ်သော Surface Water နှင့် Well Water တို့တွင် သားပေါက် နှင့် Well Water တို့တွင် သားပေါက်နှင့် အသားတိုးထုတ်လုပ်မွေးမြူရေးအတွက် အထူးသဖြင့် Surface Water အား အသုံးများသည်။ ယင်း Surface Water တွင်းမှ မိုးရေကို လှောင်ထားသော ရေလှောင်ကန်များမှ တိုက်ရိုက်သော်လည်းကောင်း၊  စိုက်ပျိုး ရေးအတွက် အသုံးပြုရန် လွှတ်ပေးထားသည့် တူးမြောင်းများမှလည်းကောင်း စိုက်ပျိုးရေးအတွက် အသုံးပြုရန် လွှတ်ပေးထားသည့် တူးမြောင်းများမှလည်းကောင်း အဓိကရယူအသုံး ပြုကြ သည်။

မိုးရေသည် သဘာဝအတိုင်း သန့်ရှင်းမှုအရှိဆုံးဖြစ်သော်လည်း အက်ဆစ်အနည်းငယ်ဆန်သည့် ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) ဓာတ်ငွေ့ပါဝင်နေမှုကြောင့် မိုးရေသည် များသောအားဖြင့် pH-7 အောက် နိမ့်ကျနေတတ်သည်။ လိုအပ်ပါက pH-7 အထက် မြင့်တက်စေရန် ထုံးထည့်ခြင်း ဆောင်ရွက်ရန် လိုသည်။

စိုက်ပျိုးရေးမြေဧရိယာနှင့် နီးစပ်လျက်ရှိသော မိုးရေကို စုဆောင်းရယူထားသည့် ရေလှောင်ကန်နှင့် မြစ်ချောင်းများမှ ရေကို အသုံးပြုမည်ဆိုပါက စိုက်ပျိုးရေးတွင် အသုံးပြုသည့် ဓာတုဆေးဝါးများ (Agricultural Chemicals) များ အထူးသဖြင့် ပိုးသတ်ဆေးအကြွင်းအကျန် များ (Pesticide Residues) ပါလာလျှင် ငါးပုစွန်များအား လျင်မြင်စွာ ပျက်ဆီးသေဆုံးနိုင်သည်။ ထို့ပြင် စက်မှုဇုံများနှင့် နီးကပ်လျက်ရှိသော မြစ်ချောင်းများမှ ရေအား သားပေါက်နှင့် အသားတိုးအတွက် အသုံးပြုရန် မသင့်တော်ပေ။ စက်ရုံများမှ စွန့်ပစ်ပစ္စည်းများ (Industrial Waste) သည် ငါးပုစွန်များကို အဆိပ်သင့်ကာ သေစေနိုင်သည်။ အထူးသဖြင့် သတ္ထုမာ (Hevy Metal) များဖြစ်သည့် ခဲ (Lead), ကက်ဒ်မီယမ် (Cadmium) နှင့် ပြဒါး (Mercury) ပါဝင်မှုများ နိုင်သောကြောင့် ဖြစ်သည်။ မြန်မာပြည်အနေဖြင့် မြစ်ချောင်းရေသည် မိုးရေထက် ပို၍ ညစ်ညမ်းမှုဖြစ်နိုင်သည်။

အဝီစိတွင်းရေတွင် တိမ်သော အဝီစိတွင်းရေသည် နက်သော အဝီစိတွင်းရေထက် ပို၍ နောက်ကျိမှုဖြစ်စေသည်။ သို့သော်လည်း ဓာတ်သတ္ထုများ ပါဝင်မှုအနေဖြင့် နက်သော အဝီစိတွင်းရေက ပိုမိုပါဝင်နိုင်သည်။ အဝီစိတွင်းရေသည် တခါတရံ ဓာတ်သတ္ထုပါဝင်မှုများ အလွန်များသည်ကို တွေ့ရသည်။ အထူးသဖြင့် သံဓာတ် (Fe), မဂ္ဂနီး (စ်) (Mn), ဆာလဖာ (S), မဂ္ဂနီယမ် (Mg) နှင့် ခဲ (Pb) စသည်တို့ဖြစ်သည်။ တိမ်သော အဝီစိတွင်းရေ သည် မြေပြင်မှ (၇၅ ပေ) အနက်အတွင်းရှိသဖြင့် ပျော်ဝင်အောက်ဆီဂျင်ပါဝင်မှု ကောင်းသည်။ နက်သော အဝီစိတွင်းရေသည် ရေသန့်ရှင်းကြည်လင်မှုရှိ၍ ကပ်ပါးများ အဏုဇီဝပိုးများ ဓာတ်ကြွင်းများနှင့် အနည်းများ ရောထွေးပါဝင်မှု ကင်းရှင်းသော်လည်း ပျော်ဝင်အောက်ဆီဂျင် ပါဝင်မှုနည်းကာ ဓာတ်ဆားများ ပျော်ဝင်နေတတ်သည်။

ရေညစ်ညမ်းမှုနှင့် ရေအဆိပ်သင့်ခြင်း (Water Pollution & Water Toxicity)

ရေညစ်ညမ်းမှုနှင့် ရေအဆိပ်သင့်ခြင်းတို့သည် ဆက်စပ်လျက်ရှိသည်။ Hatchery (သို့) Farm များတွင် အသုံးပြုသော ရေတွင်ညစ်ညမ်းမှုဖြစ်လာသည်နှင့် အခြားမလိုလားအပ်သော ရောဂါပိုးများ ဝင်ရောက်လာကာ ငါးများ ရောဂါရ၍ သေဆုံးခြင်းရှိနိုင်သလို ရေညစ်ညမ်းမှု ကြောင့် ရေအဆိပ်သင့်ခြင်း ဖြစ်ပေါ်ကာ ငါးများ သေဆုံးနိုင်ပါသည်။

ရေညစ်ညမ်းမှု မဖြစ်စေရန် သားပေါက်ထုတ်လုပ်ရေးတွင် အထူးဂရုပြုရန် လိုအပ် သည်။ ငါး/ပုစွန်များ သေဆုံးရခြင်းသည် များသောအားဖြင့် Disease နှင့် Water Toxicity ကြောင့်သာ ဆုံးရှုံးမှုများ ဖြစ်နေရခြင်း ဖြစ်သည်။ တခါတရံ သားပေါက်ပြုစုကန်ရေများ (Hatchery Water) တွင် ရေညစ်ညမ်းမှု မရှိသော်လည်း စနစ်တကျ သန့်ရှင်းစွာ ကိုင်တွယ် အသုံးမပြုတတ်ခြင်းကြောင့် ပြင်ပမှ ညစ်ညမ်းမှု (Contamination) ဝင်ရောက်ပြီး ယင်းမှ ဘက်တီးရီယား၊ ကပ်ပါး၊ မှိုစသည့်ရောဂါများ ဝင်ရောက်၍ ငါး/ပုစွန်များ သေဆုံးတတ်သည်။

သားပေါက်ကန်များတွင် ရေညစ်ညမ်းမှု ဖြစ်ရခြင်းသည် အစားကျွေးရာမှ ပိုလျှံသော အစာများ၊ Uneaten Foods များ၊ သတ္တဝါများမှ တိုက်ရိုက်စွန့် ထုတ်သော အညစ်အကြေး များ (မစင်နှင့် Waste Nitrogen)၊ သတ္တဝါများ သေဆုံးခြင်းများကြောင့် ရေမှာ ညစ်ညမ်းမှု ဖြစ်လာပါသည်။ သားပေါက်ရေတွင် အထူးသဖြင့် အမိုးနီးယား (NH3), နိုက်ထရိုက် (NO2) နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) ပမာဏများမြင့်တက်လာကာ ယင်းမှ ရေအဆိပ်သင့်ခြင်း ဖြစ် ပေါ်၍ သားလောင်းများ သေဆုံးကြောင်း တွေ့ရသည်။

Over Feeding ဖြစ်ပါက သားပေါက်ကန်တွင်သာမက အသားတိုးကန်များတွင်ပါ “Nutritional Disease” ဖြစ်ကာ ငါးများသေဆုံးနိုင်သည်။ ငါးကန်များတွင် ကန်တွင်း၌ ဇီဝ အညစ်အကြေးများ၊ အပင်အပုပ်အဆွေးများ အများအပြား ရှိနေပါက Biological Oxygen Demand (B.O.D) မြင့်မားလာက ရေညစ်ညမ်းမှုဖြစ်ပေါ်ခြင်း (ကန်ရေမဲလာပြီး ကန်အောက် ခြေမှ အမြှပ်များတက်လာခြင်း) ၊ ပြုပြင်ခြင်းမရှိသည့် ကန်ဟောင်းများတွင် Hydrogen Sulfite (H2S) ဓါတ်ငွေ့ထွက်လာပြီး အဆိပ်သင့်မှု မြင့်မားကာ ငါးများ သေစေနိုင်သည်။

Water ToxicityPollution (ရေညစ်ညမ်းမှု အဆိပ်) ဖြစ်ရခြင်း၏ အဓိကအကြောင်းအရင်းမှာ -

(က) Domestic Waste (လူနေအိမ်ခြေနှင့် ဆိုင်သော စွန့်ပစ်အညစ်အကြေး)

(ခ) Industrial Waste (စက်ရုံမှ စွန့်ပစ်အညစ်အကြေး)တို့ကြောင့် ဖြစ်သည်။ မြစ်ရေညစ်ညမ်းရခြင်း (River Pollution) သည် အဓိကအားဖြင့် Domestic Waste နှင့် Industrial Waste များကြောင့် ဖြစ်သည်။ Domiestic Waste ကြောင့် B.O.D ပါဝင်မှု မြင့်မားလာကာ ညစ်ညမ်းမှုဖြစ်နိုင်သလို Industrial Waste များကြောင့် Chemical Oxygen Demand (C.O.D) ပါဝင်မှု မြင့်မားလာက ညစ်ညမ်းမှုဖြစ်စေနိုင်သည်။ Industrial Waste တွင် အထူးသဖြင့် Heavy Metals များ ပါဝင်လာမှုကြောင့် အဆိပ်သင့်မှု ဖြစ်စေခြင်းဖြစ်သည်။ ဥပမာ ဘက်ထရီပလိပ်ပြား ထုတ်လုပ်သော စက်ရုံများမှ ခဲ (Lead) များ၊ စက္ကူစက်ရုံများမှ ပြဒါး (Mercury) များ ပတ်ဝန်းကျင် မြစ်ချောင်းများသို့ ရောက်ရှိနိုင်ခြင်း ဖြစ် သည်။

အဆိပ် (Toxic) ဖြစ်ရာတွင် ချက်ချင်းပြင်းထန်လျင်မြန်စွာ အဆိပ်သင့်ခြင်း (Acute Toxicity) နှင့် တဖြည်းဖြည်း ကာလရှည်ကြာစွာ အဆိပ်သင့်ခြင်း (Chronic Toxicity) ဟူ၍ ရှိသည်။ ပိုးသတ်ဆေး (Pesticide) တွင် ပါဝင်သော အင်းဆက်သတ်ဆေး (Insecticide) ပါဝင် မှု Range (5 to 10 g) ရှိသော ရေတွင်ငါးများသည် Acute Toxicity ဖြစ်ပေါ်စေပါသည်။

မွေးမြူထား‌သောငါး/ပုစွန်များ ကျန်းမာရေးကောင်းပြီး ရှင်သန်ကြီးထွားနှုန်းကောင်းကာ ရောဂါဒဏ်များ ခံနိုင်ရည်ရှိနိုင်စေရန်မှာ ၎င်းတို့နေထိုင်ကျက်စားရာ အဓိကပတ်ဝန်း ကျင်ဖြစ်သော ရေ၏ အရည်အသွေးပေါ်တွင် မူတည်နေသည်။ သို့ဖြစ်ပါ၍ ညစ်ညမ်းမှုကင်းသော၊ အဆိပ်အတောက်ကင်းသော ရေပင်ရင်းများရွေးချယ်အသုံးပြုနိုင်ပါစေကြောင်း အကြံပြုအပ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်