အပင်များအတွက် ဖော့စဖိတ်ဓာတ်ရနိုင်မည့် သဘာဝရင်းမြစ်လေးမျိုး (၂)

21/07/2023 13:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

အပိုင်း(၁) မှာတုန်းကတော့ အပင်တွေအတွက် သဘာဝကနေ ရရှိနိုင်တဲ့ ဖော့စဖရပ်စ်ရင်းမြစ်နှစ်ခုဖြစ်တဲ့ လင်းနို့ချေးနဲ့ တီကျစ်စာ(တီမြေဆွေး) တွေရဲ့ အသုံးဝင်ပုံတွေကို ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

အောက်ပါလင့်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

https://greenwaymyanmar.com/posts/Natural_phosphorus_sources_1

အခုအပိုင်း(၂) မှာတော့ နောက်ထပ်နှစ်မျိုးကို ဆက်လက်ဖော်ပြပေးသွားပါမယ်။

ကြက်ချေး 

ကြက်ချေးမှာ ဖော့စဖောရပ်စ်အပါအဝင် အခြား‌သော အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေတာ ဖြစ်ပါတယ်။ ကောင်းစွာဆွေးမြည့်နေတဲ့ ကြက်ချေးမှာ အနည်းလို၊ အများလို အာဟာရဓာတ်တွေကို ဖြည်းဖြည်းချင်းထုတ်ပေးနိုင်တဲ့ စွမ်းရည်ရှိပြီး မြေဆီလွှာရဲ့ အရည်အသွေးကို မြှင့်တင်ပေးနိုင်ပါတယ်။

မြေဆီလွှာမှာ ကြက်ချေးကဲ့သို့ အော်ဂဲနစ်ဒြပ်စင်တွေကို ပေါင်းထည့်ပေးခြင်းဟာ မြေဆီလွှာရဲ့ ရေထိန်းစွမ်းအားကို မြှင့်တင်ပေးနိုင်ပြီး လေဝင်လေထွက်ကောင်းစေကာ ရေစိမ့်ဝင်နိုင်မှုကိုလည်း တိုးတက်စေမှာ ဖြစ်ပါတယ်။ ထို့အပြင် မြေဆီလွှာ တိုက်စားခံရမှုများကိုလည်း လျော့နည်းစေနိုင်ပြီး ဓာတ်မြေသြဇာများ ယိုစိမ့်မှုကိုလည်း ကာကွယ်ပေးနိုင်တာကြောင့် များစွာအကျိုးရှိတဲ့ သဘာဝပစ္စည်းဖြစ်ပါတယ်။ 

ကြက်ချေး အသုံးပြုခြင်းဖြင့် မြေဆီလွှာထဲမှာရှိနေတဲ့ ဘက်တီးရီးယားတွေအတွက် အစာအရင်းအမြစ်ကို ထောက်ပံ့ပေးနိုင်ပြီး မြေဆီလွှာဆိုင်ရာ ဇီဝသက်ရှိမျိုးစုံကို ပိုမိုများပြားလာစေနိုင်ပါတယ်။ ဒါ့အပြင် အော်ဂဲနစ်ဒြပ်စင်များကိုလည်း အပင်များကနေ ပိုမိုလွယ်ကူစွာ ရယူနိုင်ဖို့ လျင်မြန်စွာ ပြိုကွဲပေးနိုင်တာလည်း ဖြစ်ပါတယ်။ 

ကြက်ချေးကို မြေဆွေးပြုလုပ်ရာမှာ ထည့်သွင်းအသုံးပြုခြင်းဟာ ကောင်းမွန်တဲ့နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ကြက်ချေးကို အသုံးပြုရာမှာ အစိုထက် ခြောက်သွေ့တဲ့ကြက်ချေးကို အသုံးပြုသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လတ်ဆတ်တဲ့ ကြက်ချေးအစိုဟာ အနံ့အသက်ပြင်းပြီး E. coli သို့မဟုတ် Salmonella ကဲ့သို့ အန္တရာယ်ရှိတဲ့ ရောဂါပိုးတွေ ပါဝင်နိုင်တာကြောင့် ဖြစ်ပါတယ်။ ထို့ပြင် ကြက်ချေးအစိုမှာ အမိုးနီးယားပါဝင်မှု မြင့်မားပါက အပင်များကို လောင်ကျွမ်းစေနိုင်တဲ့အတွက် ဖြစ်ပါတယ်။ 

ငါးအကြွင်းအကျန်များ 

ငါးဟာ ဖော့စဖောရပ်စ်၊ နိုက်ထရိုဂျင်နဲ့ အခြားသော သတ္တုဓာတ်တွေ ပါဝင်နေတဲ့ အကောင်းဆုံး သဘာဝအရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။ ငါးရဲ့ အကြွင်းအကျန်တွေကို အသုံးပြုပြီးတော့ ကိုယ်ပိုင်မြေဩဇာ ပြုလုပ်လို့ရပါတယ်။

ဒါ့ကြောင့် တချို့တောင်သူတွေဆိုရင် ငါးတွေဆေးကြောပြီးလို့ ကျန်ရှိတဲ့ အရည်တွေကို လွှင့်မပစ်ဘဲ အပင်ခြေမှာ လောင်းပေးကြတာ ဖြစ်ပါတယ်။ တချို့ကျတော့ ငါးရဲ့ ကလီစာ အကြွင်းအကျန်တွေကို အပင်ခြေအနီးဝန်းကျင်မှာရှိတဲ့ မြေကြီးထဲ ထည့်မြှုပ်ကြတာမျိုးလည်း ရှိပါတယ်။ 

ငါးအမိုင်နို အက်စစ်ဖျော်ရည်ဆိုတာကိုလည်း တောင်သူတွေ ကြားဖူး အသုံးပြုဖူးကြမယ်ထင်ပါတယ်။ ပြုလုပ်တဲ့နည်းလမ်းကတော့ ငါး နဲ့ ထန်းလျက်ရည် (တင်လဲရည်) တို့ကို ဆတူ ရောစပ်ပြီး ပြုလုပ်ရတာ ဖြစ်ပါတယ်။

  • ပထမဆုံး ထန်းလျက် ၁ ပိဿာကို ရေ ၁ လီတာနဲ့ ကျိုပြီး အအေးခံထားရပါမယ်။ အသုံးပြုမယ့် ငါးဟာ အရွယ်အစားကြီးတယ်ဆိုရင် ခုတ်ထစ်ပြီးမှ အသုံးပြုသင့်ပါတယ်။
  • ငါး ၁ ပိဿာကို မြေအိုး (သို့မဟုတ်) ကော်ပုံးထဲ ထည့်ရပါမယ်။ ၎င်း ငါးထည့်ထားတဲ့အပေါ်ကနေမှ ကျိုထားတဲ့ ထန်းလျက်ရည်ကို လောင်းထည့်ပေးရပါမယ်။ အိုး (သို့မဟုတ်) ပုံးရဲ့ ၃ ပုံ ၂ ပုံခန့်ထိသာ ထည့်ရမှာ ဖြစ်ပြီး ကျန် ၁ ပုံခန့်ကို အလွတ်ထားပေးရမှာ ဖြစ်ပါတယ်။
  • ထန်းလျက်ရည်ထည့်ပြီးပါက တုတ်ချောင်း (သို့မဟုတ်) သစ်သားယောင်းမဖြင့် နှံ့စပ်အောင်မွှေပေးရမှာ ဖြစ်ပါတယ်။ ၎င်းအိုးကို လေလုံအောင်ပြုလုပ်ပြီး နေရောင်တိုက်ရိုက် မထိတွေ့နိုင်တဲ့ အေးမြခြောက်သွေ့တဲ့နေရာမှာ ထားရမှာ ဖြစ်ပါတယ်။
  • ပြီးပါက ၂ ပတ်ခန့်ထားပြီးနောက်မှာ ၃ ရက်လျှင် ၁ ကြိမ်ခန့် မွှေပေးပြီး လေလုံအောင် ပြန်ပိတ်ထားရမှာ ဖြစ်ပါတယ်။
  • စတင်လုပ်တဲ့အချိန်ကနေ စုစုပေါင်း ရက် ၃၀ ပြည့်တဲ့အခါမှာ ငါးရဲ့ အသားနဲ့ အရိုးများပါ ဆွေးမြည့်နေမှာ ဖြစ်ပါတယ်။ တခါတရံမှာတော့ မိမိအသုံးပြုလိုက်တဲ့ ငါးအမျိုးအစားနဲ့ အစိတ်အပိုင်းတွေပေါ်မူတည်ပြီး ၄၅ - ၉၀ ရက် အထိ ကြာတတ်ပါတယ်။
  • ဖျော်ရည်ရဲ့ အနံ့အသက်ဟာ ထန်းလျက်နံ့သင်းတဲ့ အနံ့ ရှိနေရမှာ ဖြစ်ပါတယ်။ အကယ်လို့ ထန်းလျက်ရည်ကျဲပြီး နည်းတဲ့အခါမျိုးမှာ ဖျော်ရည်ဟာ အပုပ်နံ့ ထွက်တတ်တာကြောင့် အဲ့ဒီလို အခြေအနေမှာဆိုရင်တော့ အသုံးမပြုသင့်ပါဘူး။

ငါးအမိုင်နို အက်စစ်ဖျော်ရည်ကို ရာသီပေါ် သီးနှံစိုက်ခင်းတွေနဲ့ ပန်းပင်တွေမှာ အသုံးပြုမယ်ဆိုရင် ရေ ၄ ဂါလံမှာ ၂၀ - ၄၀ စီစီ အသုံးပြုနိုင်ပါတယ်။ နှစ်ရှည်ပင်တွေမှာဆိုရင်တော့ ရေ ၄ ဂါလံကို ဖျော်ရည် ၆၀ စီစီ ရောစပ်နိုင်ပါတယ်။ ဖျော်ရည် များများထည့်မိရင် အပင်လောင်နိုင်တာကြောင့် ပမာဏအနည်းငယ်ပဲ အသုံးပြုသင့်ပါတယ်။ ဖျော်ရည်ကို ၁ ပတ်လျှင် ၁ ကြိမ် (သို့မဟုတ်) ၁၀ ရက်လျှင် ၁ ကြိမ်ခန့် အသုံးပြုနိုင်ပါတယ်။ 

ဇင်ထူးနိုင် 

 

Ref: https://gardengeo.com/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်