အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ (အပိုင်း -၂၀) အခန်း (၁၁) လယ်ယာသီးနှံစိုက်ပျိုးရေးပညာ (က)

25/04/2022 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

စိုက်ပျိုးမွေးမြူရေး (Agriculture) ၏ အောက်တွင် သီးနှံသိပ္ပံ (Crop Science) နှင့် တိရစ္ဆာန် မွေးမြူရေးသိပ္ပံ (Animal Science) ဟူ၍ ပညာရပ်(၂) ခု ရှိပါသည်။ သီးနှံသိပ္ပံ၏ အောက်တွင်မှ (က) Agronomy (လယ်ယာသီးနှံ) နှင့် (ခ) Horticulture (ဥယျာဉ်ခြံသီးနှံ) ဟူ၍ ထပ်မံခွဲခြားနိုင်ပါသည်။

လယ်ယာသီးနှံ (Field Crops) ၏ အဓိပ္ပာယ် ဖော်ပြချက်မှာ ကွင်းကျယ်စနစ်ဖြင့် (Extensive Cultivation)  စိုက်ပျိုးနိုင်သော သီးနှံ (Field Crops) များကို ၁ - အစားအစာ (Food) အဖြစ် ဥပမာ- ဆန်၊ ဂျုံ၊ ၂ - လောင်စာ (Fuel) အဖြစ် ဥပမာ-ကြံ၊ နှံစားပြောင်းနှင့် ၃ - အမျှင်ထွက်အပင်များ (Fiber) ဥပမာ-ဝါ စိုက်ပျိုးထုတ်လုပ်ခြင်း (Crop Production) ကို ခေါ်ဆိုနိုင်ပါသည်။ 

တစ်နည်းအားဖြင့် (က) စားရေး (Food) (ခ) ဝတ်ရေး (Clothing) (ဂ) နေရေး (Living) နှင့် သီးနှံသစ်တောရောနှောစိုက်ခြင်း (Agroforestry) မှ သစ်၊ ဝါးထုတ်လုပ်ခြင်း အခြေခံများ အကုန်ပါသည်ဟူ၍ ပြောဆိုနိုင်ပါသည်။

ဘာသာခွဲများအနေဖြင့် ထပ်မံခွဲထုတ်ရလျှင် -

(က) နှံစားသီးနှံ စိုက်ပျိုးထုတ်လုပ်ရေး (Cereal Crops Production) 

        ဥပမာ - စပါး (Paddy/Rice)၊ ဂျုံ (Wheat)၊ ပြောင်းဖူး (Maize/Corn)၊ နှံစားပြောင်း (Sorghum) 

(ခ) ဆီထွက်သီးနှံစိုက်ပျိုး ထုတ်လုပ်ရေး (Oil Seed Crops Production)

ဥပမာ - မြေပဲ (Groundnut)၊ နှမ်း (Sesame)၊ နေကြာ (Sunflower)၊ ဆီအုန်း (Oil palm)

(ဂ) အမျှင်ထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်ရေး (Fiber Crops Production)

        ဥပမာ - ဝါ (Cotton)၊ ဂုန်လျှော် (Jute)၊ နာနတ်လျှော် (Sisal)၊ ငှက်ပျောလျှော် (Abaca)

(ဃ) ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်ရေး (Food Legumes Production)

         ဥပမာ - ကုလားပဲ (Gram/ Chickpea)၊ ပဲစဉ်းငုံ (Pigeon Pea)၊ မတ်ပဲ (Black Gram)၊ ပဲတီစိမ်း (Green Gram)၊ ပဲပုတ် (Soybean)၊ ပဲကြီး (Lablab Bean)

(င) သကြားထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်ရေး  (Sugar Crops Production)

 ဥပမာ - ကြံ (Sugarcane)၊ သကြားမုန်လာ (Sugar Beet) 

(စ)  ဥစားသီးနှံများ  စိုက်ပျိုးထုတ်လုပ်ရေး (Root Crops Production)

         ဥပမာ - အာလူး (Potato)၊ ကန်စွန်းဥ (Sweet Potato) 

(ဆ)  အဖျော်ယမကာပင်များ စိုက်ပျိုးထုတ်လုပ်ရေး (Beverage Crop Production)

         ဥပမာ - ကော်ဖီ (Coffee)၊ လဖက် (Tea) ၊ ကိုကိုး (Cocao)

(ဇ)  ဆေးဘက်ဝင်အပင်များ/ဘယဆေးပင်များစိုက်ပျိုးထုတ်လုပ်ရေး (Medicinal Plants /Herb Production)

         ဥပမာ -  ရှားစောင်းလက်ပတ် (Aloe Vera)၊  သစ်ကြံ့ပိုး (Cinnamon )၊ သံပုရာ (Lime)၊ ပင်စိမ်း (Basil)၊ ဌက်ဖျားဖြတ်ဆေး (Quinine)

(ဈ)  အစေးထွက်ပင်များ  စိုက်ပျိုးထုတ်လုပ်ရေး (Latex Plants Production)

        ဥပမာ - ကြက်ပေါင်စေး  (Rubber)၊ 

(ည) ဟင်းခတ်အမွှေးအကြိုင်များ စိုက်ပျိုးထုတ်လုပ်ရေး (Spices and Condiments Production)

        ဥပမာ - ကြက်သွန်နီ (Onion)၊ ကြက်သွန်ဖြူ (Garlic)၊ ဂျင်း (Ginger)၊ နံနံ (Corianda)၊ ငရုတ်ကောင်း (Pepper)၊ နနွင်း (Tumeric) တချို့အပင်များမှာ ဟင်းခပ်အမွေးအကြိုင်ပင်၊ ဘယဆေးပင်၊ ဟင်းသီးဟင်းရွက် (Vegetables) စသည်ဖြင့်အသုံးပြုမှုမူတည်ကာ အခေါ်အဝေါ်ကွဲပါသည်။ 

ထို့အတူ လယ်ယာသီးနှံ ဘာသာကြီးအောက် ဘာသာခွဲများမှာ-

(၁)ပေါင်းသိပ္ပံပညာ (Weed Science) (သီးခြားရေးပါမည်)

(၂)မျိုးစေ့သိပ္ပံပညာ (Seed Science) (သီးခြားရေးပါမည်)

(၃)စားကျက်သိပ္ပံပညာ (Pasture Science) (အပိုင်း ၁၅-၁၆ တွင်ကြည့်ပါ)

(၄) လယ်ယာသီးနှံများ ရိတ်သိမ်းချိန်လွန်နည်းပညာ (Post-harvest Technology of Agronomic Crops) (သီးခြားရေးပါမည်)

(၅) လယ်ယာသီးနှံဆိုင်ရာ မိုးလေဝသပညာ (Agro-meteorology, Agro-Climatology) (သီးခြားရေးပါမည်)

(၆) ဂေဟအခြေခံစိုက်ပျိုးရေးဗေဒ (Agroecology) (သီးခြားရေးပါမည်)

(၇) လယ်ယာသီးနှံဆိုင်ရာ သီးနှံမျိုးမွေးမြူရေးနှင့် မျိုးကောင်းမျိုးသန့် မွေးမြူရေး (Crop Breeding and Improvement) - ထိုဘာသာရပ်မှာ တစ်ချို့နိုင်ငံ တက္ကသိုလ်များ၌ Agronomy ဌာနအောက်တွင် ထားရှိသော်လည်း တစ်ချို့နိုင်ငံတက္ကသိုလ်များတွင် အပင်မျိုးမွေးမြူရေး (Plant Breeding)ဌာန သီးသန့်ရှိပါသည်။ စိုက်ပျိုးရေးတက္ကသိုလ် လယ်ယာသီးနှံဌာနရှိ ဆရာကြီးဦးသန်းအောင်နှင့် ဆရာကြီး ဦးမြသောင်းတို့မှ ဩစတြေး လျနိုင်ငံ ဆစ်ဒနီတက္ကသိုလ် (University of Sydney) မှ ထိုပညာများ သင်ယူလာပြီး လယ်ယာသီးနှံဌာနတွင် မျိုးမွေးမြူရေးလုပ်ငန်း သုတေသနများကို သုတေသန လုပ်သွား ခဲ့ပါသည်။

(၈) လယ်ယာသီးနှံဆိုင်ရာ အာဟာရဗေဒ (Crop Nutrition)

လယ်ယာသီးနှံများ၏ မြေကြီးမှ အာဟာရဓာတ်ရရှိမှု၊ စုပ်ယူမှု၊ သဘာဝမြေဩဇာ၊ ဓါတ်မြေဩဇာများ ကျွေးမွေးပြုစု စောင့်ရှောက်မှုတို့ ပါဝင်ပါသည်။ ဤဘာသာကို တစ်ချို့နိုင်ငံတက္ကသိုလ်များတွင် လယ်ယာသီးနံ (Agronomy) အောက်၌ ထည့်သွင်းသင်ကြား သုတေသနပြုပြီး တစ်ချို့တက္ကသိုလ်များတွင် မြေဆီလွှာသိပ္ပံနှင့် အပင်အာဟာရဗေဒ (Soil Science and Plant Nutrition) ဘာသာရပ်အောက်တွင် ထည့်သွင်းသင်ကြား သုတေသနပြုလျက် ရှိပါသည်။ လယ်ယာသီးနှံဌာနမှ ပါမောက္ခဆရာကြီး ဒေါက်တာ ဆလိုင်းထွန်းသန်း၊ ဆရာကြီး ဦးစံသိန်းတို့မှာ ဤဘာသာရပ်ဖြင့် အမေရိကန်နိုင်ငံမှ ပါရဂူဘွဲ့နှင့် မဟာသိပ္ပံဘွဲ့ ရရှိခဲ့ပြီး ဌာနတွင် သင်ကြားရေးနှင့် လက်တွေ့အသုံးချ သုတေသနများ ပြုလုပ်သွားခဲ့ပါသည်။

ကျွန်တော်  ဂျာမဏီနိုင်ငံ၌ ပါရဂူဘွဲ့အတွက် ကျမ်းပြုစုစဉ်က ကျွန်တော်၏ကျမ်းကို ကြီးကြပ်ပေးသည့်ဆရာ ပါမောက္ခ ဒေါက်တာအေဗူးကတ် (Professor Dr. A. Buerkert) မှာလည်း အဆိုပါ ဘာသာရပ်ကျွမ်းကျင်သူ သီးနှံဗေဒပညာရှင် (Agronomist) ဖြစ်ခဲ့၍ ကျွန်တော့်ပါရဂူဘွဲ့အတွက် ပြောင်းဖူး၊ ပဲတီစိမ်း သီးနှံများ၏ သီးလှည့်စိုက်ပျိုးခြင်း (Crop Rotation) ကြောင့် အကျိုးဖြစ်ထွန်းမှု၊ သဘာဝမြေဩဇာ (Natural Fertilizer)၊ နွားချေး (Farmyard Manure) မြေဩဇာအသုံးပြုခြင်းအပေါ် သီးနှံအထွက်နှုန်းနှင့် မြေဆီလွှာမှ အာဟာရဓာတ် (နိုက်ထရိုဂျင်၊ ဖော့စဖရပ်) များစုပ်ယူမှု ဆက်စပ် လေ့လာမှုများ ပြုလုပ်ခဲ့ရပါသည်။

(၉) လယ်ယာသီးနှံဆိုင်ရာ ဇီဝကမ္မဗေဒ (Crop Physiology)

လယ်ယာသီးနှံများ၏ အပင်ကြီးထွားမှု (Growth) အပင်ခြောက်အလေးချိန် (Dry Weight or Dry Matter)၊ အရွက်ဧရိယာ (Leaf Area)၊ နေရောင်ခြည် (Solar Radiation)၊ အလင်းရောင် စုပ်ယူပြီးမှ အလင်းရောင်ဖြင့်အစာချက်လုပ်မှု (Solar Energy and Photosynthesis) စသည်တို့များစွာ ပါဝင်ပါသည်။ ဤဘာသာရပ်ကို ကမ္ဘာ့အချို့တက္ကသိုလ်များတွင် လယ်ယာသီးနှံ (Agronomy) အောက်၌ သင်ကြားပြီး တစ်ချို့တက္ကသိုလ်များတွင် သီးနှံသိပ္ပံ (Crop Science) အောက်တွင် သင်ကြား၊ သုတေသန ပြုလုပ်လေ့ရှိပါသည်။

လယ်ယာသီးနှံဌာနတွင် ဆရာကြီး ဦးစံသိန်းမှ ဤဘာသာရပ်ကို မျိုးစေ့ချခဲ့ပြီး ကျွန်တော် ၁၉၇၉ ခုနှစ် မဟာသိပ္ပံတန်း တက်ရောက်ခဲ့စဉ်က စိုက်ပျိုးရေးရုက္ခဗေဒဌာန (Agricultural Botany) မှ ပါမောက္ခ ဆရာမကြီး ဒေါက်တာလှတင်ဦး (ဆရာမကြီးက အပင်ဇီဝကမ္မဗေဒပညာရှင် Plant Physiologist)  နှင့်အတူ ကျွန်တော့်အား သင်ကြားခဲ့ရရာ ဆရာမကြီးနှင့် ဆရာကြီးတို့၏ ကျေးဇူးကြောင့် ဤဘာသာရပ်အပေါ် စိတ်ဝင်စားခဲ့ရပြီး ဩစတြေးလျနိုင်ငံ ကွင်းစလန်းတက္ကသိုလ်တွင် ကျွန်တော် မဟာသိပ္ပံ တက်ရောက်ခဲ့စဉ်က အပူပိုင်းဒေသ သီးနှံသိပ္ပံ (Tropical Crop Science) အထူးပြုသင်တန်းတွင် ဤဘာသာရပ်နှင့် ဆက်စပ်ဘာသာရပ် သုံး၊ လေးဘာသာခန့် သင်ကြားခဲ့ရပြီး မဟာသိပ္ပံပြီး၍ ၁၉၈၉-ခုနှစ် ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်သို့ ပြန်ရောက်သည့်အခါ သီးနှံဇီဝကမ္မဗေဒ (Crop Physiology) မှနေ၍ သီးနှံကြီးထွားမှုဆိုင်ရာ ဇီဝကမ္မဗေဒ (Growth Physiology) ကို သင်ကြားသုတေသန ပြုပေးခဲ့ပါသည်။ ကျွန်တော်၏ မဟာသိပ္ပံ သုတေသနမှာ မြေပဲများ၏ ကြီးထွားမှုနှင့် နေရောင်ခြည်စွမ်းအင်မှ ပြောင်းလဲ အစာချက်လုပ်မှုစွမ်းအင် (Growth and Solar Energy Conversion Efficiency in Peanut Arachis hypogea Cultivars) သုတေသနပြုခဲ့ရပါသည်။

ကျွန်တော်၏ မဟာသိပ္ပံကျမ်း ကြီးကြပ်ဆရာများမှာ ပါမောက္ခ ပက်ဘလမ်းမီ (Prof. Dr. Pax Blamey) နေကြာသီးနှံဗေဒနှင့်အာဟာရဓာတ်ဗေဒ ပညာရှင် (Sunflower Agronomist and Nutritionist) နှင့် စပါးဇီဝကမ္မဗေဒပညာရှင် (Rice Physiologist) ပါမောက္ခ ရှူဖူကိုင်း (Prof. Dr. Shu Fukai) တို့ဖြစ်ပါသည်။ သီးနှံဇီဝကမ္မဗေဒသည် အခြေခံအပင်ဇီဝကမ္မဗေဒ (Fundamentals of Plant Physiology) မှ ဆင်းသက်လာသော ဘာသာရပ်ဖြစ်ပြီး လယ်ယာသီးနှံဆိုင်ရာ ဇီဝကမ္မဗေဒ (Agronomic Crop Physiology)၊ ဥယျာဉ်ခြံသီးနှံဆိုင်ရာ ဇီဝကမ္မဗေဒ (Horticultural Crop Physiology)၊ သစ်တောဆိုင်ရာ သစ်ပင်ကြီးများအတွက် ဇီဝကမ္မဗေဒ (Tree Crop Physiology) စသည်ဖြင့် ခွဲခြားနိုင်ပါသည်။ တစ်ချို့ကလည်း သီးနှံတစ်ခုချင်းအလိုက် လေ့လာသုတေသနပြုမှုများနှင့် စာအုပ်၊ စာတမ်းများ အသေးစိတ်ပြုစုထားပါသည်။ ဥပမာ- စပါးဇီဝကမ္မဗေဒ (Rice Physiology)၊ မြေပဲဇီဝကမ္မ (Groundnut Physiology)၊ သရက်သီးဇီဝကမ္မ (Mango Physiology)၊ ဂေါ်ဖီထုတ်ဇီဝကမ္မဗေဒ (Cabbage Physiology)၊ ကျွန်းသစ်ဇီဝကမ္မဗေဒ (Teak Physiology)၊ ဝါးဇီဝကမ္မဗေဒ (Bamboo Physiology) နှင့် သီးနှံဇီဝကမ္မဗေဒဘာသာရပ်ကို ထပ်မံခွဲခြမ်းစိတ်ဖြာရလျှင်-

(က) ကြီးထွားမှုဆိုင်ရာ ဇီဝကမ္မဗေဒ (Growth Physiology)

အပင်ကြီးထွားမှု (Plant Growth)၊ အရွက်ကြီးထွားမှု (Leaf Growth)၊ အမြစ်ကြီးထွားမှု (Root Growth)၊ အသီးအပွင့်ကြီးထွားမှု (Fruits/Grains and Flower Growth)၊ တို့ကိုလေ့လာနိုင်ပါသည်။ 

(ခ) ဖိအား၊ ညှစ်အားဆိုင်ရာ ဇီဝကမ္မဗေဒ (Stress Physiology)

ဥပမာ- ရေဖိအား၊ ညှစ်အားဆိုင်ရာ ဇီဝကမ္မဗေဒ (Water Stress Physiology) အောက်တွင် ရေမလုံလောက်၍ ရေငတ်ဒဏ်ခံနိုင်ရန် လေ့လာသောဇီဝကမ္မဗေဒ (Drought Stress Physiology)၊ ရေများ၊ ရေဝပ်ဒဏ်ခံနိုင်ရန်လေ့လာသော ဇီဝကမ္မဗေဒ (Waterlogged Stress Physiology)၊ အပူရှိန်ဆိုင်ရာဇီဝကမ္မဗေဒ (Heat Stress Physiology)၊ အပူပိုင်းဒေသများတွင် အပူချိန်များ၍လည်းကောင်း (High Temperature)၊ သမပိုင်းနှင့် အအေးပိုင်းဒေသများတွင် အပူချိန်နည်းလွန်း၍ (Low Temperature)၊ အလွန်အေးလွန်း၍ (Chilling Temperature) လည်းကောင်း အပင်များသေကြေပျက်စီးမှု၊ ကြီးထွားနှုန်းနှေးကွေးမှု မဖြစ်အောင်၊ အပင်များအထွက်နှုန်းမနည်းအောင် အသေးစိတ် လေ့လာရသော ဘာသာရပ်များအထိ အသေးစိတ်လေ့လာ သုတေသနပြုလုပ်နိုင်ပါသည်။ နိုင်ငံတိုင်းတွင် သီးနှံတစ်ခုချင်းအလိုက် ပညာရှင်များစွာ အသေးစိတ်လေ့လာသုတေသနပြုပြီးမှ တောင်သူဦးကြီးများ သီးနှံအထွက်နှုန်းတိုး၊ ဝင်ငွေများစွာ ရရှိအောင် ကူညီပေးကြပါသည်။ မြန်မာနိုင်ငံတွင် တက္ကသိုလ်၊ ကောလိပ် သုတေသနများ၌ ဤကဲ့သို့ သုတေသီပေါင်းများစွာကို ပြည်တွင်း၊ ပြည်ပမဟာသိပ္ပံ၊ ပါရဂူဘွဲ့သင်တန်းများ စေလွှတ်မွေးထုတ်ပေးရပါဦးမည်၊

(ဂ) ပန်းပွင့်မှုဆိုင်ရာ ဇီဝကမ္မဗေဒ (Flowering Physiology) 

သီးနှံအမျိုးမျိုး၏ပန်းပွင့်မှုဆိုင်ရာ ဇီဝကမ္မဗေဒကို လေ့လာပြီး ပန်းပွင့်ပြီးမှ ဝတ်မှုံကူး (Pollination)၊ အသီးတင်သန္ဓေအောင် (Fertilization) ဖြစ်အောင် ထိုပညာရှင်များက သုတေသနပြုပြီး ဥပမာ - စပါးတွင် အောင်စေ့ရာခိုင်နှုန်းများအောင် ပြုလုပ်ခြင်း (High Filled Grain Percentage) ဖြင့် အထွက်ပိုတိုးအောင် ပညာရေးဆောင်ရွက်နိုင်ပါသည်။

(ဃ) အပင်အာဟာရဓာတ် စုပ်ယူမှုဆိုင်ရာ ဇီဝကမ္မဗေဒ (Physiology of Nutrient Uptakes)

အပင်အတွက် အများဆုံးလိုသော အာဟာရဓါတ် (၃) မျိုး နိုက်ထရိုဂျင် (Nitrogen)၊ ဖော့စဖရပ်စ် (Phosphorus)၊ ပိုတက်ဆီယမ် (Potassium) စုပ်ယူမှုဆိုင်ရာ ဇီဝကမ္မဖြစ်စဉ်အား လေ့လာခြင်းဖြစ်ပြီး အပင်ကြီးထွားမှုဖြစ်စဉ် မျိုးစေ့များများ အသီးတင်ပြီး အထွက်တိုးမှုကို ရရှိကာ တောင်သူဦးကြီးများ အတွက် အထောက်အပံ့၊ အကူအညီ ပေးနိုင်ပါသည်။ သီးနှံပင် အာဟာရဓာတ်ဗေဒပညာရှင် (Crop Nutritionist) နှင့် လယ်ယာသီးနှံပညာရှင် (Agronomist) တို့က တောင်သူများ အထွက်တိုးရေး၊ ဝင်ငွေကောင်းမွန်ရေးကို ပူးတွဲလုပ်ဆောင်ရပါဦးမည်။ စိုက်ပျိုးရေးပညာရှင်များက အထွက်တိုးအောင် လုပ်ပေးသလို တောင်သူဦးကြီးများ ဈေးကောင်းရအောင် ကူညီပေးရဦးမည့် စိုက်ပျိုးစီးပွားရေး ပညာရှင်များ (Agricultural Economists) နှင့်လည်း ပူးတွဲဆောင်ရွက်ရပါဦးမည်။ စိုက်ပျိုးစီးပွားရေးပညာ (Agricultural Economics/Business) နှင့် စိုက်ပျိုးရေးစျေးကွက်ပညာ (Agricultural Marketing)  အကြောင်း သီးသန့်ရေးသားပါဦးမည်။

(ဒေါက်တာမျိုးကြွယ်)

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်