ပေါင်းမြက်ကာကွယ်နှိမ်နင်း စပါးကြဲပက်စိုက်ခင်း

06/03/2020 15:00 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    နွေရာသီမှာ တိုက်ရိုက်မျိုးစေ့ချနည်းစနစ်ဖြင့် စပါးကို ကျယ်ပြန့်စွာစိုက်ပျိုးကြောင်း မြင်တွေ့နိုင်သည်။ အများစုက ကြဲပက်စိုက်ပျိုးသည်။ မြန်မာနိုင်ငံမှာသာမက ကမ္ဘာမှာပါ စပါးကို ကြဲပက်စိုက်ပျိုးမှုများ ရှိလာနေသည်။ 

    ပျိုးထောင်ကောက်စိုက်စနစ်နှင့် နှိုင်းယှဉ်လျှင် လုပ်အားခကုန်ကျစရိတ်ကို လျော့ချနိုင်လို့ဖြစ်သည်။ ပျိုးထောင်စရာမလို၊ ပျိုးခင်းကို ပြုစုစောင့်ရှောက်စရာမလို၊ ပျိုးနှုတ်စရာမလို၊ ပြောင်းရွှေ့ကောက်စိုက်စရာမလိုပါချေ။

    အောက်ပိုင်းဒေသတွေမှာ လယ်သမားတစ်ဦးချင်းပိုင် မြေဧရိယာများပြားခြင်းသည်လည်း တစ်ချက်ပါဝင်သည်။ မုတ်သုန်စောဝင်သဖြင့် အချိန်မီရိတ်သိမ်းပြီးဖို့ မြန်မြန်စိုက်ရန်လိုအပ်လို့ ဖြစ်နိုင်သည်။

    အထက်ပိုင်းဒေသတွေမှာတော့ ဆည်ရေဖြင့် နှစ်သီးသုံးသီး သီးထပ်စိုက်ပျိုးရာတွင် တစ်သီးပြီးတစ်ပြီး တက်သုတ်ရိုက်စိုက်ဖို့ လိုပြန်သည်။ အချိန်ဆွဲနေ၍မဖြစ်ပါ။ ကြဲပက်စိုက်ပျိုးစနစ်က လွယ်လွယ်ကူကူ စိုက်ပျိုးပြီးစီးနိုင်လို့ ဖြစ်နိုင်ပါသည်။ 

    လုပ်ကိုင်နည်းစနစ်မှန်အောင် ဆောင်ရွက်ပါလို့ တိုက်တွန်းလိုပါသည်။ တစ်ဧကအထွက် နှုန်းမြင့်မားစေဖို့ ဖြစ်ပါသည်။ 

    မြေကို ကောင်းစွာထွန်ယက်ပြီး ညီညာအောင် ကြမ်းရိုက်ပါ။ ကြမ်းရိုက်မှသာ တမန်းပြင် ညီမည်။ တမန်းပြင်ညီမှသာ ရေပြင်ညီမည်။ မြေလပ်ကုန်းပေါ်လာလျှင် ပေါင်းမြက်ပင်များ ပေါက်လာတော့သည်။ ကြမ်းရိုက်မြေညှိခြင်းသည် ပေါင်းမြက်ကာကွယ်နှိမ်နင်းရေးအတွက် နည်းလမ်းကောင်းတစ်ခု ဖြစ်ပါသည်။

    ထွန်ရေးတမန်းကောင်းစွာပြင်ပြီး ပျိုးထောင်ကောက်စိုက်ရန်ကဲ့သို့ ကြမ်းတုံးဖြင့် ကြမ်းရိုက်မြေညှိပြီးလျှင် လယ်ကွက်အတွင်းမှရေကို ပြောင်စင်အောင်ခါပါ။ 

    ရေပြောင်စင်အောင်ခါဖို့ဆိုတာ တော်တော်ခက်သည်။ တမန်းပြင်ပေါ်မှာ မြောင်းငယ်လေးတွေ အလျားလိုက်ဖေါ်ပြီး အနိမ့်ပိုင်းကန်သင်းအခြေရှိ ကန့်လန့်မြောင်းသို့ ရေကို ရောက်ရှိစေသည်။ ထိုကန့်လန့်မြောင်းသို့ ဝင်လာသမျှရေသည် ကတွတ်ပေါက်မှတစ်ဆင့် လယ်ကွက်ပြင်ပသို့ တစ်ဖြည်းဖြည်း စီးဆင်းစေခြင်းဖြင့် ကုန်စင်အောင်ထုတ်ပစ်ရန်ဖြစ်ပါသည်။ 

    လယ်ကွက်ထဲ ရေရှိနေလျှင် စပါးမျိုးစေ့တွေ အပင်ပေါက်တော့ပေါက်သည်။ နှေးကွေးနေမည်။ ကြုံလှီနေမည်။ အပင်မပေါက်ဘဲ အကွက်လိုက် လစ်ဟာနေတာ  မြင်ဖူးပါသည်။ 

    စာပါးစပ်ပြူ အညှောက်ပေါက်မျိုးစေ့ကို တမန်းပြင်ပေါ်  ညီညာစွာ ကြဲပက်စိုက်ပျိုးပါ။ တိုက်ရိုက်မျိုးစေ့ကြဲပက်စိုက်ပြီး သုံးရက်အကြာတွင်မူ လယ်ကွက်အတွင်းသို့ ရေကိုခပ်ပါးပါး သွင်းပေးပါ။ ခပ်ပါးပါးဆိုသည်မှာ စပါးအပင်ပေါက်ငယ်လေးများ၏ အရွက်ထိပ်ဖျားမမြုပ်ရုံ အခြေအနေအထိ သွင်းပေးရန်ဖြစ်ပါသည်။

     တစ်ဧကမျိုးစေ့နှုန်း သုံးစွဲမှု မှန်ပါစေ။ ရေနေရေထိုင်နှင့် တမန်းမြေ ကောင်းမွန်စွာ မပြုပြင်နိုင်မှုတို့ကြောင့် စပါးမျိုးစေ့အပင်မပေါက်နိုင်မှု၊ ကြွက်၊ ငှက်အဖျက်အဆီး စသည်တို့ကြောင့် ဆုံးရှုံးနိုင်မှု၊ အပင်ပေါက်လာသော်လည်း ကြုံလှီပျက်စီးနိုင်မှုတို့ကို ခြုံငုံစဉ်းစားပြီး သုံးစွဲသင့်သည့် မျိုးစေ့နှုန်းကို ဆုံးဖြတ်သင့်သည်။ ထို့ပြင် မျိုးစေ့၏အပင်ပေါက်ရာခိုင်နှုန်းကိုလည်း ထည့်သွင်းတွက်ချက်ရန် ဖြစ်ပါသည်။ 

     တစ်ဧကလျှင် မျိုးစေ့တစ်တင်းမှ တစ်တင်းခွဲသည် သင့်တော်သောမျိုးစေ့နှုန်းဖြစ် ကြောင်း သုတေသနပညာရှင်များသာမက လယ်သမားအများစုကလည်း လက်ခံထားသည်။ သို့သော် မျိုးစေ့ချနည်းစနစ်ပေါ်မူတည်ပါသည်။ ကြဲပက်ခြင်း၊ လက်ဖြူးချခြင်း၊ လက်စုချခြင်း၊ ၆ လက်မခြား မျိုးစေ့ချကရိယာအသုံးပြုခြင်း၊ ၈ လက်မခြား မျိုးစေ့ချကရိယာအသုံးပြုခြင်း စသည်တို့အပေါ်မူတည်ပြီး မျိုးစေ့ကုန်ကျမှု ကွာခြားမည်သာဖြစ်သည်။ မည်သည့်မျိုးစေ့ချနည်းစနစ်ဖြင့် မျိုးစေ့ချသည်ဖြစ်စေ အလေးထား ဆောင်ရွက်သင့်သည်မှာ ပေါင်းမြက်ကာကွယ်နှိမ်နင်းရေး ဖြစ်ပါသည်။

    စပါးတိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးလျှင် ပေါင်းသတ်ဆေးကို မဖြစ်မနေသုံးစွဲပါ။ ပေါင်းမြက်ကြောင့် စပါးအထွက်မလျော့စေဖို့ဖြစ်သည်။ စနစ်တစ်ကျသုံးစွဲပါလို့ ပြောလိုပါသည်။  သေစေချင်သော ပေါင်းမြက်နှင့် အသုံးပြုသည့် ပေါင်းသတ်ဆေး ကိုက်ညီဖို့လိုပါသည်။ 

     အချို့ပေါင်းသတ်ဆေးက မြက်အုပ်စုဝင်ပေါင်းများကို သေစေသည်။ ရွက်ပြားပေါင်းအုပ်စုကို မသေစေနိုင်သလို မုံညင်းအုပ်စုကို မသေစေနိုင်တာလည်းရှိသည်။ အမျိုးအစားရွေးချယ်မှု မှန်ရန်လိုသည်။ ထို့ပြင် ပေါင်းမြက်မပေါက်မီ ဖျန်းရသည့် ပေါင်းသတ်ဆေးလား၊ ပေါင်းမြက်ပင်ပေါက်ပြီးမှ သေစေရန် ဖျန်းရသည့် ပေါင်းသတ်ဆေးလား ကွဲပြားသေးသည်။ အမျိုးအစား ကိုက်ညီဖို့လိုပါသည်။

    ဆေးဖျန်းချိန်ကလည်း အရေးကြီးသေးသည်။ အညွှန်းတွင် အပင်ပေါက်ပြီး ဘယ်နှစ်ရက် အကြာတွင်ဖျန်းရန်ဟု ရေးထားတတ်သည်။ အချို့ပေါင်းသတ်ဆေးက ပေါင်းမြက်အရွက် နှစ်ရွက်မှ သုံးရွက်ခန့်ထွက်ချိန် အပင်ငယ်စဉ်မှာ ဖျန်းရန်ဖြစ်သည်။ ထိုသို့ဖြစ်ပါက ဆေးဖျန်းမည့်ရက်တွင် ပေါင်းမြက်ပင်၏ အရွက်ထွက်မှုနှင့် ကိုက်ညီဖို့လိုပါသည်။ 

    ပေါင်းမြက်ပင်၏ အရွက်ထွက်ကြီးထွားမှုသည် ထိုအချိန်ရှိ နေ့အပူချိန်ပေါ် မူတည်နေပြန် သည်။ အပူချိန်မြင့်က ကြီးထွားနှုန်းမြန်ပြီး အေးသောရက်များတွင် ပေါင်းမြက်ကြီးထွားမှုမှာ နှေးနေတတ်ပါသည်။ ထိုသို့ဆိုလျှင် ပေါင်းသတ်ဆေးအာနိသင်ကောင်းဖို့ ဆေးဖျန်းချိန် သတ်မှတ်ထားသည့် အရွက်ထွက်မှုနှင့် ကွဲလွဲနေတတ်သေးသည်။ 

    ပိုဆိုးသည်မှာ ပေါင်းမြက်ကိုမြင်မှ သိသိသာသာကြီးထွားနေမှ ပေါင်းသတ်ဆေးကို ဖျန်းနေခြင်းပင်ဖြစ်သည်။ ပေါင်းမြက်ပင်က ဖွံ့ဖြိုးကြီးထွားနေပြီဖြစ်လို့ နောက်ကျဖို့ သေချာနေသည်။ မထိရောက်၍ ပေါင်းမြက်မသေဘဲ အကျိုးမရှိဖြစ်တတ်သည်ကို သတိမူရန်ဖြစ်ပါသည်။

    အစိုတမန်းပြင် တိုက်ရိုက်စိုက်စပါး (Wet Seeded Rice) အထူးသဖြင့် ကြဲပက်စိုက်ပျိုးစနစ်သည် ပေါင်းမြက်ကြောင့် ဆုံးရှုံးမှုများနိုင်သဖြင့် ပေါင်းမြက်ကာကွယ်နှိမ်နင်းရေးရှုထောင့်မှ စဉ်းစား၍ တမန်းကောင်းအောင်ပြုပြင်ပါ။ မျိုးစေ့နှုန်းသုံးစွဲမှု မှန်ပါစေ။ ပေါင်းသတ်ဆေးကို စနစ်တကျသုံးစွဲပါလို့ တိုက်တွန်းလိုပါသည်။ 

ဆင်းသီဟ


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်