အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အပိုင်း(၉)

07/02/2022 10:12 AM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

အခန်း(၅) စိုက်ပျိုးရေးနှင့် သက်ရှိအားလုံးအတွက်ရေ

(Water for Agriculture and Life)

ရေသည် စိုက်ပျိုးရေးအတွက်သာမက သက်ရှိအားလုံးအတွက် အခြေခံလိုအပ်ချက် (Essential Requirement) ဖြစ်ပါသည်။ စိုက်ပျိုးမွေးမြူရေးတွင်သာမက ကျန်းမာရေး၊ နေထိုင်စားသောက်ရေး၊ သယ်ယူပို့ဆောင်ရေးအားလုံးအတွက် ဘက်ပေါင်းစုံမှ လိုအပ်လျက်ရှိပါသည်။

ရန်ကုန်တက္ကသိုလ်တွင် ရေလေ့လာမှုဌာနအသစ် ဖွင့်လှစ်ပြီး ၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှ စတင် ၍ ဘွဲ့ကြိုသင်တန်း သိပ္ပံဘွဲ့ (ရေလေ့လာရေးပညာ) B.Sc. (Water Studies) ကို ဖွင့်လှစ်နေပါပြီ။ (It is opened now)

အခြားနိုင်ငံတက္ကသိုလ်များတွင် မြေအောက်ရေနှင့် ရေ၏အရည်အသွေး (Ground Water and Water Quality)၊ ရေနှင့်ပတ်သက်သော အင်ဂျင်နီယာ (Water Engineering)၊ ရေနှင့် ရာသီဥတု အန္တရာယ် (Water and Climate Risk)၊ ရေအရင်းအမြစ်ဆိုင်ရာ စီမံခန့်ခွဲမှု (Water Resources Management)၊ ရေနှင့်လူမှုဘဝ (Water and Humanity) စသည်ဖြင့် ရေကိုအကြောင်းပြု၍ လေ့လာမှု များစွာရှိပါသည်။

ရေနှင့် စိုက်ပျိုးရေးဆိုင်ရာ လေ့လာရေးများတွင် တိရိစ္ဆာန်နှင့်သီးနှံ ရေလိုအပ်ချက် (Animal and Crop Water Requirement)၊ မြေဆီလွှာအတွင်းရှိရေနှင့် အစိုဓာတ်များ (Soil Water and Soil Moisture)၊ ရေသွင်း ရေထုတ်ခြင်းကို စီမံခန့်ခွဲခြင်း (Irrigation and Drainage Management)၊ ရေသွင်းရေထုတ်ခြင်း အင်ဂျင်နီယာပညာ (Irrigation and Drainage Engineering) စသည်ဖြင့် ဘာသာရပ်ပေါင်းစုံ လေ့လာစရာ မျာ:စွာရှိလှပါသည်။

ရေသွင်းနည်းအမျိုးမျိုးမှာ -

(က) ဆည်မြောင်းများမှရေဖုံးလွှမ်း၍ရေသွင်းခြင်း (Flood Irrigation)

ဥပမာ- စပါးသီးနှံကို စစိုက်သည်မှ ပန်းပွင့်ချိန်လောက်အထိ ရေလိုအပ်မှုကိုကြည့်၍ ရေသွင်း၊ ရေထုတ် ပြုလုပ်သည့် နည်းစနစ်ဖြစ်ပါသည်။ ရေအလွန်ကုန်ပြီး သီးနှံစိုက်ခင်း (အထူးသဖြင့် စပါးကလွဲ လျှင်) သီးနှံအခြောက်များအတွက် စီမံခန့်ခွဲရ အလွန်ခက်သော နည်းစနစ်ဖြစ်ပါသည်။

(ခ) မြောင်းများဖြင့် အပင်များကြားတွင်ရေသွင်းခြင်း (Furrow Irrigation)

ဥပမာ- ပြောင်းဖူး၊ ဝါသီးနှံများကို အတန်းလိုက် စိုက်ထား၍ ကြားမြောင်းများတူးကာ ရေသွင်း ပေးခြင်း ဖြစ်ပါသည်။ ဆည်မြောင်းများ၊ မြစ်၊ ချောင်း၊ ကန်များမှ ရေစုပ်စက်များဖြင့် စုပ်ယူတင်ပေးနိုင် သော နည်းစနစ်များ ဖြစ်ပါသည်။ ရေဖုံးလွှမ်းသော နည်းစနစ်ထက်စာလျှင် ရေအကုန် သက်သာပါသည်။

(ဂ) အလိုလျောက်ရေဖြန်းပေးသည့်စနစ်ဖြင့် ရေပေးခြင်း (Sprinkler Irrigation)

ဤနည်းစနစ်မှ ဥယျာဉ်ခြံသီးနှံများ၊ ပန်းမန်များ၊ အလှစိုက်မြက်ခင်းများတွင် လျှပ်စစ်ဓါတ်အား (သို့) အင်ဂျင်ပါဝါဖြင့် ရေဖြန်းပေးခြင်း နည်းစနစ်ဖြစ်ပါသည်။ ရေကိုချွေတာနိုင်သော နည်းစနစ် ဖြစ်သော်လည်း ကျွမ်းကျင်မှု၊ ကုန်ကျစရိတ်၊ လျှပ်စစ် (သို့) အင်ဂျင်စွမ်းအင် လိုအပ်သော နည်းစနစ် ဖြစ်ပါသည်။

(ဃ) အစက်ချ ရေပေးစနစ်ဖြင့် ရေပေးခြင်း (Drip Irrigation)

ဤနည်းစနစ်မှာ အစ္စရေးနိုင်ငံကဲ့သို့ ရေအလွန်ရှားပါးလှသောနိုင်ငံများ၊ သဲကန္တာရများတွင် တွင်ကျယ်စွာ အသုံးပြုနေသော နည်းစနစ်ဖြစ်ပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံတွင် မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးကဲ့သို့ အပူပိုင်းဒေသများ၌ စနစ်တကျ အသုံးပြုနိုင်ပါသည်။ တချို့သီးနှံများတွင်လည်း လက်တွေ့အသုံးချနေပါပြီ။ သူ၏အားသာချက်မှာ ရေကို အလွန်ချွေတာနိုင်ပြီး မြေဆီဩဇာပါ ပူးတွဲထည့်သုံးနိုင်ခြင်း (Fertigation) နည်းစနစ်ကိုလည်း ပြုလုပ်နိုင် ပါသည်။ စိန်ခေါ်မှုများအဖြစ် ကျွမ်းကျင်ပညာရှင်များ လိုအပ်ခြင်း၊ ပစ္စည်းတန်ဖိုး ကြီးမြင့်ခြင်း၊ ပိုက်ကဲ့သို့သော အပိုပစ္စည်းများကို နိုင်ငံခြားမှ မှာယူရ၍ ဈေးကြီးနိုင်ပါသည်။

ရေသိပ္ပံပညာ (Water Science) နှင့် ပတ်သက်လာလျှင် နယ်သာလန်နိုင်ငံ တွင်တီးတက္ကသိုလ် (University of Twente) ရှိဘူမိသုတသိပ္ပံနှင့် မြေဆီလွှာလေ့လာခြင်းမဟာဌာန (ICT - Faculty of Geo-Information Science and Earth Observation) ကပေးသော ဘွဲ့ကြို၊ ဘွဲ့လွန် ပညာရပ်များသည် ကမ္ဘာ့အသိအမှတ်ပြုဖြစ်ပါသည်။ နယ်သာလန်နိုင်ငံ အစိုးရနှင့် ကမ္ဘာ့ဘဏ်တို့၏ ပညာတော်သင်ဆု (Scholarships) များစွာလည်းရှိပါသည်။ အမေရိကန်နိုင်ငံ ဝစ်ကွန်ဆင်တက္ကသိုလ် (University of Wisconsin, Madism)မှ Water Resources Engineering (ရေအရင်းအမြစ် အင်ဂျင်နီယာပညာ)၊ ကယ်လီဖိုးနီးယားတက္ကသိုလ် (University of California Davis) မှ ရေစီမံ ခန့်ခွဲမှုနှင့် ရေသွင်းနည်းပညာအင်ဂျင်နီယာ (Water management and Irrigation Engineering) တို့သည် ကမ္ဘာ့နာမည်ကြီး တက္ကသိုလ်များဖြစ်ပါသည်။ စိုက်ပျိုးရေးမွေးမြူရေးတွင် နာမည်ကြီး တက္ကသိုလ်များကို အောက်ပါအတိုင်း စီထားပါသည်၊

ကမ္ဘာ့အကောင်းဆုံး နာမည်ကြီး စိုက်ပျိုးမွေးမြူရေးတက္ကသိုလ် ၁၀-ခု၊ ၂၀၂၁

(Source – QS World University Ranking 2021)

Number                        University                                                                   Country

1                       Wageningen University and Research                                  Netherlands

2                       University of California, Davis                                              USA

3                       Swedish University of Agricultural Sciences                         Sweden

4                       AgroParisTech                                                                      France

5                      Cornell University                                                                  USA

6                      ETH Zurich-Swiss Federal Institute of Technology                 Switzerland

7                      China Agricultural University                                                 China

8                     University of Wisconsin-Madison                                            USA

9                     University of California, Berkeley                                            USA

10                   Michigan State University                                                       USA

ထိုတက္ကသိုလ်များသို့ မြန်မာနိုင်ငံရှိ တက္ကသိုလ်၊ သုတေသနသိပ္ပံများက ပညာရှင်များစွာ စေလွှတ်၍ ရေ၊ မြေ၊ ဘာသာရပ်ပေါင်းစုံကို လေ့လာစေပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည်။

 ဒေါက်တာမျိုးကြွယ်  (ဆင်ပေါင်ဝဲ)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်