ယင်ကောင်နက် (BSF) မွေးမြူရေး - ၃

19/12/2022 17:00 PM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

BSF သားလောင်းထုတ်လုပ်ရန် ကြိုတင်စဉ်းစားရမည့်အချက်များ

စွန့်ပစ်အညစ်အကြေးများကို ကောင်းမွန်စွာ စီမံခန့်ခွဲပြီး၊ BSF သားလောင်းများကို စီးပွားဖြစ် ထုတ်လုပ်နိုင်ရန်အတွက် BSF သားဖောက်စခန်းကို တည်ထောင်ဆောင်ရွက်ရမည် ဖြစ်ပါသည်။ ထိုသို့ သားဖောက်စခန်းတည်ထောင်ဆောင်ရွက်ရာတွင် ပထမဆုံးဦးစားပေးစဉ်းစားရမည့် အချက်မှာ BSF များ၏ ဘဝစက်ဝန်း (Life cycle)ပင် ဖြစ်ပါသည်။ (BSF များ၏ ဘဝစက်ဝန်းအကြောင်းများကို အောက်ပါလင့်များတွင် ဖတ်ရှုနိုင်ပါသည်။) 

https://greenwaymyanmar.com/posts/Black_Soldier_Fly_1

https://greenwaymyanmar.com/posts/Black_Soldier_Fly_2

BSF များ၏ ဘဝစက်ဝန်းတလျှောက် သားလောင်း၊ သက်ကြီးကောင် စသည်ဖြင့် ဖွံ့ဖြိုးမှုအဆင့်အလိုက် လိုအပ်သည့် အကောင်းဆုံးပတ်ဝန်းကျင်အခြေအနေကို သားဖောက်စခန်းတွင် ဖန်တီးပေးရပါမည်။ သို့မှသာ BSF သားလောင်းများကို အကောင်းဆုံးအရည်အသွေးဖြင့် ပမာဏအများဆုံး ထုတ်လုပ်နိုင်မည်ဖြစ်သည်။ 

သားလောင်းများအတွက် သတိပြုရမည့်အချက်များ

  • နွေးထွေးသောရာသီဥတု - အကောင်းဆုံးအပူချိန်မှာ ၂၄ ဒီဂရီစင်တီဂရိတ် မှ ၃၀ ဒီဂရီစင်တီဂရိတ် အကြား ဖြစ်သည်။ အပူချိန် မြင့်မားလွန်းပါက သားလောင်းများသည် အစာထဲတွင် မနေတော့ဘဲ အေးသည့်နေရာကို ရှာဖွေတော့မည်ဖြစ်သည်။ အေးလွန်းပါက သားလောင်းများ၏ ဇီဝကမ္မဖြစ်စဉ်မှာ နှေးကွေးသွားပြီး အစာစားနှုန်း ကျသွားသည်။ ကြီးထွားဖွံ့ဖြိုးမှုမှာလည်း နှေးကွေးသွားတော့သည်။ 
  • အရိပ်ရသော ပတ်ဝန်းကျင်အခြေအနေ - သားလောင်းများသည် အလင်းရောင်ကို ရှောင်ရှားကြပြီး နေရောင်ခြည်ကို ကာကွယ်ထားနိုင်သည့် အမိုးအကာရှိသော ပတ်ဝန်းကျင်ကိုသာ ရှာဖွေလေ့ရှိကြသည်။ အကယ်၍ သားလောင်းများနေထိုင်ရာ အစာကန် (အညစ်အကြေးကန်)သည် နေရောင်ခြည် တိုက်ရိုက်ထိတွေ့ ပါက ၎င်းတို့သည် အစာများအတွင်းသို့ နက်နက်ရှိုင်းရှိုင်းတိုးဝင်ကာ အလင်းရောင်ကို ရှောင်ရှားကြမည်ဖြစ်သည်။ 
  • အစာတွင်ရေပါဝင်မှု - သားလောင်းများအတွက် အစာကန်သည် စိုစွတ်နေရန် လိုအပ်သည်။ ရေပါဝင်မှု ၆၀% နှင့် ၉၀% အကြားရှိရန် လိုအပ်သည်။ သို့မှသာ သားလောင်းများက အစာကို စားသောက်နိုင်မည် ဖြစ်သည်။ 
  • အစာတွင် အာဟာရဓာတ်ပါဝင်မှု - အသားဓာတ်ကြွယ်ဝသော အစာနှင့် အလွယ်တကူရယူနိုင်သည့် ကာဗိုဟိုက်ဒြိတ်များ ပါဝင်ပါက သားလောင်းများ၏ ကြီးထွားနှုန်းကို ကောင်းမွန်စေသည်။ ဆောင်ရွက်ဆဲ သုတေသနများမှ အချက်အလက်များအရ အညစ်အကြေးများသည် ဗက်တီးရီးယားနှင့် မှိုများကြောင့် ဆွေးမြည့်သည့် ဖြစ်စဉ် (decomposition) ဖြစ်ပေါ်နေမည်ဆိုပါက ယင်းတို့ကို သားလောင်းများ စားသုံးရန် ပိုမိုလွယ်ကူသည်ကို တွေ့ရသည်။ 
  • အစာအရွယ်အစား - သားလောင်းများတွင် အစာများကို ကိုက်ဖျက်စားသုံးနိုင်သည့် ပါးစပ်ပိုင်း မပါရှိပါ။ ထို့ကြောင့် အစာများကို အလွန်သေးငယ်သည့် အစိတ်အပိုင်းများအဖြစ်ဖြင့်လည်းကောင်း၊ အရည်အဖြစ်ဖြင့်လည်းကောင်း သို့မဟုတ် ခပ်ပျော့ပျော့နယ်ဖတ်ထားသည့်ပုံစံ (paste) အဖြစ်ဖြင့်လည်းကောင်း ဖြည့်ဆည်းပေးပါက သားလောင်းများက အာဟာရဓာတ်များကို ပိုမိုရယူစားသုံးနိုင်မည် ဖြစ်သည်။ 

သက်ကြီးယင်ကောင်များအတွက် သတိပြုရမည့် အချက်များ

  • ယင်ကောင်ဘဝဖြင့် သက်တမ်းတစ်ပတ်ခန့်သာ ဆက်လက်၍ ရှင်သန်ကြသည်။ ထိုသို့ ရှင်သန်နိုင်သည့် ကာလတိုအတွင်းမှာပင် အဖော်ရှာခြင်း၊ မိတ်လိုက်ခြင်းနှင့် အမများ ဥ အုချခြင်းများကို ဆောင်ရွက်သည်။ 
  • ယင်ကောင် ဘဝတွင် BSF များသည် အစားစားခြင်း၊ ရေသောက်ခြင်း မရှိပါ။ 
  • ခန္ဓာကိုယ်အတွက် လိုအပ်သည့်ရေကို ရရှိရန် ပတ်ဝန်းကျင်တွင် စိုထိုင်းသောမျက်နှာပြင်များရှိရန်သာ လိုအပ်ပါသည်။ 
  • သဘာဝအလင်းရောင်းများစွာရရှိရန်နှင့် နွေးထွေးသောအပူချိန် (၂၅-၃၂ ဒီဂရီ စင်တီဂရိတ်) ရရှိရန် လိုအပ်ပါသည်။ 
  • စိုဆိုင်းဆများသော ပတ်ဝန်းကျင်အခြေအနေရှိပါက ယင်ကောင်၏ သက်တမ်းကို ပိုမို၍ ရှည်လျားစေနိုင်ပြီး မျိုးပွားနှုန်းကို ပိုမိုကောင်းမွန်စေပါသည်။ 
  • BSF ယင်ကောင်များသည် နံနက်ခင်းအလင်းရောင်တွင် မိတ်လိုက်ခြင်းကို ပိုမိုနှစ်သက်ကြောင်း တွေ့ရှိရသည်။

BSF သားဖောက်စခန်းတည်ထောင်ရာတွင် ထည့်သွင်းစဉ်းစားရမည့်အချက်များ

  • ဇီဝအညစ်အကြေးများကို နေ့စဉ်နှင့်အမျှ ပြုပြင်ပြောင်းလဲနိုင်ရန်အတွက် BSF များ၏ ဘဝစက်ဝန်းကို လူက လုံးဝထိန်းချုပ်ထားနိုင်ရန် လိုအပ်သည်။ 
  • ယင်းသို့ ထိန်းချုပ်နိုင်ရန် မိမိတွင်ရှိနေသည့် ပတ်ဝန်းကျင်ဖြင့်ပင် ဖြစ်သလို မွေးမြူ၍ မရနိုင်ပေ။ မိမိ မွေးမြူထားသည့် BSF ယင်ကောင်များအတွက် သီးခြား ပတ်ဝန်းကျင် (biosystem) တစ်ခုကို ဒီဇိုင်းထုတ်ဖန်တီးထားရန် လိုအပ်သည်။
  • မွေးမြူထားသော BSF ယင်ကောင်များအတွက် သဘာဝနှင့် ခြားနားမှုမရှိသော ဇီဝပတ်ဝန်းကျင်ကို ဖန်တီးထားနိုင်ရန်နှင့် တပြိုင်နက်တည်းတွင် အညစ်အကြေးများကို အဆက်မပြတ် ပြုပြင်ပြောင်းလဲကာ သားလောင်းများအဖြစ် ထုတ်လုပ်ပေးနိုင်ရန်အတွက် BSF စခန်းနေရာ ရွေးချယ်ရာတွင် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားသင့်သည်။
  • အညစ်အကြေးအသစ်များ (fresh waste) ကို ကုန်ကျစရိတ်နည်းနည်းဖြင့် လုံလုံလောက်လောက် ရရှိနိုင်ရမည်။ ပုံမှန်ပမာဏ မည်မျှရရှိနိုင်မည်ကို ကြိုတင်ခန့်မှန်းထားနိုင်ရန် လိုအပ်ပါသည်။
  • အညစ်အကြေးများ BSF စခန်းသို့ သယ်ယူလာရန်နှင့် BSF စခန်းတွင် ပြင်ဆင်ထုတ်လုပ်ပြီးသော အနည်အနှစ်များကို သယ်ယူသွားရန်လမ်းကြောင်းသည် ကောင်းစွာ ပြင်ဆင်ထိန်းသိမ်းထားပြီး တစ်နှစ်ပတ်လုံး အသုံးပြုနိုင်ရပါမည်။ 
  • လူနေထူထပ်သော နေရာများတွင် BSF စခန်းကို မထားရှိသင့်ပါ။ BSF စခန်းနှင့် မျက်နှာချင်းဆိုင်နှင့် ကပ်လျက်ရှိသော အိမ်နီးချင်းများက BSF စခန်း ထားရှိရန်မသင့်လျော်ဟု ယူဆပါကလည်း ထိုနေရာမျိုးကို ရှောင်ရှားသင့်သည်။ 
  • ရေနှင့် လျှပ်စစ် လုံလောက်စွာ ရရှိရန် လိုအပ်သည့်အပြင် စွန့်ပစ်ရေဆိုး စီမံခန့်ခွဲမှု နည်းလမ်းတစ်ခုခုကို အသုံးပြုနိုင်မည့် နေရာလည်း ဖြစ်ရမည်။ 
  • BSF စခန်းကို ပတ်ဝန်းကျင်နှင့် ခွဲခြားပေးမည့် ကြားခံနေရာ (buffer) လုံလောက်စွာ ထားရှိပေးရမည်။ (ဥပမာ BSF စခန်းနှင့် အခြားနေရာများ၊ အဆောက်အဦးများအကြားတွင် သစ်ပင်များစိုက်ပျိုးထားခြင်း၊ မြေကွက်လပ်ထားရှိခြင်း၊ ခြံစည်းရိုးခတ်ထားခြင်း စသည်ဖြင့် ဖြစ်သည်။)
  • BSF စခန်းကို ပတ်ဝန်းကျင်ရှိ လူနေရပ်ကွက်များနှင့် လေလမ်းကြောင်း ဆန့်ကျင်ဘက်အရပ်တွင် ထားရှိသင့်သည်။ 
  • သားလောင်းထုတ်လုပ်သည့်နေရာ (nursery) အတွက် မြေအကျယ်အဝန်း ၁ ယူနစ် နှင့် နေ့စဉ်ထပ်မံ ဝင်ရောက်လာမည့် အညစ်အကြေးအသစ်များအတွက် မြေအကျယ်အဝန်း ၂ ယူနစ်အဖြစ် အခြေခံသတ်မှတ်၍ မိမိ၏ BSF စခန်း အရွယ်အစားကို တွက်ချက်ယူရမည်။ 
  • ယင်ကောင်မွေးမြူသည့်နေရာသည် လေဝင်လေထွက်ကောင်းပြီး အပိတ် (closed) ဖြစ်နေရမည်။ သို့ရာတွင် မျိုးပွားခန်း (love cages) များသည် နေရောင်ခြည်ရရှိရန် လိုအပ်သည်။ 
  • သားလောင်းများဖြင့် အညစ်အကြေးအား ပြုပြင်ပြောင်းလဲထုတ်လုပ်သည့် အခန်းများသည် နေရောင်ခြည် တိုက်ရိုက်ထိတွေ့ခြင်းမရှိအောင် အရိပ်ပေးကာရံထားရမည်။ 
  • ရုံးခန်းနှင့် ဓာတ်ခွဲခန်းအတွက် နေရာသတ်မှတ်ထားရမည်။ 
  • အိမ်သာနှင့် သန့်ရှင်းရေးပြုလုပ်ရန် နေရာထားရှိရမည်။

အထက်ပါအချက်အလက်များကို ပြည့်စုံစွာစဉ်းစားပြီး လိုအပ်ချက်များကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးခြင်းဖြင့် BSF သားဖောက်စခန်း၏လုပ်ငန်းများ ပိုမိုတွင်ကျယ်ကာ ထုတ်လုပ်မှုကောင်းမွန်သည့် စခန်းတစ်ခု ဖြစ်လာနိုင်ပါသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်