Basic Agricultural Science – 30 (Bees Keeping)
ပျားမွေးမြူရေးပညာ (Bee Keeping or Apiculture) သည် နိုင်ငံတကာ တက္ကသိုလ်များ၌ အထူးပြုဘာသာရပ်အဖြစ်သင်ကြား၊ သုတေသနပြုလျှက်ရှိနေပါသည်။ ပျားမွေးမြူရေးဆိုသည်မှာ လူကပြုလုပ်ထားသော ပျားအုံ (Bee Colonies or Man-made Bee Hives) ကိုပြုပြင်ထိန်းသိမ်းပြီး ပျားရည် (Honey) ထုတ်လုပ်ခြင်းဖြစ်ပါသည်။
ပျားရည်ထုတ်လုပ်ပေးသောပျား (Honey Bees) က သိပ္ပံအမည် (Scientic name – Apis spp.) ဟူ၍ ယေဘုယျ ခေါ်ဆိုပါသည်။ ပျားမွေးမြူသူ (Beekeeper) က ပျားများကို ပြုပြင်ဖန်တီးထားသော ပျားအိမ်များတွင်မွေးမြူပြီး ပျားရည် (Honey)၊ ပျားဖယောင်း (Bee wax)၊ ပျားဝတ်မှုန် (Bee Pollen) စသည်တို့ကို စီးပွားဖြစ် ပြုပြင်ထုတ်လုပ်သည့်နေရာကို (Apiary or Bee Yard) ဟူ၍ခေါ်ပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံတွင်လည်း ပျားမွေးမြူရေးဌာန (Beekeeping Department) သီးသန့်ရှိပြီး တောင်သူများကလည်း စတင်မွေးမြူလာပြီဖြစ်ရာ နိုင်ငံခြားဝင်ငွေများစွာရသည်အထိ နည်းပညာများကို အားပေးဖို့ လိုအပ်ပါမည်။
တကယ်တော့ပျားမွေးမြူရေးက မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံများ (Developing Countries) တွင် အသေးစား၊ အလတ်စား အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း (Small and Medium Scale Cottage Industry) ဖြစ်ပြီး ကျေးလက်လူထုအတွက်ဝင်ငွေ တဖက်တလမ်း ရှာပေးသောလုပ်ငန်း တစ်ခုဖြစ်ပါသည်။ ပျားများဝတ်မှုံကူးပေးမှုကြောင့် အနီးပတ်ဝန်းကျင်သီးနှံများ ဥပမာ- နေကြာ၊ ဇီး အထူးသဖြင့်ပင်ခြားဝတ်မှုံကူးသော သီးနှံများ (Cross-Pollinated Crops) စသည်တို့၏ အထွက် ၁၁% မှ ၇၉% အထိ တိုးနိုင်ပါသည်။
အိန္ဒိယနိုင်ငံတွင် ပျားများ၏ ဝတ်မှုကူးမှုကြောင့် -
ဆီမုန်ညင်း (Mustard) ၁၀.၆%
နှမ်း (Sesame) ၂၅.၁%
ပန်းနှမ်း (Niger) ၃၃.၀%
နေကြာ (Sunflower) ၇၉.၀%
လိုင်ချီးသီး (Lichi) ၅-ဆ အထိ အထွက်တိုးသွားသည်ကို သုတေသနများအရ တွေ့ရှိနိုင်ပါသည်။
ပျားမွေးမြူရေးသည် ကျေးလက်လူထု၊ တောင်သူလယ်သမားများ (Rural People) အတွက် အပိုဝင်ငွေ ရှာပေးနိုင်သော လုပ်ငန်းတရပ်ဖြစ်ပါသည်။ မြေနေရာသီးသန့်မလိုပါ၊ အလုပ်သမား အလွန်အမင်း မလိုအပ်ပါ၊ ငွေအရင်းအနှီးများစွာ ရင်းနှီးရန်မလိုပါ၊ ဝင်ငွေနှင့် အလုပ်အကိုင် တဖက်တလမ်း ရှာပေးပြီး မိမိပတ်ဝန်းကျင်ရှိသီးနှံများကို ပျားများက ဝတ်မှုကူးပေးခြင်းအားဖြင့် အထွက်ပိုတိုးနိုင်ပါသည်။
တက္ကသိုလ်၊ ကောလိပ်များတွင် ဘာသာရပ်အသစ်များ၊ သုတေသနများ သီးခြားလုပ်ဆောင်လျက်ရှိရာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုက်ရိုက်အထောက်အကူပြုနိုင်သော ပညာရပ်အသစ်များကို တက္ကသိုလ် အချင်းချင်း ပူးတွဲသုတေသနပြု၊ သင်ကြားသင်ယူပေးခြင်းဖြင့် စည်းလုံးညီညာ အောင်ကြောင်းဖြာ (Synergy Effect) ကို ရရှိနိုင်ပါသည်။ ကိုဗစ်အလွန်တွင် တက္ကသိုလ်၊ ကောလိပ်များသည် သမားရိုးကျသင်နည်းစနစ်များအတိုင်း သင်ကြား၊ သင်ယူ၍မရတော့ဘဲ ပြောင်းလဲလာမည့် အခြေအနေအရ ကွန်ပျူတာအခြေပြု သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT-Information and Communication Technology) ကို မယူမနေရ ဘာသာများအဖြစ် သင်ကြားသင်ယူရပါတော့မည်။
နိုင်ငံတော်၏ သားငါးကဏ္ဏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အချင်းပြည့်ဝသော မွေးမြူရေးပညာရှင်များနှင့် တိရစ္ဆာန်ဆေးကုဆရာဝန်ကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ မွေးမြူရေး ဆိုင်ရာဆေးတက္ကသိုလ်တွင် မွေးမြူရေးပညာဘွဲ့ (BASc)နှင့် တိရစ္ဆာန်ဆေးပညာဘွဲ့ (DVM)ဟူ၍ ဘွဲ့ကြို သင်တန်းနှစ်ခု ပြောင်းလဲဖွင့်လှစ်ခဲ့ပါသည်။ ထိုအခါ ငါးမွေးမြူရေးနှင့် ငါးရောဂါဗေဒ ဘာသာရပ်ကို အမည်သစ် ထပ်မံပြောင်းလဲ၍ သီးသန့်ဌာနတစ်ခုအဖြစ် ဖွဲ့စည်းကာ ဘွဲ့ကြိုသင်တန်းနှစ်ခုလုံး၏ သင်ရိုးညှွန်းတမ်းများတွင် ထည့်သွင်းသင်ကြားခဲ့ပါသည်။
၂၀၁၉-၂၀ ပညာသင်နှစ်တွင် ငါးမွေးမြူရေးနှင့် ငါးရောဂါဗေဒဌာနမှ နောက်ဆုံးနှစ် မွေးမြူရေးပညာ (BASc) ကျောင်းသား/သူ (၅၈) ဉီး အား ပျားနှင့်ငါးမွေးမြူရေးဘာသာရပ် (Apiculture and Aquaculture) နှင့် ပဥ္စမနှစ် ကုသရေးပညာ (DVM) ကျောင်းသား/သူ (၁၁၇) ဉီးအား ပျားနှင့်ငါးရောဂါဘာသာရပ် (Bee and Aquatic Diseases) တို့ကို သင်ကြားပို့ချခဲ့ပါသည်။ ယခင်က ငါးဘာသာရပ်ကို မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်မှ ဘွဲ့လွန်သင်တန်းများ ဖွင့်လှစ်သင်ကြားခြင်း မရှိခဲ့သော်လည်း မကြာမီ ဘွဲ့လွန်သင်တန်းများ ဖွင့်လှစ်သင်ကြားရန် စီစဉ်ပြီးဖြစ်ပါသည်။ (BVSc) နှင့် (DVM) ဘွဲ့ ရရှိပြီးသောသူများထဲမှ ဘွဲ့လွန်သင်တန်း သတ်မှတ်ချက်နှင့်ကိုက်ညီ၍ ဝင်ခွင့်စာမေးပွဲ အောင်မြင်သူများသည် မဟာသိပ္ပံ MVSc (Aquatic Medicine) ဘွဲ့လွန်သင်တန်းသို့ တက်ရောက်ခွင့် ရရှိမည် ဖြစ်ပါ သည်။
BASc မွေးမြူရေးသိပ္ပံဘွဲ့ကြိုသင်တန်း၏ ပျားနှင့်ငါးမွေးမြူရေးဘာသာရပ် (Apiculture and Aquaculture) သင်ရိုးညွှန်းတမ်းရေးဆွဲရာတွင် မွေးမြူရေးပညာရှင်များ၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊တက္ကသိုလ်မှ ပညာရှင် ဆရာကြီး/ဆရာမကြီးများ၊ ပြင်ပမှစီးပွားရေးလုပ်ငန်းရှင်များ အပါအဝင် (Stakeholders meetings) များ ပြုလုပ်၍ အတည်ပြု ခဲ့သည့်အပြင် နယူးဇီလန်နိုင်ငံ MITTA Project အကူအညီဖြင့် မက်ဆေးတက္ကသိုလ် )Massey University) မှ ပါမောက္ခများနှင့် ညှိနှိုင်းရေးဆွဲသင်ကြားခဲ့ခြင်းဖြစ်ပါသည်။
ပျားမွေးမြူရေးအပိုင်းတွင် ကျောင်းသား/သူများအား စာတွေ့လက်တွေ့ သင်ကြားခြင်း အနေဖြင့် ပျားမျိုးစိတ်များနှင့် ဇီဝအခြေခံ (Biology of Honey Bees and stingless Bees)၊ ပျားနှင့်ပျားအုံအမျိုးမျိုး (Bee and Bee Hives)၊ ပျားမျိုးရိုးဗီဇရွေးချယ်ခြင်း (Genetic and Selection of Bee)၊ ပျားမွေးမြူထိန်းသိမ်းခြင်း (Bee Keeping Management)၊ ပျားနှင့် ပျားထွက်ပစည်းများ အရည်အသွေးစစ်ဆေးခြင်း (Quality Control of Honey Bees and Honey Bee Products)၊ ကောင်းမွန်သောပျားမွေးမြူရေးစနစ် (Good Apiculture Practice) အစရှိသော ခေါင်းစဉ်များကို ထည့်သွင်း သင်ကြားလျှက်ရှိပါသည်။ သင်ကြားရေးအထောက်အကူအဖြစ် ဌာနတွင် ဉရောပပျားမျိုး (European Honey Bees) များမွေးမြူထားပါသည်။ သုတေသနလုပ်ငန်းအနေဖြင့် BVSc နောက်ဆုံးနှစ်မွေးမြူကုသရေးပညာ ကျောင်းသား/သူများ၏ ဘွဲ့ယူကျမ်းကို မြန်မာနိုင်ငံတွင်ရှိသော ဉရောပ ပျားမျိုးစိတ်များကို Soft ware အသုံးပြု၍ လေ့လာခြင်း (Morphometric survey of European honey bees in Myanmar) ခေါင်းစဉ်ဖြင့် တင်သွင်းခဲ့ပါသည်။
DVM မွေးမြူကုသရေးသိပ္ပံပညာ ဘွဲ့ကြိုသင်တန်း၏ ပျားနှင့်ငါးရောဂါဘာသာရပ် (Bee and Aquatic Diseases) သင်ရိုးညွှန်းတမ်းရေးဆွဲရာတွင် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တက္ကသိုလ်မှ ပညာရှင် ဆရာကြီး/ဆရာမကြီးများ၊ ပြင်ပမှစီးပွားရေးလုပ်ငန်းရှင်များ အပါအဝင် (Stakeholders meetings) များ ပြုလုပ်၍ အတည်ပြုခဲ့သည့်အပြင် သြစတေးလျနိုင်ငံ ACIAR project အနေဖြင့် ကွင်းစလန်းတက္ကသိုလ်မှ ပါမောက္ခများက ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
ကျောင်းသား/သူများအား စာတွေ့လက်တွေ့ သင်ကြားခြင်းအနေဖြင့် OIE အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းမှ ထုတ်ပြန်ထားသော ငါးပုစွန်ရောဂါများနှင့် ရောဂါရှာဖွေရေးနည်းစနစ်များ (OIE listed infectious diseases of Aquatic Animals and Diagnostic Methods)၊ ငါးပုစွန် သန်ကောင်နှင့်မှိုရောဂါများ (Parasitic and Fungal Diseases of Fish)၊ ငါးပုစွန်ထုတ်ကုန်တို့၏ ပဋိဇီဝဆေးအကြွင်းအကျန်များ (Antimicrobial Residues of Fish and Fish Products)၊ ငါးပုစွန်ရောဂါကာကွယ်ကုသနည်းများ (Prevention and Control of Aquatic Infectious Diseases)၊ ပျားရောဂါများနှင့် ရောဂါရှာဖွေရေးနည်းစနစ်များ (Bee Diseases and Diagnostic Methods)၊ ပျားကပ်ပါးရောဂါများနှင့် ကာကွယ်ကုသနည်းများ (Bee Mites and Treatments)၊ အစရှိသော ခေါင်းစဉ်များကို ထည့်သွင်းသင်ကြားလျှက်ရှိပါသည်။
ငါးကန်များ၏ ရေအရည်အသွေးလေ့လာခြင်း (Water Quality and Water Management) ငါးပုစွန်အစာအာဟာရ (Aquatic Nutrition)၊ ငါးပုစွန် သန်ကောင်နှင့်မှိုရောဂါများ (Parasitic and Fungal Diseases of Fish)၊ မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ငါးပုစွန်ရောဂါများအား လေ့လာခြင်း (Molecular survey of infectious diseases of fish in Myanmar)၊ ပျားနှင့် ပျားထွက်ပစည်းများ အရည်အသွေးစစ်ဆေးခြင်း (Quality Control of Honey Bees and Honey Bee Products)၊ မြန်မာနိုင်ငံတွင်တွေ့ရှိနိုင်သော ပျားမျိုးစိတ်များအားလေ့လာခြင်း (Molecular survey of Honey Bee subspecies In Myanmar)၊ ပျားဆိပ်လေ့လာခြင်း (Bee Venom Research) အစရှိသော သုတေသနများကို တက္ကသိုလ်၏ ပံ့ပိုးကူညီမှုဖြင့် ဌာနသုတေသနများအဖြစ် လုပ်ဆောင်သွားရန် စီစဉ်ထားပါသည်။ သင်ကြားရေးနှင့်သုတေသန ပိုမိုတိုးတက်လာစေရေးအတွက် အနာဂတ်တွင် ပြည်တွင်းပြည်ပ ပညာရှင်များ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လုပ်ဆောင်ရန်လည်း ရည်ရွယ်ထားပါသည်။
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ရှိ ကိမိလဗေဒဌာန (Entomology Department) တွင်လည်း စက်မှုလုပ်ငန်းနှင့်ဆိုင်သော ကိမိလဗေဒဘာသာ (Industrial Entomology)တွင် ပျားမွေးမြူရေးပညာကို သင်ကြားပေးလျှက် ရှိပါသည်။ ပျားမွေးမြူရေးပညာသည် နိုင်ငံတကာတွင် ဘွဲ့ကြို ဘွဲ့လွန်များသင်ကြားကာ စီးပွားရေးအတွက် အထောက်အကူပြုသောဘာသာ ဖြစ်ပါသည်။ ၂၀၁၈ အိန္ဒိယနိုင်ငံ ပန်ဂျက်စိုက်ပျိုးရေးတက္ကသိုလ်(Panjab Agricultural University - PAU) သို့ လေ့လာရေးသွားရောက်ခဲ့စဥ်က ပျားမွေးမြူရေးအထူးပြုကျောင်းသား ၁၀ ဦးခန့် နှစ်စဥ်မွေးထုတ်သည်ဟု ဆိုပါသည်။ ဘာသာရပ်တစ်ခုချင်းအလိုက် လူအများကြီးဘွဲ့ပေးရန်မလိုပါ။ တိုင်းပြည်လိုအပ်သလောက်သာ အရည်အချင်းပြည့်ဘွဲ့ရကျောင်းသားများ နည်းနည်းချင်း မွေးထုတ်ပေးရန်လိုပါမည်။
လူနည်းပါက စာသင်ခန်းအတွင်း (Small Class Size) သေချာစွာ သင်ကြားပေးနိုင်ပါမည်။ ၁၉၈၀-ခုနှစ် ကျွန်တော် စိုက်ပျိုးရေးတက္ကသိုလ် ဆရာပေါက်စ ဘဝတွင် ပျဉ်းမနားမြို့ လွတ်လပ်ရေး ပြပွဲ၌ ပျားမွေးမြူရေးဇတ်လမ်းတို (Short Films) ကို ဆရာကြီး ဒေါက်တာတိုးလှိုင် တာဝန်ပေးမှုဖြင့် ကျွန်တော်တို့ရှင်းလင်းဟောပြောခဲ့ရာ ပရိသတ်များစွာ လာရောက်ကြည့်ရှုကြပါသည်။
၁၉၈၇ ခုနှစ်တွင် သြစတေးလျနိုင်ငံ ကွင်းစလန်းတက္ကသိုလ် (University of Queensland) ၌ ကျွန်တော်မဟာစိုက်ပျိုးရေးသိပ္ပံ တက်ရောက်စဉ်က ကိမိလဗေဒဌာန (Department of Entomology) သည် နာမည်ကျော် ဌာနကြီး (World-Known Entomology Department) တစ်ခုဖြစ်ပါသည်။ ဤဌာန၏အောက်တွင် စိုက်ပျိုးရေးဆိုင်ရာ ကိမိလဗေဒ (Agricultural Entomology)၊ ဥပမာ-ဖျက်ပိုး (Pest)၊ အကျိုးရှိအင်းဆက်များ (Beneficial Insects) ၊ နဂျီ (Wasps)၊ စားသုံးနိုင်သောအင်းဆက် (Edible Insects)၊ မွေးမြူရေးဆိုင်ရာ ကိမိလဗေဒ (Veterinary Entomology) ဥပမာ- ကျွဲ၊ နွား၊ ဆိတ်၊ ကြက်၊ ဝက်များ အား ဒုက္ခပေးသော မွှား (Tick) လှေး (Mite)၊ သန်း (Louse)၊ ဖြုတ်ပိုးများ၊ ဆေးသိပ္ပံပညာဆိုင်ရာကိမိလဗေဒ (Medical Entomology) ဥပမာ- ငှက်ဖျား၊ သွေးလွန်တုတ်ကွေးရောဂါ ဖြစ်စေနိုင်သော ခြင် (Mosquito)၊ ဝမ်းရောဂါဖြစ်စေနိုင်သော ယင်ကောင် (Fly) စသည်ဖြင့် လေ့လာစရာများပြားလှပါသည်။ ဤဌာန၌ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ကိမိလဗေဒဌာမှ ဆရာ၊ ဆရာမများစွာပညာသင်ကြားခဲ့ပါသည်။ ဆေးသုတေသနဦးစီးဌာနမှ သုတေသီ ဒေါက်တာဝေလိုဘီထွန်းလင်းသည် ကွင်းစလန်းတက္ကသိုလ်၌ ငှက်ဖျားခြင်ဆိုင်ရာ ပါရဂူဘွဲ့ကို တက်ရောက်ရင်း ခြင်သုတေသနပြုသွားပါသည်။ ယခုတော့ အငြိမ်းစားယူသွားပြီးဟု ထင်ပါသည်။ ယခုတော့ ကွင်းစလန်း တက္ကသိုလ်တွင်တော့ဌာနများပေါင်းသွားသည်ဟု ကြားသိရပါသည်။
ပညာရေးဝန်ကြီးဌာန တက္ကသိုလ်များရှိ သတ္တဗေဒ (Zoology) အောက်တွင် ကိမိလဗေဒ (Entomology) ၊ ပျားမွေးမြူ ရေး (Bee Keeping or Apiculture) ကိုလည်း အောက်ပါအတိုင်း ပြုလုပ်လျက်ရှိပါသည်။
ဥပမာ - ဆေးသိပ္ပံပညာဆိုင်ရာ ကိမိလဗေဒ (Medical Entomology) တွင် ရောဂါသယ်ဆောင်သော ခြင်များနှင့် ၎င်းတို့၏ ပိုးသတ်ဆေးဒဏ်ခံနိုင်ရည်ရှိမှုကို မျိုးရိုးပညာ၊ ဇီဝဓာတုပညာရပ်များဖြင့် လေ့လာခြင်း၊ သွေးလွန်တုပ်ကွေးခြင်၊ ငှက်ဖျားခြင်၊ မြို့ပြနှင့်ကျေးလက်များတွင်တွေ့ရသော ခြင်မျိုးစိတ်များ၊ မော်လီကျူးအဆင့် Molecular Level လေ့လာခြင်း (ဆေးသုတေသန ဦးစီးဌာန နှင့်တွဲဖက်လျက်)။ Insect Pest (Agricultural Entomology) စိုက်ပျိုးသီးနှံနှင့် စိုက်ခင်းများအပေါ်တွင်ကျရောက်သော အင်းဆက်များ၏ မျိုးစိတ်များဘ၀စက်၀န်း (Life cycle)၊ အကျိုးပြုအင်းဆက်များ၏ မျိုးစိတ်များ ဘ၀စက်၀န်းကိုလေ့လာခြင်:၊ စားသုံးနိုင်သောအင်းဆက်များ (Edible Insects) (ရန်ကုန်အနီးတစ်ဝိုက်၊ ပင်လုံ၊ ကျိုင်းတုံ၊ မန္တလေးအနီးတစ်ဝိုက်)၊ လိပ်ပြာများ၊ ဖလံများပျံ့နှံ့ပုံ (Diversity of Butterflies and Moths) နေရာအနှံ့နီးပါး ဆောင်ရွက်ပြီးဖြစ်ပါသည်၊ လူမှုကိမိလဗေဒ (Social Entomology) တွင် ပျားမွေးမြူခြင်းနှင့်ဝတ်ရည် ဝတ်မှုံထုတ်လုပ်ခြင်း ဆိုင်ရာ သုတေသနများ ပြုလုပ်လျှက်ရှိပါသည်။
မန္တလာဒီဂရီကောလိပ်နှင့် အခြားတိုင်းဒေသကြီးရှိ တက္ကသိုလ်များတွင် သတ္တဗေဒဘာသာရပ်ဖြင့် ဘွဲ့ရကျောင်းသားကျောင်းသူများအတွက် လက်မှတ်တစ်ခုရရှိစေရန် ရည်ရွယ်လျက် စိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန၊ ပျားမွေးမြူရေးဦးစီးဌာနမှ ပျားမွေးမြူခြင်း ဆင့်ပွားသင်တန်း ရက်သတ္တပတ်တစ်ပတ်ပေးခြင်း၊ လက်တွေ့ကွင်းဆင်းသင်ကြားပေးခြင်း၊ လက်မှတ် (Certificate) ပေးခြင်းများ ပြုလုပ်ပေးလျက်ရှိသည်။
ကျွန်တော်တို့နိုင်ငံ၏အဓိကပြဿနာမှာ ပညာရှင်တစ်ဦးလုပ်နေသည်ကို ထိုဘာသာရပ်ဆိုင်ရာ နောက်ပညာရှင်တစ်ဦးက မသိခြင်းဖြစ်ပါသည်။ ပညာရပ်နှင့် သုတေသနပညာအရည်အသွေး (Teaching and Research Quality) ကို ထိန်းကျောင်းမွန်းမံ၊ ကြပ်မတ်ပေးမည့် အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေးအာမခံမှုအကဲဖြတ်ရေးကော်မတီ (NAQAC – National Accreditation and Quality Assurance Committee) လို အဖွဲ့အစည်းလည်း လိုပါသည်။ ထိုသို့ ပညာရှင်များ ညီညီညွတ်ညွတ်နှင့်ကိုဗစ်အလွန်ကာလ အတူတူဆောင်ရွက်ကြပါက ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိမည်မှာ မလွဲဧကန်ဖြစ်ပါသည်။
(ဒေါက်တာမျိုးကြွယ်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။